ဗိုလ်ချုပ်များ၏ ချုပ်ကိုင်မှု လျော့ရဲလာခြင်း (၂)

မာရီ ကလဟန်

This article has been converted from Zawgyi One to Unicode

စစ်တပ်က အဘယ့်ကြောင့် နောက်ဆုတ်နေရသနည်း

ဦးသိန်းစိန်နှင့် ဦးရွှေမန်းကဲ့သို့သော ထိပ်တန်း စစ်အရာရှိဟောင်းများသည် ပြုပြင်ပြောင်းလဲရေး အကျိုးအတွက် ဤကဲ့သို့သော စွန့်စားမှုများကို အဘယ့်ကြောင့် လုပ်ခဲ့ကြပါသနည်း။ ဤမေးခွန်းနှင့် ပတ်သက်၍ သဘောတရားများ များစွာရှိပါသည်။ သို့ရာတွင် အပြောင်းအလဲများက တခုပြီးတခု ဆက်တိုက် ဖြစ်ပွားနေသဖြင့် အဆိုတခုခုအတွက် ယုံကြည်အားထားလောက်စရာ အထောက်အထားများကို တင်ပြရန် ခက်သည်။

သမ္မတ အပါအဝင် ခေါင်းဆောင်များက နိုင်ငံခြားနှင့် ပြည်တွင်း သတင်းထောက်များကို ပွင့်ပွင်းလင်းလင်း ပြောပြခဲ့သည်။ တိုင်းပြည်၏ စီးပွားရေး ခေတ်နောက်ကျမှုနှင့် ၂၁ ရာစုမှာ အင်အားကောင်းလာသော အာရှတွင် တိုင်းပြည်၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကင်းမဲ့နေမှုတို့ကြောင့် တခုခုလုပ်ရန် အရေးတကြီး လိုအပ်နေပြီဟု ထင်မြင်ကြောင်း ပြောပြခဲ့သည်။ အချိန် သိပ်မရှိတော့ကြောင်းကိုလည်း သူတို့ ကောင်းစွာ သိထားကြသည်။ တိုင်းပြည်သည် ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) ကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပေးရမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း အာဆီယံ (ASEAN) အဖွဲ့၏ ဥက္ကဌအဖြစ် ဆောင်ရွက်ပေးရဦးမည် ဖြစ်သည်။

ပို၍ပင် အရေးကြီးသော အချက်ကား သမ္မတ၊ အကြံပေး အရာရှိများ၊ မိတ်ဘက် လွှတ်တော်အမတ်များနှင့် ဝန်ကြီးများက အာဆီယံ စီးပွားရေး အသိုက်အဝန်း (ASEAN Economy Community – AEC) အသက်ဝင်လာမည့် ၂၀၁၅ ခုနှစ်အတွက် ကြီးစွာ သတိထားနေကြခြင်းပင် ဖြစ်သည်။ လောက်လောက်လားလား၊ ထိထိရောက်ရောက်ရှိသော နိုင်ငံ၏ စီးပွားရေးမူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မရှိလျှင် AEC က ချမှတ်ပေးမည့် တပေါင်းတည်းသော ဈေးကွက်တွင် မြန်မာနိုင်ငံသည် အရှုံးကြီး ရှုံးသော တိုင်းပြည်တပြည် ဖြစ်သွားပေလိမ့်မည်။

စစ်တပ်မှာ အကျပ်အတည်းလည်း မရှိ၊ အကျပ်အတည်းဖြစ်မည့် အခြေအနေနှင့်လည်း မနီးစပ်ချေ။ မြန်မာနိုင်ငံရှိ အများသူငါ နည်းတူပင် နိုင်ငံရေး အခင်းအကျင်းသစ်တွင် မိမိ၏အဆင့်နေရာကို သိရှိရန်နှင့် သတ်မှတ်ရန် ကြိုးစားနေဆဲပင် ရှိသည်။

စစ်အစိုးရခေတ်လွန် အစိုးရခေါင်းဆောင် အချို့အနေနှင့် အသွင်ကူးပြောင်းမှုကို ကိုယ်ကျိုးအတွက် အသုံးချရန် ကြိုးစားနိုင်ဖွယ် ရှိသည့်တိုင် အချို့က မိမိတို့၏ ဂုဏ်ယူစရာ စွမ်းဆောင်ချက်များကို အမွေအဖြစ် ချန်ထားခဲ့လိုစိတ် ရှိကြသည်။ ရည်ရွယ်ချက်များမှာ “စစ်မှန်မှု” ရှိ၊ မရှိ မသိရသော်လည်း အချို့သော လွှတ်တော်အမတ်များ၊ ဝန်ကြီးများ၊ တခြား အာဏာပိုင်များနှင့် စစ်သားများက သူတို့ကိုယ်သူတို့ မျက်နှာပန်းလှအောင် ပြန်လည်ပြုပြင်ရန် မဝံ့မရဲ ကြိုးစားကြသည့်အပြင် ဒီမိုကရေစီ ပုံဖမ်းသောအားဖြင့် အဖွဲ့အစည်းသစ်များကို ဖွဲ့ကြသည်။ အစိုးရသည် ဒီမိုကရေစီနည်းလမ်း မကျဟူသော ဝေဖန်သံများကို “အစိုးရဟောင်း” လက်ထက်တွင် အာဏာရှိခဲ့ဖူးသူများ ဆီမှနေ၍ ပေါ်ထွက်လာသည်ကိုလည်း မကြားချင်အဆုံးဖြစ်သည်။

