အမေရိကန်အစိုးရက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်လှည့်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံပေါ်တွင် ချမှတ်ထားသည့် ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့မှုကို ကြာသပတေးနေ့တွင် သက်တမ်း တနှစ် ထပ်တိုးလိုက်သည်။
သို့သော်လည်း အာဏာရှင်အုပ်ချုပ်ရေးမှ ပြောင်းလဲလာမှုကို အသိအမှတ်ပြုသည့် အားဖြင့် ယခင် စစ်အစိုးရ ခေါင်းဆောင်များအပေါ်တွင် ဗီဇာကန့်သတ်ထားခြင်းများထဲမှ အချို့ကို ဖြေလျှော့ပေးလိုက်သည်။
ယခု လုပ်ဆောင်ချက်များသည် မြန်မာ သမ္မတဦးသိန်းစိန် ယခုလအတွင်း အိမ်ဖြူတော်သို့ အလည်အပတ် ရောက်ရှိလာရန်ရှိသည့်အတွက် မျှော်လင့်ချက်ထားကာ လုပ်ဆောင်ခဲ့သည့် အခင်းအကျင်းများလည်း ဖြစ်သည်ဟု အမေရိကန် အောက်လွှတ်တော် ဝန်ထမ်းများနှင့် အစိုးရ အရာရှိတဦးက AP သတင်းဌာနသို့ ပြောပြသည်။ ဦးသိန်းစိန် အိမ်ဖြူတော်သို့ ရောက်လျှင် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး မြန်မာအစိုးရ အကြီးအကဲဖြစ်မည်။ အမေရိကန်သမ္မတ အိုဘားမားသည်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မူဆလင်များကြား ပဋိပက္ခမှစ ပြီးခဲ့သောလများ အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ကူးစက်ပျံ့နှံ့ခဲ့ကာ ရာနှင့်ချီသော လူများသေဆုံးခဲ့ဲပြီး လူ တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းသည် အမေရိကန်အစိုးရဖက်မှ ထုတ်ပြန်ကြေညာရန် ရှိနေသည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွက် အငြင်းပွားဖွယ်ရာများ၊ အနှောင့်အယှက်များ အဖြစ် ရှိပုံရသည်။
မြန်မာနိုင်ငံမှ ဦးသိန်းစိန်ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးသမားများကို ထောက်ခံအားဖြည့်ပေးခြင်းအတွက် အမေရိကန် အစိုးရအပေါ် အောက်လွှတ်တော်မှ ပါတီနှစ်ရပ်လုံးက ထောက်ခံပေးကြသော်လည်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် မြန်မာအစိုးရ၏ ကာကွယ်ပေးနိုင်မှု အားနည်းခြင်းနှင့် လူ့အခွင့်အရေး အခြေအနေများကြောင့် ပိတ်ဆို့ကန့်သတ်မှုများ အလျှင်အမြန် ဖယ်ရှားရေး နှောင့်နှေးပုံရသည်။
တချိန်တည်းတွင် အမေရိကန်သမ္မတနှင့် အောက်လွှတ်တော်ကဖွဲ့စည်းပေးခဲ့သော ပါတီနှစ်ရပ်လုံးပါဝင်သည့် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်၏ နှစ်ချုပ်အစီရင်ခံစာတွင် မြန်မာအစိုးရသည် မူဆလင်များအပေါ်တွင် ဖိနှိပ်မှုနှင့် ခွဲခြား ဆက်ဆံမှုများပြုလုပ်နေဆဲဖြစ်သည်ဟု ဖေါ်ပြသည်။
နှစ်ငါးဆယ်ခန့်ကြာသည့် စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီးနောက် ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် မြန်မာအစိုးရ၏ ပွင့်လင်းသော ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ထောင်နိုင်ရန် အားထုတ်မှုများသည် အသိအမှတ်ပြုဖွယ် ဖြစ်သော်လည်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုကို ပြသရန် လိုကြောင်း ကော်မရှင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ခန့်မှန်းခြေ လူ ၁၉၂ဦး သေဆုံးခဲ့သည်ဟု မြန်မာအစိုးရက ခန့်မှန်းထုတ်ပြန် ခဲ့သည့်အပေါ်တွင်လည်း ကော်မရှင်က မေးခွန်းထုတ်ခဲ့သည်။ သေဆုံးသူ အရေအတွက်သည် အစိုးရ ကြေညာသည့် ပမာဏ၏ ၅ ဆမျှဖြစ်ဖွယ်ရှိသည်ဟု ကော်မရှင်က ဆိုသည်။
သမ္မတ အိုဘားမားက သူ၏ လုပ်ပိုင်ခွင့်ကိုအသုံးချ၍ မြန်မာနိုင်ငံပေါ်တွင် ချမှတ်ထားသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ထားမှုများကို ယမန်နှစ်က ဆိုင်းငံ့ပေးလိုက်သည်။ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် အတိုက်အခ ံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရွေးကောက်ပွဲ ဝင်နိုင်အောင် ဖြေလျော့မှုတွေ လုပ်ပေးခဲ့ခြင်းအတွက် ထိုသို့ ဆိုင်းငံ့ပေးလိုက်ခြင်းဖြစ်သည်။
နောက်ဆက်တွဲ တိုးတက်မှုအနေဖြင့် အမေရိကန်အစိုးရက ယခုအခါ ယခင်စစ်အစိုးရ အဖွဲ့ဝင်များ၊ ၎င်းတို့၏ စီးပွားဘက်များနှင့် ဆွေမျိုးအရင်းအချာများ အပေါ်တွင် ၁၉၉၆ ခုနှစ်ကထဲက ချမှတ်ထားသည့် ပြည်ဝင်ခွင့်ဗီဇာ တားမြစ်ခြင်းကို မလိုအပ်တော့ဟု ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။
သို့သော်လည်း အဆိုပါပုဂ္ဂိုလ်များသည် ဗီဇာ အလိုအလျောက် ရရှိမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း အမေရိကန်သို့ လာရောက်မည့် မည်သည့် မြန်မာနိုင်ငံသားမဆို ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားရမည်ဖြစ်ပြီး ယခင်က ပိတ်ပင်ခံထားရသူများသည်လည်း စေ့စပ်စွာ စစ်ဆေးခြင်းကို ခံရမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
တချိန်ထဲမှာပင် သမ္မတအိုဘားမားကလည်း အမျိုးသားအရေးပေါ်ဥပဒေ (National Emergencies Act) ကို နောက်ထပ် တနှစ် ထပ်တိုးလိုက်သည်။ အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ထားသည့် ထိုဥပဒေကို ယခင်စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖိနှိပ်ကန့်သတ်ခြင်းကို တုန့်ပြန်အရေးယူသည့်အနေဖြင့် ၁၉၉၇ ခုနှစ်က စတင်ပြဌာန်းခဲ့သည်။
သမ္မတ အိုဘားမားက အောက်လွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာတွင် “နိုင်ငံရေးပွင့်လင်းမှုဟာ အခုမှ အခြေတည်ခါစပဲ ရှိပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးသလို ပဋိပက္ခတွေကလည်း ဖြစ်ပွားနေတုန်းပါပဲ။ လူနည်းစု တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေ ရှိနေပါသေးတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပတ်သက်မှုတွေ ရှိနေဆဲပါပဲ” ဟု ရေးသားခဲ့သည်။