သတင်း

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ နယ်ကျော် ဝင်ရောက်လာသူ ၁၄ ဦးကို တရားစွဲမည်

This article has been converted from Zawgyi One to Unicode

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မင်္ဂလာဒုံ မြို့နယ်တွင် ဖမ်းမိခဲ့သည့် တရားမဝင် နယ်ကျော် ဝင်ရောက်လာသူ ၁၄ ဦးထဲတွင် အသက်မပြည့်သူ တဦး ပါဝင်သော်လည်း အားလုံးကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း မင်္ဂလာဒုံရဲစခန်းမှ သိရှိရသည်။

ဖမ်းဆီး ခံရသောသူများထဲမှ ၃ ဦးကို အင်းစိန်ဆေးရုံ၌ အသက် စစ်ဆေးရာတွင် တဦးမှာ အသက် ၁၃ နှစ်သာရှိသေးပြီး ထို အသက်မပြည့်သေးသော ဂျာကရာမက် (ခ) ခင်မောင်စိုးအား ကလေးသူငယ် တရားရုံးတွင် နယ်ကျော်မှုဖြင့် တရားစွဲဆို သွားမည်ဟု မင်္ဂလာဒုံရဲစခန်းမှ ဒုရဲအုပ် ကျော်မင်းစိုးက ပြောသည်။

“အင်းစိန်ဆေးရုံက အသက်စစ်ဆေးချက် ဆေးစာလည်း ရနေပါပြီ။ တရားစွဲဖို့ တင်ထားပါတယ်။ နေ့တော့ အတိအကျ မသိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

အင်းစိန်ဆေးရုံမှ ဆေးစာကို ဧပြီလ ၃၀ ရက်နေ့တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့တွင်ပင် တရားစွဲဆိုရန်အတွက် တရားရုံးသို့ တင်ထားခြင်း ဖြစ်သည်။

ဖမ်းဆီး ခံရသူများ၏ ထွက်ဆိုချက်အရ ရန်ကုန်မြို့တွင် အလုပ်လုပ်ရန် ကျောက်တော်မြို့နယ် အပေါက်၀ ကျေးရွာနေ ဘူရှင်ညာ ဆိုသူက လူစုပေးခြင်းဖြစ်ကြောင်း၊ တယောက်လျှင် ပွဲစားခ ကျပ် ၅ သိန်းပေးရကြောင်း သိရှိရသည်။

ဧပြီ ၂၇ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် သစ်စိမ့်ကုန်းရပ်ကွက် မလိခလမ်းပေါ်ရှိ လူမနေသောခြံအတွင်း နေထိုင်နေသော တရားမဝင် ရောက်ရှိနေသည့် ကျောက်တော်မြို့နယ်မှ ရန်ကုန်သို့ နယ်ကျော် ရောက်ရှိနေသည့် မှတ်ပုံတင်မရှိသူ ၁၄ ဦးကို တွေ့ရှိရသဖြင့် လူဝင်မှု ကြီးကြပ်ရေးသို့ ပို့ဆောင် စစ်ဆေးခဲ့ပြီး ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ – ၆ (၂)(၃) အရ လူဝင်မှု ကြီးကြပ်ရေးမှ တရားလို ပြုလုပ် တရားစွဲဆိုသွားမည် ဖြစ်သည်။

ထိုသူများကို ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်မှ ရန်ကုန်မြို့သို့ တရားမဝင် ပို့ဆောင်ပေးခဲ့သည် ဆိုသော ရေနံချောင်း မြို့နယ်တွင် နေထိုင်သူ သွင်ဇာအောင် (၃၂) နှစ်နှင့် အပေါင်းအပါ ၉ ဦးကိုလည်း လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြန်မာနိင်ငံအတွင်းရှိ တခြား ဒေသ တရပ်ရပ်သို့ မှတ်ပုံတင်မရှိသူ များအား သွားလာခွင့် ပိတ်ပင်ထားပြီး ရခိုင်ပြည်နယ် ပြင်ပသို့ တရားမဝင် သွားရောက်သူများကို နေရပ်ပြန်လည် ပို့ဆောင်ခြင်း၊ နယ်ကျော်မှုဖြင့် ဖမ်းဆီး အရေးယူခြင်းများ ပြုလုပ်လေ့ရှိသည်။

Loading