တိုင်းပြည်တွင်း နိုင်ငံရေး ဆွေးနွေးပွဲများသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများ အကြောင်းကို အထူးအာရုံစိုက် ဆွေးနွေးလေ့ရှိသည်။ ဤလာမည့် ရွေးကောက်ပွဲများသည် (အသက် ၅၀ နှင့် ၆၀ အရွယ်ကြား) စစ်သားလူထွက် နိုင်ငံရေးသမားများအဖို့ သူတို့တတွေ ဒီမိုကရေစီနှင့် သဟဇာတဖြစ်ပုံရကြောင်း ပြသရေးအတွက် အကြောင်းအချက်တခု ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲကျင်းပချိန် ရောက်သည်အထိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် မဲဆန္ဒရှင်များအဖို့ ဟုတ္တိပတ္တိ အကျိုးမရှိပါက ထိုပုဂ္ဂိုလ်ကြီးများနှင့် ၎င်းတို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) သည် (ယခင်လုပ်နေကျအတိုင်း အနိုင်ကျင့်ခြင်း သို့မဟုတ် ကလိမ်ခြုံကျခြင်း မရှိလျှင်) မဲရှုံးမည်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၏ အရိပ်လက္ခဏာ အားလုံးကို ပေါင်းခြုံ၍ ကြည့်လိုက်ပါက ဤကဲ့သို့သော ကလိမ်ခြုံ လုပ်ရပ်မျိုးကို လက်ခံမည် မဟုတ်ကြောင်း တွေ့ရသည်။

ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးကို လွဲမှားစွာ စီမံအုပ်ချုပ်ခဲ့ခြင်းနှင့် နိုင်ငံရေး နှိပ်ကွပ်ခဲ့ခြင်းတို့ကြောင့် ပြုပြင်ပြောင်းလဲရေး လိုလားသူ ပေါင်းစုံ (စစ်တပ်မှ လာသည်ဖြစ်စေ၊ ဒီမိုကရေစီ အတိုက်အခံပါတီများမှ လာသည်ဖြစ်စေ) အဖို့ ပုဂ္ဂိုလ်ရေးနှင့် စည်းရုံးရေးဆိုင်ရာ အခက်အခဲများကို ကြုံတွေ့နေကြရသည်။ အသက် ၆၇ နှစ်အရွယ်ရှိနေသော ဦးသိန်းစိန်သည် နှလုံးရောဂါရှိသူ ဖြစ်သည်။ သူသည် မပြည့်စုံသော၊ ထို့အပြင် ယုံကြည်အားထားလောက်ဖွယ် မရှိသော သတင်းအချက်အလက်များ၊ နိုင်ငံခြား အကျိုးစီးပွားနှင့် ပြည်တွင်း အကျိုးစီးပွား တပြုံတမကြီး၏ ဖိအားလာမှုများ။ အနာဂတ် အာဏာတိုက်ပွဲကို ရည်မျှော်ပြင်ဆင်ထားသော စစ်တပ်ထဲမှ ပြိုင်ဘက်များ စသည့် စိန်ခေါ် မှုများနှင့် ကြုံတွေ့နေရသည်။ ဦးသန်းရွှေ အာဏာပြန်ယူမည့် အလားအလာကား နည်းသွားပုံပေါ်သည်။

သို့ရာတွင် သမ္မတနှင့် သမ္မတ၏ မဟာမိတ်များကို အတိအလင်း မနှောင့်ယှက်သည့်တိုင် ပူးပေါင်းဆောင်ရွက်မှုလည်း မလုပ်သော၊ “သဘောထား တင်းမာသူများ” သည် ကြံ့ခိုင်ရေးပါတီ၊ ကက်ဘိနက် ဝန်ကြီးများအဖွဲ့၊ နိုင်ငံတော် အဆင့်နှင့် ဒေသအဆင့် အာဏာပိုင်များထဲမှာ ဒါဇင်ဝက်ခန့် ရှိနေသည်ဟု ဆိုပါသည်။ ကြောက်စရာ အကောင်းဆုံးသူကား ဒု သမ္မတ ဦးတင်အောင်မြင်ဦး ဖြစ်သည်။ သို့ရာတွင် ဦးတင်အောင်မြင်ဦးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်သွားခဲ့ပြီး ဖြစ်သည်။ လွတ်လပ်ခွင့်ပေးခြင်းကို ရုပ်သိမ်းပြီး စစ်အုပ်ချုပ်ရေး ပြန်လည် ပေါ်ပေါက်လာအောင် လုပ်နိုင်ပါက အကျိုးအမြတ်အများဆုံး ခံစားရမည့်သူဟု အားလုံးက ထင်ကြေးပေးကြသူဖြစ်သည်။ ဦးသိန်းစိန်နှင့် လိုက်လျောညီထွေ မရှိသူများဟု ယူဆရသော အခြားသူများ ထဲတွင် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လက အရေးမပါသော ဝန်ကြီးဌာနတခုသို့ လျှောချခံခဲ့ရ)၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် (ယခင် စစ်တပ်ထောက်လှမ်းရေးမှူးချုပ်) ဦးမြင့်ဆွေ၊ ဦးသိန်းဇော်၊ ဦးအောင်သောင်း၊ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးတို့ အပါအဝင် ဖြစ်သည်။

