ရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ အကြီးစား စီမံကိန်းကြီးတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက် တွေကို မျက်ကွယ်ပြုမယ်ဆိုရင် စီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့ သဘောထား ကြေညာချက်တခု ဒီနေ့ပဲ ထွက်ပေါ်လာပါတယ်။
ရွှေသဘာဝ ဓာတ်ငွေ့စက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စတဲ့ စီမံကိန်းကြီးတွေကြောင့် ဒေသခံ တွေက သူတို့ရဲ့ အိုးအိမ်တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သဘောထား ထုတ်ပြန်ချက်ကို ကျောက်ဖြူမြို့ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ Kyaukphyu Social Network Group၊ Sky Youth Organization၊ Maday Island Development organization နဲ့ ဒေသခံကျေးရွာ ၁၇ ရွာက လိုအပ်ချက်၊ တောင်းဆိုချက် တွေကို စုပေါင်း ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် ဒီစီမံကိန်းတွေကို လုပ်ဆောင်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE)၊ ကိုရီးယားနိုင်ငံမှ ဒေဝူး ကုမ္ပဏီနဲ့ တရုတ်နိုင်ငံမှ CNPC တို့ကို အသိပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လနဲ့ချီပြီး ဒေသခံတွေနဲ့ လိုက်တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး ခုလို ထုတ်ပြန် လိုက်တာ၊ ဒီတောင်းဆိုချက်တွေ အကောင်အထည် ဖော်မပေးရင်တော့ ဒီစီမံကိန်းတွေကို ဆိုင်းငံ့ဖို့ ကျနော်တို့အနေနဲ့ ဆက်ပြီး တောင်းဆိုမှုတွေ လုပ်ရပါလိမ့်မယ်”လို့ Kyaukphyu Social Network Group တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုထွန်းလွင် က ဧရာဝတီ ကို ပြောပြပါတယ်။
ဒီစီမံကိန်းကြီး ၃ ခု စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက အဓမ္မသိမ်းယူခဲ့တဲ့ ဒေသခံတွေရဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး နိုင်ငံ တကာ စံနှုန်းအတိုင်း လျော်ကြေး အပြည့်အဝ ပေးချေဖို့လည်း တောင်းဆိုထားပါတယ်။
အသိမ်းခံ လယ်မြေတွေထဲမှာ လျော်ကြေးလုံးဝ မရတဲ့လယ်ယာမြေတွေ၊ လျော်ကြေး အပြည့် အဝမရသေးတဲ့ လယ်မြေတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီစီမံကိန်းတွေကြောင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတဲ့ ဒေသခံတွေအတွက် အသက်မွေးဝမ်းကျောင်း အလုပ် အကိုင် တွေ ဖန်တီးပေးဖို့နဲ့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့ စတာတွေလည်း တောင်းဆိုချက်ထဲမှာ ပါဝင်တာကို တွေ့ရပါတယ်။
“ရေနံတင်ဆိပ်ကမ်း ဆောက်တဲ့နေရာမှာဆိုရင် ကျောက်တွေကို မိုင်းခွဲပြီး ရှင်းလင်းရေး လုပ်တယ်၊ ဒီဒေသက လူတွေ ၇၀ ရာနှုန်း က တံငါ အလုပ်လုပ်တယ်၊ အဲဒီလို ကျောက်မိုင်းခွဲတာ၊ ကျောက်တွေကို စွန့်ပစ်ပုံတာတွေ လုပ်တော့ ငါးဖမ်း လုပ်ငန်းတွေကို ထိ ခိုက် တယ်၊ နောက်ဆို ရေနံတင်သင်္ဘောတွေက ဝင်ထွက် သွားလာတော့မယ် ဆိုတော့ သူတို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း အတွက် အကျိုးထိခိုက်ပြီ၊ ဒါတွေအတွက် တာဝန်ယူမှုတွေ လိုအပ်ပါတယ်”လို့ ကိုထွန်းလွင် က ပြောပါတယ်။
