Crime

အကြမ်းဖက်မှု ရဲကိုင်တွယ်မှု ညံဖျင်းဟု ဝေဖန်နေကြ

This article has been converted from Zawgyi One to Unicode

လက်ရှိဖြစ်ပေါ်လျက်သော ဥက္ကံမြို့ အပါအဝင် ပဋိပက္ခဖြစ်စဉ် အကြမ်းဖက်မှုများကို ရဲ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ ညံဖျင်းသည် ဟု လေ့လာစောင့်ကြည့်နေ သူများက ပြောဆိုနေကြသည်။

ဥက္ကံမြို့နယ် ပနီပြင်ကျေးရွာသား ၁၅ ဦးကို အကြမ်းဖက်မှုများဖြစ်ပြီး နောက်တရက် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားခဲ့ရာ ကျေးရွာလုံခြုံရေး ဆောင်ရွက်နေကြသူများဖြစ်ပြီး မီးရှို့မှုနှင့် မပတ်သက်ဟု သိရှိရကြောင်း တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီမှ တိုက်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

“အခုလည်း ရွာတွေဘက်မှာ လိုက်ဖမ်းနေတယ်။ ဝက်ကုန်းဘက်မှာလဲ နှစ်ယောက်ဖမ်းသွားတယ်လို့ ကြားတယ်။ တကယ်လုပ်တဲ့သူတွေက မြို့ပေါ်မှာ ဒူးနန့်ပြီး နေနေတယ်။ အခုလို လိုက်ဖမ်းနေတော့ နေရတာမလုံခြုံသလို ခံစားနေကြရတယ်”ဟု ဦးမြင့်သိန်းက ပြောသည်။

အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပါဝင်သူအချို့မှာ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နီးကပ်လျက်ရှိသောကြောင့် ဖမ်းဆီးစစ်ဆေးခြင်း မခံရသည့်အပြင် ကောလဟလများ ဖန်တီးနေသည်ဟု တစညပါတီဝင် သတင်းစုဆောင်းသူများက တင်ပြလာကြောင်း ဦးမြင့်သိန်းက ပြောသည်။

အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသည်ဆိုကာ ရန်ကုန်မြို့ အင်းစိန်ရဲစခန်း ရွာမအချုပ်တွင် နှစ်ရက်တိတိ ခေါ်ယူစစ်မေးခြင်းခံခဲ့ရကြောင်း၊ ၎င်းအပါအဝင် ၅ ဦး ပြန်လည်လွှတ်မြောက်လာကြောင်း ပနီပြင်ကျေးရွာမှ ဦးခင်မြင့်က ပြောသည်။ ”ဘာသိလဲ၊ ဘာမြင်လဲ၊ ဘာလုပ်ခဲ့သလဲ မေးပါတယ်။ ကိုယ်သိတာ မြင်တာတွေ အားလုံးကို အကုန်ရင်ဖွင့်ခဲ့တယ်။ မနေ့က ကျနော်ကို ဥက္ကံရဲစခန်း ပြန်ပို့ပြီး လွှတ်ပေးလိုက်တာ”ဟု ပြောသည်။

ပနီပြင်ရွာမှ ဖမ်းဆီစစ်ဆေးခံရသူ ၁၅ ဦးမှာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ ညဖက် အိမ်ချိန်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ စာရွက်တရွက် ကိုင်လာပြီး နာမည်မေးကာ လိုက်လံခေါ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးခင်မြင့်က ရှင်းပြသည်။

အကြမ်းဖက်မှု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ဦးခင်မြင့်က ”လူအုပ်စုလိုက်ကြီး ဝင်လာတော့ ကုလားအိမ်မှန်းမသိ။ ဗမာအိမ်မှန်း မသိဖြစ်နေတယ်။ ဒါ ကုလားအိမ်၊ဒါ ဗမာအိမ် ဆိုတာကိုတော့ ကျနော်တို့ လူငယ်တွေထဲက ပြလိုက်မိတယ်။ ဝင်ဖျက်နေတာတော့ တွေ့ပါတယ်။ ကုလားတွေကလည်း သူတို့ရှိတဲ့ဟာနဲ့ ပြန်ပစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတော့ ကိုယ့်ကိုကိုယ်ပဲ ကာကွယ်ရတာပါ”ဟု ဆိုသည်။

