မန္တလေးမြို့၌ ဘာသာရေး၊ လူမျိုးရေး ဆူပူမှုဖြစ်စေရန် ကြံစည်မှုဖြင့် ဗုဒ္ဓဘာသာဝင် ၃ ဦးနှင့် အစ္စလမ် ဘာသာဝင် ၁ ဦးတို့ကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။
စွပ်စွဲခံရပြီး တရားစွဲဆိုခြင်း ခံရသူများမှာ အောင်မြေသာဇံမြို့နယ်နေ ကိုရဲဝင်းအောင်၊ ကိုအောင်မျိုးကျော်၊ ကိုဖြိုးကိုဝင်းနှင့် မဟာအောင်မြေ မြို့နယ်နေ ဟာဂျီ ဦးမြင့်ဦး တို့ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခြင်းဖြစ်ကြောင်း သတင်းရသည်။
ယမန်နေ့ ညနေပိုင်းက မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၆ လမ်းများ၌ အဓိကရုဏ်း ဖြစ်ပွားနေသည်ဆိုသည့် ကောလာဟလ သတင်းများ ပျံ့နှံ့ခဲ့ပြီး လူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ လူတချို့က မော်တော်ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် လှည့်လည်အော်ဟစ်ခြင်း၊ နိုင်ငံတော်သီချင်းများကို သီဆိုကာ ချီတက်လာခြင်း တို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များက တားဆီးခဲ့ရသည်။
တရားစွဲဆိုခံရသည့် အစ္စလမ်ဘာသာဝင် ဟာဂျီ ဦးမြင့်ဦးက မိမိအနေဖြင့် ယမန်နေ့ညနေက အခင်းဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင် မရှိကြောင်း၊ မည်သည့်အတွက် တရားစွဲဆိုသည်ကို မသိရှိကြောင်း ပြောသည်။
“အဓိကရုဏ်း ဖြစ်တဲ့နေရာမှာ ကျနော်မရှိပါဘူး။ သိုးခြံကွက်သစ်မှာ ရောက်နေတာ။ မနေ့ညက ၁ နာရီလောက် တိုင်းရဲတပ်ဖွဲ့မှူးက အကူအညီ ပေးပါဆိုပြီးလာ ခေါ်ပါတယ်။ ပြီးတော့ စစ်မေးပြီး အခု တရားရုံးရောက်တာပါ” ဟု မဟာအောင်မြေ မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် ၎င်းက ဧရာဝတီသို့ ပြောသည်။
ယခုအခါ ဟာဂျီ ဦးမြင့်ဦးကို မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် ထိန်းသိမ်းထားပြီး လာမည့် ၉ ရက်နေ့တွင် ထပ်မံ ရုံးထုတ်မည်ဟု သိရသည်။
ချမ်းအေးသာဇံ မြို့နယ် တရားရုံးတွင် ရုံးထုတ်သည့် ၃ ဦးကိုမူ ဆက်သွယ်၍ မရခဲ့ပေ။
မန္တလေးမြို့ခံ သတင်းသမားတဦးက ယမန်နေ့ညက အဖြစ်အပျက်များသည် ကောလာဟလ သတင်းများမှတဆင့် ဆူပူလိုသူများက ဖန်တီးသည်ဟု ထင်မြင်ကြောင်းဆိုသည်။
“မန္တလေးက ငြိမ်နေတော့ ဆူစေချင်တဲ့ ပုံမျိုးတွေ့ရတယ်။ အာဏာပိုင်တွေအနေနဲ့လည်း သတိထား ကိုင်တွယ်နေရပုံရတယ်” ဟု ၎င်းက ဆိုသည်။
ကောလာဟလကြောင့် မွတ်စလင်အများစု နေထိုင်သည့် ၃၅ လမ်းနှင့် ၇၆ လမ်းတဝိုက် လူစုလူဝေး ဖြစ်ပေါ်လာမှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေး အင်အားစုများနှင့် မန္တလေးတိုင်း ရဲတပ်ဖွဲ့ပါ ရောက်ရှိစောင့်ကြပ်ပေးခဲ့ကြောင်း သိရသည်။
“ငယ်ငယ်ကတည်းက အတူတူနေလာတဲ့ ဗုဒ္ဓဘာသာတွေက မစိုးရိမ်ရဘူး၊ သံသယလည်း မဖြစ်ပါဘူး။ အခုဟာ အပြင်ကလူစိမ်းတွေ ဝင်ပါလာမှာကို စိုးရိမ်တာပါ” ဟု မွတ်စလင်တဦးဖြစ်သူ ရွှေကရဝိတ် ဦးမောင်မောင်က ဆိုသည်။
မန္တလေးမြို့သည် သံဃာအားကောင်းသည့် မြို့ဖြစ်သည့်အတွက် ဆရာတော်၊ သံဃာတော်များဖြင့် ပူးတွဲကာ အဓိကရုဏ်း မဖြစ်ပွားရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လူမှုရေး၊ စီးပွားရေး ပြဿနာများကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မကြာခဏဖြစ်ပွားလျက်ရှိရာ မန္တလေးတိုင်း မိတ္ထီလာမြို့ အရေးအခင်းနောက်ပိုင်း ပဲခူးတိုင်း သာယာဝတီနှင့် ပြည်ခရိုင်အတွင်း မြို့များတွင်လည်းကောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့တွင်လည်းကောင်း ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်။