ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်လေးဖောင်တော်ဦး ဘုရားပိုင် ပစ္စည်းများကို ဖျက်ဆီးသည်ဟု စွပ်စွဲခံရသည့် လယ်သာရှည်ရွာမှ ဘုရားဈေးသည်များကို ဂေါပက အဖွဲ့က တရားစွဲဆိုထားကြောင်း သိရသည်။
ဘုရားပိုင် ပစ္စည်းများ ဖျက်ဆီးမှုနှင့် ဆူပူခဲ့မှုများပြုလုပ်ခဲ့သည်ဟု ဆိုကာ ညောင်ရွှေမြို့နယ် တရားရုံးတွင် ပုဒ်မ ၄၄၀ နှင့် ပုဒ်မ ၁၁၄ နှစ်ခုဖြင့် တရားစွဲထားကြောင်း ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ဝင် ဦးမြင့်ငွေက ဧရာဝတီသို့ ပြောသည်။
“ဒီအမှုက မတ် ၂၆ ရက်က စဖြစ်တာပါ။ ဈေးသည်တွေကို ဘုရားပတ်ဝန်းကျင်မှာ မရောင်းဖို့၊ ပြင်ပ ရွှေဆိုင်းတွေကို ဘုရားပေါ် ကပ်ခွင့်မပြုဘူး ဆိုတာ အမြဲတမ်းလိုလို ကြေညာပါတယ်။ သူတို့တွေ အဲဒီလို ရောင်းတဲ့အတွက် ဧည့်သည်တွေကို စိတ် အနှောင့်အယှက် ဖြစ်စေပါတယ်” ဟု ဦးမြင့်ငွေက ဆိုသည်။
ဖြစ်စဉ်မှာ ဖောင်တော်ဦးဘုရားတွင် ကပ်လှူရန် ရွှေဆိုင်းများကို ကန်ထရိုက် ယူထားသူကသာ ရောင်းချရန်နှင့် ပြင်ပ ရွှေဆိုင်း မရောင်းချရန် ဂေါပကအဖွဲ့က ကြေညာထားကြောင်း၊ ပြင်ပမှ ယူဆောင်လာသည့် ရွှေဆိုင်းများ မကပ်ကြရန် နေ့စဉ်နှင့်အမျှ ငါးမိနစ်ခြားတခါခန့် လော်စပီကာနှင့် ဂေါပက အဖွဲ့က အော်လေ့ရှိကြောင်း၊ ထိုကြေညာချက်ကြောင့် ဘုရားဖူးလာ ပရိသတ်နှင့် ပြင်ပ ရွှေဆိုင်း ရောင်းချသူတချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း သိရသည်။
မတ်လ ၂၆ ရက်နေ့ကမူ ဘုရားဖူးတဦးက ပြင်ပရွှေဆိုင်း ရောင်းချသူထံမှ ရွှေဆိုင်းကို ဝယ်ယူကာ ကပ်လှူနေစဉ် ဂေါပက အဖွဲ့က လော်စပီကာနှင့် ဆက်တိုက်အော်သည့် အပြင် ပြင်ပရွှေဆိုင်း ရောင်းချသူကိုလည်း ဘုရားဖူးထံသွား၍ ထိုရွှေဆိုင်း မကပ်ရန် မကြာခဏ သွားရောက်ပြောခိုင်းနေ သဖြင့် ပြင်ပရွှေဆိုင်း ရောင်းချသည့် ဈေးသည်က မကျေမနပ်ဖြစ်ကာ ဂေါပက၏ လော်စပီကာနှင့် ထိုင်ခုံကို ရိုက်ချိုးခဲ့ခြင်းဖြစ်ကြောင်း အမှုရင်ဆိုင်နေရသူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ရှင်းပြသည်။
ရှမ်းပြည်နယ် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က တရားစွဲခံရသည့် လယ်သာရှည် ရွာသားများကို သနားစာနာ မိသည့် အတွက် အာမခံ လုပ်ပေးခဲ့ကြောင်း၊ အမှု ရင်ဆိုင်နေရသည့် ရွာသားများကို ရွှေဆိုင်းမဟုတ်သည့် တခြား ပစ္စည်းများ ရောင်းချခွင့်ရရှိစေရန် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်းနှင့် တခြား လုပ်ငန်းများ လုပ်နိုင်ရန်အတွက် အရင်းအနှီးများ ပံ့ပိုး ကူညီ ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီကလေးတွေက ဆင်းရဲပြီး ကောင်းလုပ် ကောင်းစား လုပ်နေကြတာ။ ပြီးတော့ အရင်က ဘုရားမှာကပ်တဲ့ ရွှေဆိုင်းတွေကို ကန်ထရိုက် မပေးဘူး။ အဲဒီတုန်းကတော့ ဘာပြဿနာမှလည်း မဖြစ်ဘူး။ ကန်ထရိုက်ပေးပြီးတဲ့ နောက် အပြင်က ဝယ်လာတဲ့ ရွှေဆိုင်းကို ဘုရားမှာ ကပ်ခွင့် မပြုဘူးဆိုတဲ့ ကိစ္စကနေ စဖြစ်ကြတာ” ဟု ဦးစိုင်းထွန်းရင်က ဆိုသည်။