မြန်မာစစ်တပ်သည် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများ၏ စစ်တပ်များထက်စာလျှင် နားလည်ရ ပိုခက်သည်။ စစ်အုပ်ချုပ်ရေးမှနေ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုအပေါ် စစ်တပ်က မည်သို့ အတွင်းကြိတ် သဘောထားနေသနည်း ဆိုသည်ကို ပြောရခက်သည်။ စစ်တပ်ကို အရပ်သားများ စောင့်ကြည့်ထိန်းကွပ်မှုမှ ကင်းလွတ်အောင်ထားပြီး ၎င်း၏ အခန်းကဏ္ဍကို “အခြေခိုင်” နေအောင် ဦးသန်းရွှေနှင့် စစ်အစိုးရက အခြေခံဥပဒေကို ပုံစံချနေလျက်ရှိသည်ဟု နှစ်အတော်ကြာကြာ လူအများ ပြောဆိုနေခဲ့ကြသည်။ သို့ဖြစ်သည့်တိုင် တကယ့်လက်တွေ့ စစ်တပ်အဖို့ လုပ်ပိုင်ခွင့်အာဏာ လျော့နည်းသွားသည်သာမက  လုပ်ပိုင်ခွင့် နယ်ပယ်ပါ ကျဉ်းလာနေလျက်ရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပုဒ်မ (၂၀) က စစ်ဦးစီးချုပ်အား တပ်တွင်းကိစ္စများထက် ကျော်လွန်သော နယ်ပယ်များအထိ အခွင့်အာဏာ ပေးထားသော်လည်း “အရေးပေါ်အခြေအနေ” ဆိုင်ရာ ပုဒ်မ ထုတ်ပြန်ထားခြင်း မရှိလျှင် စစ်ဦးစီးချုပ်သည် ၂၀၁၁ ခုနှစ် မတိုင်မီက အခွင့်အာဏာရှိခဲ့သော မူဝါဒချမှတ်ရေး နယ်ပယ်များတွင် အာဏာရှိခဲ့သလို ယခုအခါ၌ အခွင့်အာဏာ မရှိတော့ချေ (ဗီတိုအာဏာပင် မရှိတော့သည့် အဖြစ်သို့ ရောက်ကောင်း ရောက်နေနိုင်သည်)။ ၂၀၁၁ ခုနှစ်တွင် တက်လာခဲ့သော အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်ခွင့်ပြုလိုက်ရာ စစ်ဦးချုပ်က တိုင်းပြည်တွင် အခွင့်အာဏာ အားလုံးကို သူသာလျှင် ပိုင်သည်ဟူသော သဘောထားမျိုး မပြသနိုင်တော့ချေ။ လက်နက်ကိုင်တပ်များသည် နေ့စဉ် အုပ်ရေးနယ်ပယ်မှနေ၍ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် နောက်ဆုတ်သွားကြောင်း တွေ့ရသည်။