တကယ်လို့ ရေနံသင်္ဘောတွေ မတော်တဆ ပေါက်ကွဲမှုဖြစ်လာခဲ့ရင် ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင် သန့်ရှင်းရေး လုပ်ငန်း တွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ စတဲ့ ထိခိုက်နစ်နာမှုတွေကို အစိုးရနဲ့ စီမံကိန်း ကုမ္ပဏီတွေက တာဝန်ယူဆောင်ရွက်ပေးမှု ရှိမရှိ ကြိုတင် ရှင်းပြပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုထားပါတယ်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွင်း သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းတွေ ပြုလုပ်ထားခြင်းမရှိရင် စီမံကိန်း ချက်ချင်း ရပ်ဆိုင်းပြီး နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ပြုလုပ်ဖို့၊ ဒေသခံတွေရဲ့ သဘောထားတွေကို ရယူဖို့ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ကြံ့ခိုင်မှုကို နိုင်ငံတကာ စံချိန်စညွှန်းနဲ့ ကိုက်ညီမှု ရှိမရှိစစ်ဆေးဖို့၊ ပိုက်လိုင်း အန္တရာယ်နဲ့ ပတ်သက် ပြီးတော့လည်း လူထုကို အသိပေးဖို့ လိုအပ်ကြောင်းလည်း ထောက်ပြထားပါတယ်။
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ဒီဓာတ်ငွေ့ပိုက်လိုင်းကို ဧပြီလဆန်းပိုင်းက ရေလွှတ်ပြီးစမ်းသပ်ခဲ့ရာမှာ ပိုက်ဖြတ်သန်းရာ လမ်းကြောင်းမှာပါဝင်တဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့မှာ ပိုက်လိုင်းကျိုးပေါက် ပွင့်ထွက်မှုတွေဖြစ်ခဲ့တဲ့ အတွက် စိုးရိမ်မှုတွေဖြစ်ပွားခဲ့ရကြောင်း ဒေသခံတွေက ဧရာဝတီကို ပြောဆိုခဲ့ပါသေးတယ်။
ပိုက်လိုင်း ကျိုးပေါက်မှုဟာ ဒီနှစ်ထဲမှာ ၂ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခင်နှစ်ထဲမှာလည်း ၂ ကြိမ် ကျိုးပေါက်ခဲ့ဖူးပါတယ်။
ရွှေသဘာဝ ဓာတ်ငွေ့စက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စတဲ့ စီမံကိန်းတွေ ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ရပ်ဆိုင်းထားဖို့ ပြည်တွင်း၊ ပြည်ပမှာ အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
ဒေသခံတွေထုတ်ပြန်တဲ့ ဒီနေ့တောင်းဆိုချက်တွေကို အစိုးရနဲ့ စီမံကိန်းကုမ္ပဏီတွေ အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက် မပေးခဲ့ရင်တော့ စီမံကိန်းတွေ လုံးဝ ရပ်ဆိုင်းသွားတဲ့အထိ ဒေသခံရွာသားတွေနဲ့ မြို့ပေါ်က လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ကြမယ်လို့လည်း ဆိုပါတယ်။
ဒီဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်း ဒေသခံ ကျေးရွာတွေက CNPC ကုမ္ပဏီ ကို ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။
သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း က တရုတ်စီမံကိန်းတွေဟာ မြန်မာ့မြေပေါ်မှာ ငွေကြေး အမြောက်အများ သုံးစွဲပြီး ရင်းနှီးမြှုပ်နှံတဲ့ အတွက် နိုင်ငံအတွက် အကျိုးရှိကြောင်း၊ ဒေသခံတွေအနေနဲ့ လယ်ယာ နည်းနည်းပဲ ဆုံးရှုံးရတာ ဖြစ်ကြောင်း၊ တရုတ် ကုမ္ပဏီတွေ အပေါ် ဆန္ဒဖော်ထုတ်မှုတွေဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဒေသခံတွေကို လာရောက်ပြောဆိုသွားတယ်လို့ သိရပါတယ်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်ပြည်နယ်ကတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကနေ တရုတ်နိုင်ငံ ယူနန် ပြည်နယ်မှာ အဆုံးသတ်မယ်လို့ သိရပြီး ဒီစီမံကိန်းကို အရင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့က ၂၀၀၉ ခုနှစ်မှာ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ထွက်ရှိလာတဲ့ သဘာဝ ဓာတ်ငွေ့တွေကို မြန်မာအစိုးရကနေ တရုတ်အစိုးရကို ၂၀၁၃ ခုနှစ်က စပြီး အနှစ် ၃၀ ရောင်းချမှာဖြစ်ပြီး ခန့်မှန်းခြေ အားဖြင့် အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။