ဦးစိုင်းထွန်းရင်က အမှုရင်ဆိုင်နေရသူများကို ဘုရားတွင် ပြင်ပရွှေဆိုင်းများ မရောင်းစေရပါဆိုသည့် အာမခံချက်ဖြင့် လွတ်မြောက်ရန် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။
တရားစွဲခံရသူများသည် ယခုအချိန်တွင် အာမခံနှင့် လွတ်မြောက်လာပြီးနောက် ဘုရားပတ်ဝန်းကျင်တွင် ထီးများ၊ တံခွန်များ ရောင်းချ၍ အသက်မွေး နေကြောင်း၊ ဘုရားပစ္စည်းများ ဖျက်ဆီးခဲ့သည်အထိ စိတ်မကျေမနပ် ဖြစ်လာရန် ရွှေဆိုင်း ရောင်းချသည့် ကန်ထရိုက်က စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က ဘုရားပတ်ဝန်းကျင်တွင် ရွှေဆိုင်း ရောင်းချခဲ့သော်လည်း မည်သည့် ပြဿနာမှ မရှိခဲ့ကြောင်း၊ ဧည့်သည်များကို ရောင်းချရာတွင်လည်း အေးအေးဆေးဆေး ရောင်းခဲ့ကြခြင်းသာ ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရွှေဆိုင်းမရောင်းပါဆိုသည့် အာမခံချက်ဖြင့် အချုပ်မှ လွတ်မြောက်ခဲ့သဖြင့် တခြားသော ပစ္စည်းများကိုသာ ရောင်းချနေရသော်လည်း ရွှေဆိုင်းက အမြတ်ပိုများသောကြောင့် ရွှေဆိုင်းသာ ရောင်းချင်နေကြကြောင်း တရားစွဲခံရသူများနှင့် ဆွေမျိုးတော်စပ်သည့် ကိုနန္ဒအောင်က ဧရာဝတီကို ပြောသည်။
“ကန်ထရိုက်ပိုင်တဲ့ လော်စပီကာ၊ မိုက်နဲ့ ထိုင်ခုံကို ရိုက်ချိုးခဲ့တာပါ။ ဘုရားပိုင်ပစ္စည်း မဟုတ်ပါဘူး။ ရွှေဆိုင်းကိုလည်း ဟိုအရင် ကတည်းက ရောင်းခဲ့တာ ဘာမှမဖြစ်ခဲ့ဘူး။ ဘုရားဖူးတွေကို ဘုရားမှာ ကပ်ဖို့ရောင်းနေချိန်မှာ ဂေါပကက အချိန်ပြည့် အပြင်က ရောင်းတာတွေ မဝယ်ဖို့၊ ဝယ်ရင် ကပ်လို့မရဘူးဆိုတဲ့အကြောင်း ပြောနေတော့ စိတ်ညစ်လာကြတာ” ဟု ကိုနန္ဒအောင်က ရှင်းပြသည်။
ဘုရား ပတ်ဝန်းကျင်တွင် ရွာသားများ လာရောက် ဈေးရောင်းနေသည်မှာ ဘုရားဖူးများ အတွက် စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ မှန်သော်လည်း ဈေးသည်များဘက်က စည်းကမ်းတကျဖြင့် ရောင်းချမည်ဆိုပါက အဆင်ပြေနိုင်ကြောင်း၊ ဖောင်တော်ဦး ဘုရားသည် အင်းလေးကန်တွင် ခရီးသွား ဧည့်သည် အများဆုံးလာသည့် နေရာတခု ဖြစ်သည့်အတွက် ဈေးသည်များ စနစ်တကျ ရောင်းချနိုင်စေရန် စီစဉ်ပေးရေးနှင့် ရွာသားများကို စွဲဆိုထားသည့် အမှုကို ဖျက်သိမ်းပေးရေး အတွက် ဂေါပကကို တောင်းဆိုပေးသွားမည်ဟု လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က ထပ်မံဆိုသည်။
“သူတို့တွေ ဘယ်လို ဘာပဲ ရောင်းကြရောင်းကြ ဘာမှမဖြစ်ဘူး။ ဖြစ်တာက ကျမတို့ တိုးဂိုက်တွေက ဧည့်သည်တွေကို ဘုရားရင်ပြင်ပေါ် ဖိနပ်ချွတ်ဖို့ ပြောနေတဲ့ အချိန်မှာ ဈေးသည်တွေက ဖိနပ်စီးပြီး ရောင်းတာတွေ့ရတာနဲ့ ဧည့်သည်ကို ဘုရားနောက်ခံ သမိုင်း အကြောင်း ရှင်းပြနေချိန်မှာ လော်စပီကာနဲ့ ပြင်ပ ရွှေဆိုင်းတွေမဝယ်ကြဖို့၊ တရားမဝင်တဲ့ အကြောင်း၊ ဝယ်ရင် ကပ်လို့မရတဲ့ အကြောင်း ပြောနေတာတွေက ဧည့်သည်တွေကို အနှောင့်အယှက် အရမ်းဖြစ်တာ” ဟု ခရီးသွားလမ်းညွှန် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။