၂၀၁၁ ခုနှစ်၊ မတ်လတွင် ဦးသန်းရွှေက စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ပြီးချိန်မှစ၍ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခပ်လျှိုလျှိုနေခဲ့ပြီး အများအားဖြင့် စစ်ရေးကိစ္စများနှင့် ပတ်သက်မှသာလျှင် အများပြည်သူ ရှေ့မှောက်သို့ ပေါ်ထွက်လာတတ်သည်။ သူနှင့် အထင်ကရ ပြည်တွင်းနိုင်ငံရေး ပုဂ္ဂိုလ်ကြီးများ၏ တွေ့ဆုံခန်းများကို ဓာတ်ပုံများဖြင့် ဖော်ပြခြင်းမရှိချေ။ ထို့အပြင် သူ နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက်ခြင်းနှင့် နိုင်ငံခြား ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်း တို့သည်လည်း လုံခြုံရေးကိစ္စနှင့်သာ ပတ်သက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား ထိပ်တန်းဗိုလ်ချုပ်တို့၏ အမြင်နှင့် ပတ်သက်၍ မကြားသိရခြင်းကို ထောက်ချင့်ကြည့်လျှင် သူသည် ကြီးစွာသတိထား၍ နေသည်ဟု ဆိုနိုင်သည်။ မကြုံစဖူး အပြောင်းအလဲများကို လုပ်နေချိန်မှာ စစ်တပ်ကို အုပ်စီးမပျက်ရှိနေအောင် ထိန်းထားရေးသည်ပင် စစ်ဦးစီးချုပ်၏ အဓိကတာဝန် ဖြစ်ပုံရသည်။ မျှော်လင့်မထားဘဲ ဦးသန်းရွှေ၏ ရွေးချယ်ခြင်းခံခဲ့ရသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သူ့ထက် စစ်ဦးစီးတက္ကသိုလ် အမှတ်စဉ် (၄)၊ (၅) ပတ် စောသော ဗိုလ်ချုပ်များကို ကျော်၍ ရာထူးတိုးသွားခဲ့ခြင်း ဖြစ်သည် (လေ့လာသူ အများစုကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သာဝကတဦးဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော် သူ့ကို ၂၀၁၁ ခုနှစ် အစောပိုင်းတွင် ထုတ်ပစ်လိုက်ပြီး ထုတ်ပစ်ရသည့် အကြောင်းကိုမူ ခန့်မှန်းချက် အများဖြင့် ပြောဆိုနေကြဆဲဖြစ်သည်။) စစ်ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို သူနှင့် စစ်သက် မတိမ်းမယိမ်းရှိသော ဗိုလ်ချုပ်များဖြင့် ဝန်းရံထားသည်။ သူသည် စစ်သက် ဝါနုလွန်းသဖြင့် သမ္မတ သို့မဟုတ် လွှတ်တော်ကို အာခံဝံ့ခြင်း မရှိဟု အများက ယူဆနေကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတနှင့် စစ်တပ်တို့ နှစ်ခုစလုံး၏ ဖိအားပေးတောင်းဆိုမှုကို နာခံရသည့် အဖြစ်သို့ပင် ရောက်နေပုံရသည်။ တပ်မတော်ကို တိုက်ခိုက်လာခြင်း မရှိလျှင် ကချင်ပြည်နယ်တွင် တိုက်နေသော တိုက်ပွဲများကို ရပ်ပစ်ရန် သမ္မတက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာတစ်စောင်၊ နှစ်စောင် ရေးပို့ခဲ့သည်။ သို့သော် စာများထဲတွင် အတိအကျ ညွန်ကြားထားခြင်း မရှိသကဲ့သို့ တိုက်ပွဲများလည်း ရပ်သွားမသွားခဲ့ပေ။ သူပုန်နယ်မြေထဲသို့ ကျွံနေမိသော ရှေ့တန်းတပ်များက သူတို့ ခေါင်းမဖော်နိုင်လောက်အောင် အတိုက်ခံနေရသဖြင့် ဤအမိန့်ကို နာခံ၍ မဖြစ်ဟု ယူဆခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အစိုးရနှင့် စစ်တပ်တို့အကြားမှာ ဆက်ဆံရေး မည်သို့ရှိနေသည်ဖြစ်စေ၊ ဦးသန်းရွှေ၏ ခေါင်းခေါက်ရွေးခံရသူ ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖို့ တပ်တွင်းမှာ စိန်ခေါ်မှု ကြီးကြီးမားမားနှင့် ကြုံတွေ့ရဖွယ် မရှိချေ။ စစ်တပ်တွင် အကျပ်အတည်းလည်း မရှိ၊ အကျပ်အတည်းဖြစ်မည့် အခြေအနေနှင့်လည်း မနီးစပ်ချေ။ စစ်တပ်သည် မြန်မာနိုင်ငံရှိ အများသူငါနည်းတူပင် နိုင်ငံရေး အခင်းအကျင်းသစ်တွင် မိမိ၏အဆင့်နေရာကို သိရှိရန်နှင့် သတ်မှတ်ရန် ကြိုးစားနေဆဲပင် ရှိသည်။

စစ်အစိုးရခေတ်လွန် ပထမဦးဆုံး အစိုးရအဖွဲ့ထဲသို့ ဆင်းပြီး နေရာယူကြသော သူ့ရဲဘော်ဟောင်းများ နည်းတူပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရာထူးနှင့် သူ့အဖွဲ့အစည်းအပေါ် လူအများ၏အမြင် ပြောင်းလဲသွားအောင် ကြိုးစားနေလျက်ရှိသည်။ စစ်အစိုးရခေတ်လွန် အသွင်ကူးပြောင်းမှုမှတဆင့် လက်နက်ကိုင်တပ်များကို တည့်မတ်ပေးလိုသော ဆန္ဒ သူ့မှာ ပြင်းပြင်းပြပြ ရှိကြောင်းကိုလည်း ဖော်ပြလိုသူဖြစ်သည်။ စစ်အရာရှိများ အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားခွင့် ရရေးအတွက်လည်း သူကြိုးစားခဲ့သည်ဟု သိရသည်။

ဝါရှင်တန် ဒီစီ အခြေစိုက် အမေရိကန်အမျိုးသား စစ်ကောလိပ်မှ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဌာနတို့မှ ပူးတွဲကိုယ်စားလှယ်အဖွဲ့ကို ၂၀၁၂ ခုနှစ် မေလအတွင်းတွင် လက်ခံ တွေ့ဆုံခွင့် ပြုခဲ့သည်။ ထိုသို့ လာရောက် လည်ပတ်မှုမျိုး အရင်က မရှိခဲ့ဖူးချေ။ (၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ အီးမေးလ်ဖြင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ရစ်ချတ် နိုလန်း [Richard Norland] က ပြောရာ၌ ရည်ရွယ်ချက်မှာ စစ်တပ်၏ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းအတိုင်း လုပ်ဆောင်ပုံနှင့် အရပ်သားများက စစ်တပ်ကို ထိန်းသိမ်းချုပ်ကိုင်ပုံတို့ကို ပြသရန်ဟု ဆိုပါသည်။ ၎င်းအုပ်စုက တပ်မတော်မှ ကိုယ်းစားလှယ်များ၊ အစိုးရ အရာရှိများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။ မြန်မာ့အလင်း သတင်းစာ ၂၀၁၂ ခုနှစ် မေလ ၁၆ ရက်တွင် သတင်းအနည်းအကျဉ်းကိုသာ ဖော်ပြခဲ့သည်။)