အကြမ်းဖက်မှုများဖြစ်ပွားနေစဉ် အစ္စလမ်မိသားစုဝင်နှစ်ဦးကို နေအိမ်တွင် ခေါ်ယူစောင်ရှောက်ခဲ့သော်လည်း မေလ ၁ ရက်နေ့တွင် ဒုစရိုက် နှိမ်နှင်းရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း၊ အကြမ်းဖက် ဖျက်ဆီးမှုများကို သွားရောက်ကြည့်ရှု့မိခဲ့ကြောင်း ဥက္ကံမြို့နယ် ဗန္ဓုလရပ်ကွက် ၄ လမ်းတွင် နေထိုင်သူ ကိုရာဇာမင်းထွန်းကလည်း ပြောသည်။

”ရန်ကုန်က ရွာမ စခန်းမှာ အစစ်ခံရတယ်။ တနာရီလောက် ဒူးထောက်ခိုင်းတယ်။ မနာပေမယ့် ခပ်စပ်စပ်လေး အရိုက်ခံရတယ်။ ကျနော် လွတ်လာပေမယ့် ကျနော့်အကိုကိုတော့ ဆက်ဖမ်းထားတယ်”ဟု သူက ဆိုသည်။

အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသည့် ဥက္ကံမြို့နယ် ပနီပင်ကျေးရွာမှ ၁၅ ဦးနှင့် ဥက္ကံမြို့ပေါ်မှ ၃ ဦးအား  မေလ ၁ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ သံသယရှိသူ ၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ဥက္ကံဖြစ်စဉ်မှာ ဘာသာရေးနှင့် မသက်ဆိုင်ဘဲ အကြမ်းဖက်လိုသူတစ်စုက စနစ်တကျ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ရင်းရင်းနှီးနှီး အတူယှဉ်တွဲ နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြဿနာကြီးထွားလာရခြင်းမှာ အုပ်ချုပ်ရေး အာဏာပိုင်များ၏ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက် အားနည်းသောကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဦးကိုနီက ပြောသည်။

”မဖြစ်အောင် ကာကွယ်ပေးရမယ်။ ဖြစ်လာရင် အစွမ်းကုန်ကာကွယ်ပေးရမယ်။ ဖြစ်ပြီးတဲ့နောက် ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးအရေးယူရမယ်။ ဒီလိုလုပ်မယ်ဆိုရင် ဒီကိစ္စဟာ ရပ်သွားတာကြာပြီ။ မိထ္တီလာ ကိစ္စဖြစ်တာ ရက် ၄၀ ကျော်လာပြီ။ အခု မရပ်တဲ့အပြင် ရန်ကုန်နားကိုပါ ရောက်လာပြီ။ အရေးယူတဲ့ အပိုင်းမှာ အတော်လေးအားနည်းနေတာကို တွေ့ရတယ်”ဟု ရှေ့နေ ဦးကိုနီက ဆိုသည်။

တောင်ကုတ် အစ္စလာမ်ဘာသာဝင်များ အသတ်ခံရခြင်းကိစ္စ မပေါ်ပေါက်သေးကြောင်း၊ မိတ္ထီလာ ရွှေဆိုင်ပိုင်ရှင် မိသားစု ကို ထောင် ၁၄နှစ် ချလိုက်ပြီ ဖြစ်ပြီး ဘုန်းတော်ကြီးတပါးကို သတ်ဖြတ်သည်ဟု သင်္ကာမကင်းသူများကို ခုံရုံးတင်နိုင်သော်လည်း ရွှေဆိုင်ကို ဝင်ရောက်ဖျက်ဆီးသူများနှင့် မွတ်စလင်များအား သတ်ဖြတ်သူများအား အရေးမယူနိုင်သေးကြောင်း၊ ထို့ကြောင့် အကြမ်းဖက်သူများက ပိုမိုရဲတင်းလာကာ နေရာအနံှ ကျူးလွန်နေကြခြင်း ဖြစ်ကြောင်း  ဦးကိုနီက သုံးသပ်သည်။

Loading