အုပ်ချုပ်ရေး အခန်းကဏ္ဍတွင် ယခင်က ပါဝင်ခဲ့သော စစ်တပ်ကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် နိုင်ငံတော်ပိုင်နက် နယ်မြေကို ကာကွယ်ပေးသော “စစ်ရေးသက်သက်” တာဝန် ထမ်းဆောင်သော စစ်တပ်အဖြစ်သို့ လမ်းကြောင်း တည့်မတ်ပေးလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူနှင့်တွေ့ဆုံခဲ့သော နိုင်ငံခြားသံတမန်အချို့ကို ပြောပြခဲ့ဖူးသည်။ ဦးသိန်းစိန်က နောက် သမ္မတသက်တမ်းတွင် သမ္မတလုပ်မည် မဟုတ်တော့ဟု ဆိုခဲ့သဖြင့် အချို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက် ၂၀၁၅ ခုနှစ် သမ္မတသစ် နေရာအတွက် ရွေးကောက်ပွဲ ဝင်လိမ့်မည်ဟု ထင်ကြေးပေးကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ မည်သို့သော ရည်ရွယ်ချက်ရှိသည်ဖြစ်စေ သူသည် သူ၏ စစ်သားအဖြစ် တာဝန်နှင့် “မူဝါဒ” (ရွေးကောက်ခံ အစိုးရ၏ လုပ်ငန်းနယ်ပယ်ဟု သူမြင်သည်) ဆိုသည်တို့ကို စိတ်ထဲတွင် ခွဲခွဲခြားခြား သတ်မှတ်ထားပုံရသည်။ လွှတ်တော် အင်အားကောင်းလာသဖြင့် လွှတ်တော်ထဲတွင် ရာထူးအဆင့် ပိုမြင့်သော စစ်အရာရှိများကို ထားရှိရန်အတွက် ခွဲတမ်းရ စစ်သားအမတ်နေရာများ၌ လူပြောင်းလဲ ခန့်ထားမှုများ လုပ်ခဲ့သည်။

သို့ဖြစ်သည့်တိုင် သူသည် မဲပေးရေးကိစ္စနှင့် ပတ်သက်၍ ထို စစ်ဗိုလ် အမတ်များအား အသေးစိတ် ညွှန်ကြားချက်များ မပေးခဲ့ချေ။ သာဓကအနေနှင့် ဖော်ပြရမည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အဆိုကို စစ်ဗိုလ်အမတ်များက (စောင့်ကြည့်လေ့လာသူများ အံ့သြလောက်စရာ အဖြစ်) မကြာသေးမီကပင် ထောက်ခံမဲ ပေးခဲ့ကြခြင်းဖြစ်သည်။ တပ်တွင်း ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ စစ်ဦးစီးချုပ်သည် အကြီးစား ပြန်လည်ဖွဲ့စည်းမှု မလုပ်ခဲ့သော်ငြားလည်း စစ်ဌာနချုပ်များ၏ တပ်မှူးများကို ရာထူးဖြုတ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ လုပ်ခဲ့ပြီး တချိန်က အာဏာကြီးခဲ့သော စစ်တိုင်းမှူးများ၏ ရာထူးအဆင့်များကို များစွာ အဆင့်နှိမ့်၍ သတ်မှတ်ခဲ့သည့်အပြင် ထို စစ်တိုင်းမှူးများအား အုပ်ချုပ်ရေးကိစ္စနှင့် ပို၍ဝေးစေခဲ့သည်။ ထို့အပြင် အသစ်ဖြစ်ပေါ်လာသော နိုင်ငံရေးအခင်းအကျင်းတွင် လိုက်လျောညီထွေ ဖြစ်စေမည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ လမ်းညွှန်မူဝါဒကို ရေးဆွဲနေပြီဟုလည်း ဆိုပါသည်။

စစ်တပ်တွင် တာဝန်ခံစိတ် ရှိလာအောင် လုပ်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းတခုကား အမျိုးသား ဘတ်ဂျက်ကို လွှတ်တော်က အတည်ပြုပေးရခြင်းပင် ဖြစ်သည်။ ၂၀၁၂ ခုနှစ် မတိုင်မီကမူ (စစ်အသုံးစရိတ် ဘတ်ဂျက်ကို စစ်ဆေးကြည့်ဖို့ နေနေသာသာ) စစ်အသုံးစားရိတ် ဘတ်ဂျက်နှင့် ပတ်သက်၍ ယုံကြည်အားထားလောက်သော သတင်းအချက်အလက်များကို မရရှိနိုင်ခဲ့ချေ။ (အင်ဒရူး ဆဲ့လ် [Andrew Selth] က ရေးသားရာ၌ “မြန်မာဖြစ်စေ၊ ပြင်ပမှ ပုဂ္ဂိုလ်ဖြစ်စေ မည်သူတဦးကမျှ နေပြည်တော်က ကာကွယ်ရေးအတွက် မည်မျှ အသုံးပြုနေကြောင်း သိရှိသူ မရှိနိုင်ပါ” ဟု ဖော်ပြခဲ့သည်။)

မြန်မာစစ်တပ်သည် ဘတ်ဂျက်နှင့် မဆိုင်သော ဝင်ငွေရပေါက်ရ လမ်းပေါင်းများကို ရယူခံစားနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ တရားဝင်လုပ်ငန်းများ (စက်မှုလုပ်ငန်းများနှင့် ဦးပိုင်ကုမ္ပဏီများ) သာမက တရားမဝင် လုပ်ငန်းများပါ (မှောင်ခို အရောင်းအဝယ်လုပ်ငန်းများ) ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး (ယခင် ဒု ဗိုလ်ချုပ်ကြီး လှမင်း) က စစ်တပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ နှစ်ခုစလုံးအတွက် ဘတ်ဂျက် မူကြမ်းတစောင်ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဘတ်ဂျက်သည် ပြည်ထောင်စု ဘတ်ဂျက်တခုလုံး၏ ၁၅ ရာခိုင်နှုန်းခန့် ရှိသည်။ ဤသတင်းနှင့် ပတ်သက်၍ စာရွက်စာတမ်း အထောက်အထား တစုံတရာ မရရှိနိုင်ခဲ့သော်ငြားလည်း အမတ်အချို့က ဤဘတ်ဂျက် ပမာဏသည် များလွန်းသည်ဟု ဝေဖန်ကြောင်း သတင်းပေါက်ကြားခဲ့သည်။ (ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ အတိုက်အခံ အမတ်တဦးက သတင်းထောက်ကို ပြောကြားရာ၌ “သူတို့တောင်းတာကို ကျနော်တို့က သဘောမတူနိုင်ဘူး” ဟု ဆိုသည်။ သို့သော်လည်း ဤကိစ္စကို ပြင်ပတွင် ဆွေးနွေးခွင့်မရှိ၊ အကဲဆတ်သည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။)

ဘတ်ဂျက်ကိစ္စကို ဆွေးနွေးစဉ်က စစ်တပ်၏ စီးပွားရေးလုပ်ငန်းများ (ထိုအချိန်၌ လုပ်ငန်းများတွင် တစုံတရာ ပြောင်းလဲမှုများ ဖြစ်နေသည်) နှင့် ပတ်သက်သော မေးခွန်းတခု ထွက်လာခဲ့သည်။ နဝတ အာဏာသိမ်းကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် ဖွင့်ပေးတော့မည်ဟု ကတိပေးပြီး မကြာမီမှာပင် စစ်တပ်က ဧရာမ ဦးပိုင်ကုမ္ပဏီကြီးနှစ်ခုကို တည်ထောင်ခဲ့သည်။ ဤကုမ္ပဏီများကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ပြီး စစ်တပ် ပင်စင်အတွက် ရန်ပုံငွေရှာသော လုပ်ငန်းအဖွဲ့များ ဖြစ်သည်ဆိုသော်လည်း  ၎င်းတို့၏ စာရင်းအင်းများကို လူထုထံသို့ ချပြခြင်း မရှိခဲ့ဖူးချေ။

၎င်းတို့၏ နိုင်ငံရေးနောက်ခံ အင်အားကိုသုံးလျက် ဤကုမ္ပဏီများသည်  ပြိုင်ဖက်ဖြစ်လာနိုင်ဖွယ်ရှိသော ကုမ္ပဏီများကို ချေမှုန်းပစ်ကာ ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းအပြင် တခြား အရေးပါဆုံးသော လုပ်ငန်းကဏ္ဍများတွင် အကြီးစား လုပ်ငန်းကြီးများကို လုပ်ကိုင်သည်။ ဤစစ်တပ်ပိုင် ကုမ္ပဏီများက မော်တော်ကားတင်သွင်းမှုကို လက်ဝါးကြီး အုပ်ထားခြင်းကြောင့် မြန်မာနိုင်ငံ၏ မော်တော်ကားဈေးကွက်သည် ကမ္ဘာတွင် ကမောက်ကမ အဖြစ်ဆုံး ဈေးကွက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် မီးရထားဝန်ကြီးက ဤလက်ဝါးကြီးအုပ်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာပြီး သွင်းကုန်လိုင်စင်များကို စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးခဲ့သည်။ ၂၀၁၂ နှောင်းပိုင်းကစ၍ ဤ ဦးပိုင်ကုမ္ပဏီများသည် တရားစွဲဆိုခံရခြင်း၊ ၎င်းတို့ပိုင် ခရီးသည်တင် ဘတ်စကားလိုင်းများကို ပိတ်လိုက်ရခြင်း၊ စားသုံးဆီနှင့် ဘီယာလိုင်စင် လက်ဝါးကြီးအုပ်ခွင့်များ ဆုံးရှုံးသွားခြင်း သို့မဟုတ် ဆုံးရှုံးလုဆဲဆဲ ဖြစ်နေခြင်းတို့ အပါအဝင် ဧရာမ အခက်အခဲကြီးများနှင့် ကြုံတွေ့ခဲ့သည်။

ရှေ့သို့ မျှော်ကြည့်ခြင်း

စစ်တပ်အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ နေ့စဉ်ဘဝနိုင်ငံရေးကို ကြီးစိုးနေခြင်း မရှိတော့ချေ။ စစ်အစိုးရခေတ်လွန် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းထားသော အစိုးရက ယခင် “အမျိုးသားလုံခြုံရေး” ဆိုင်ရာ ကန့်သတ်ချက်များ၏ ပြင်ပ၌ ယှဉ်ပြိုင်ခွင့်ရရန် အလားအလားရှိသော နိုင်ငံရေး နယ်ပယ်တခုကို ဖန်တီးထားသည်။ ထိုသို့ ဖန်တီးနိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။ သို့ရာတွင် ထိုသို့ဖန်တီးနိုင်မှုက စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားကို (အနည်းဆုံး ရေတိုတွင်) ခြိမ်းခြောက်နိုင်ဖွယ် မရှိချေ။ ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရအောင် ကာကွယ်စောင့်ရှောက် ပေးထားမှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေအမြစ်ကျကျ မပြောင်းလဲနိုင်အောင် အစွမ်းထက်သော ဗီတိုအာဏာရှိနေခြင်း၊ အငြိမ်းစား စစ်အရာရှိများက စစ်တပ်အဖွဲ့အစည်း၏ အကျိုးစီးပွားကို အထောက်အပံ့ ပေးနိုင်အောင် ကြံဆနေလျက်ရှိခြင်းတို့ကြောင့် ကာကွယ်ရေးဌာနအဖို့ လက်ရှိ အခင်းအကျင်းသည် မှုလောက်စရာ ဟုတ်ဟန်မတူချေ။

ရေရှည်၌ တိုင်းပြည်မှာ အကျပ်အတည်းပေါင်းစုံ ကြုံတွေ့လာလျှင် အကျပ်ကိုင်ခြင်း မရှိဘဲ ယှဉ်ပြိုင်နိုင်သော နိုင်ငံရေး အတိုက်အခံများကို နေရာပေးမှု၊ စေ့စပ်ဆွေးနွေးမှုတို့အတွက် နယ်ကျဉ်းသွားပေလိမ့်မည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ကန့်သတ်ချက်များအပြင် ရှုပ်ထွေးပွေလီပြီး ဖြေရှင်းမရသော လူမျိုးစု ပဋိပက္ခများ၊ ဆိုးသည်ထက် ဆိုးလာနေလျက်ရှိသော ဆင်းရဲမွဲတေမှုနှင့် ကြွေးတင်မှု၊ ကမောက်ကမဖြစ်နေသော ပုဂ္ဂလိက စီးပွားရေးဆိုင်ရာနှင့် နိုင်ငံ့စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ဆယ်စုနှစ် နှစ်စုမျှ သက်တမ်းရှိခဲ့သော အပေါင်းသဟာ ကောင်းစားရေး အရင်းရှင်စနစ်၏ ဆိုးကျိုးများ၊ အရင်းအမြစ်များ အလျင်အမြန် ခမ်းခြောက်သွားမှု၊ မယုံနိုင်လောက်အောင် ပြင်းထန်ဆိုးရွားသော သဘာဝကပ်ဘေးများ၊ အလွန့်အလွန် စိတ်ပျက်ဖွယ် ကောင်းသော ပညာရေးစနစ်၊ လူမှုရေးဝန်ဆောင်မှုများ မရှိသလောက် ဖြစ်နေခြင်း စသည့် စိန်ခေါ်မှုများကို နောင်တက်လာမည့် မည်သည့်အစိုးရကမျှ ရှောင်၍ ရမည်မဟုတ်ချေ။

အကယ်၍ ဒီမိုကရေစီ ဘက်တော်သား အတိုက်အခံအင်အားစုများက ၂၀၁၅ သို့မဟုတ် ၂၀၂၀ ခုနှစ်တွင် အစိုးရအာဏာ ရလာလျှင် ဤအင်အားစုများက ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ စစ်တပ်၏ အခွင့်ထူးများနှင့် ပတ်သက်၍ စစ်တပ်နှင့် နားလည်မှုရယူမည်လော၊ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်မည်လော ဆိုသည်မှာလည်း မေးစရာဖြစ်သည်။ စစ်တပ်နှင့် ပြေအေးရေးကို အလွန်အကျွံလုပ်မိလျှင် ဒီမိုကရေစီ ဘက်တော်သား အရပ်သားအစိုးရသည် ပါကစ္စတန်၏ ကွယ်လွန်သူ ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို (Benazir Bhutto) ကဲ့သို့ ဇာတ်သိမ်းသွားနိုင်သည်။ ဘနာဇီယာ ဘူတို (၁၉၅၃-၂၀၀၇) သည် နိုင်ငံရေးပြိုင်ဘက်များ၏ ရန်မှ ကာကွယ်သည့်အနေဖြင့် ဗိုလ်ချုပ်များနှင့် အပေးအယူလုပ် ဆက်ဆံခဲ့သည်။ ထိုသို့လုပ်ခြင်းကြောင့် စစ်တပ်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နိုင်သည့် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးသမား တယောက်၏ အခွင့်အာဏာကို စွန့်လွှတ်ပစ်ခဲ့သည်။ သို့ရာတွင် ထိပ်တိုက်ရင်ဆိုင်ရေးကို အလွန်အကျွံ လုပ်မိပါကလည်း စစ်တပ်တွင်  ကြောက်ရွံ့စိတ်များဝင်လာပြီး (၂၀၀၆ ခုနှစ်က ထိုင်းဗိုလ်ချုပ်များ အာဏာသိမ်းသည့် နည်းတူ) အာဏာသိမ်းလိုက်ခြင်း (အခြေခံဥပဒေအရ ဖြစ်စေ၊ အခြေခံဥပဒေအရ မဟုတ်ဘဲဖြစ်စေ) အားဖြင့် ဒီမိုကရေစီ နည်းအရ ရွေးကောက် တင်မြှောက်ခံထားရသော အစိုးရတရပ် ပြုတ်ကျသွားနိုင်သည်။

နောက်ဆုံးအနေနှင့် ဆိုရပါလျှင် ခြိမ်းခြောက်မှုကင်းပြီး တစုံတရာ လွတ်လပ်မှုပေးထားသော နိုင်ငံရေး နယ်ပယ်သည် “အစိုးရ ထိန်းချုပ်မှု” အောက်တွင် ရှိနေသော နယ်မြေတွင်များတွင်သာ ထွန်းကားလာနိုင်စရာရှိသည်။ တနည်းဆိုရသော် ဦးသိန်းစိန်ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးသမားမျိုးများ၏ “နိုင်ငံရေး”ကို ဗမာတို့ အများဆုံးနေထိုင်ကြသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ နယ်မြေများက သည်းခံကောင်း သည်းခံမည်ဖြစ်သော်လည်း သူပုန်လှုပ်ရှားမှုရှိသော နယ်မြေများ၌ (အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားသည့်တိုင်) သည်းခံမည်ဟု မဆိုနိုင်ချေ။ ဤကဲ့သို့သော နယ်မြေများ၌ စစ်အစိုးရခေတ်လွန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ လွတ်လပ်မှုတစုံတရာကို “အမျိုးသားလုံခြုံရေး”က အနိုင်ယူ လွှမ်းမိုးသွားနိုင်ဖွယ် ရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲများနှင့် အနောက်ပိုင်းမှာ ဖြစ်ပွားနေသော ရခိုင်နှင့် ရိုဟင်ဂျာ ပဋိပက္ခ တို့ကြောင့် ခပ်လျှိုလျှို နေတတ်သော စစ်ဦးစီးချုပ်နှင့် အခြားတပ်မှူးကြီးများအဖို့ (အနည်းဆုံးတော့ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေသော နယ်မြေများတွင်) စစ်တပ်ကို နိုင်ငံရေးထဲ သွတ်သွင်းစေလိုသော အခြေအနေမျိုး ဖြစ်ပွားလာနိုင်ပါသည်။

လူမျိုးစုများ၏ ဆိုးဆိုးရွားရွားနှင့် ကာလတာရှည် နစ်နာမှုများကြောင့် မကြာမီ အချိန်တချိန်ချိန်တွင် စစ်မှန်သော ငြိမ်းချမ်းရေး သဘောတူညီချက် ရမည့်ပုံ မပေါ်ချေ။ ဤအတွက်ကြောင့်ပင် စစ်တပ်အဖွဲ့အစည်းသည် နယ်စပ်ဒေသများတွင် အရေးပါသော နိုင်ငံရေး အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ရစရာရှိသည်။ ပြည်တွင်းစစ်၊ ယင်းပြည်တွင်းစစ်နှင့် ဆက်နွှယ်နေသော စစ်စီးပွားရေး၊ စစ်သားများ ကျဆုံးမှုတို့ ဆက်လက်ရှိနေသရွေ့ ကာလပတ်လုံး၌ အမျိုးသားအဆင့် ပြုပြင်ပြောင်းလဲမှုများသည် မည်မျှ တိုးတက်သည့်သဘော ဆောင်နေသည်ဖြစ်စေ လုံလောက်သည့် အတိုင်းအတာအထိ ရောက်မည် မဟုတ်ချေ။ ဤမျှအထိ ပေးထားသော နိုင်ငံရေး လွတ်လပ်ခွင့်များ မည်မျှ တာရှည်ခံမည်ဆိုသော အချက်သည် ဆယ်စုနှစ်များနှင့်ချီ၍ ကြာခဲ့ပြီးခါမှ ပျက်သွားခဲ့သော အပစ်အခတ်ရပ်စဲမှုများနှင့် (ဘက်ပေါင်းစုံ၏) စိတ်ကူဉာဏ်နည်းပါးသော ငြိမ်းချမ်းရေး တည်ဆောက်မှုတို့၏ အမွေဆိုးများကို အစိုးရတပ်နှင့် လက်နက်ကိုင် သူပုန်တပ်များက မည်သို့ ပြုပြင်ကြသနည်းဆိုသော အချက်ပေါ်မှာ တည်ပေသည်။

ကိုးကား

Andrew Selth, Burma’sArmed Forces: Looking Down the Barrel, Griffith Asia Institute Regional Outlook 21 (Brisbane: Griffith Asia Institute, 2009), 12.

“Myanmar MPs Tackle First Budget in Decades,” Bangkok Post, 12 February 2012.

(၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် Journal of Democracy, အတွဲ ၂၃၊ အမှတ်စဉ် ၄၊ The Opening in Burma [မြန်မာနိုင်ငံတွင် ပွင့်လင်းလာခြင်း] မှ မာရီ ကလဟန် (Mary Callahan) ၏ The Generals Loosen Their Grip ကို ဘာသာပြန်ဆိုပါသည်။ မာရီ ကလဟန်သည် ဝါရှင်တန်တက္ကသိုလ်၊ ဟင်နရီ အမ် ဂျက်ဆင် နိုင်ငံတကာ လေ့လာရေးကျောင်း (Henry Jackson School of International Studies) ၏  တွဲဘက် ပါမောက္ခဖြစ်သည်။ Making Enemies: War and State Building in Burma (2003)  နှင့် Political Authority in Burma’s Ethnic Minority States: Devolution, Occupation and Coexistences (2007)  အမည်ရှိသော စာအုပ်များကို ရေးသားခဲ့သူ ဖြစ်သည်။)

Loading