မြန်မာ-အိန္ဒိယ နယ်စပ် မီဇိုရမ် ပြည်နယ်ရောက် ရွှေ့ပြောင်းလုပ်သား ချင်းတိုင်းရင်းသားများအတွက် အကာအကွယ်နှင့် ကူညီထောက်ပံ့ ပေးရေးအတွက် ချင်းပြည်နယ် အစိုးရနှင့် ချင်းပြည်နယ် လွှတ်တော်သို့ တိုက်တွန်းသွားဖြစ်ကြောင်း ချင်းအမျိုးသားပါတီက ပြောသည်။
“သူတို့က ချင်းပြည်နယ်ထဲမှာ နေထိုင်စားသောက်ဖို့ ခက်ခဲလို့ သစ်ဆွဲ၊ လယ်လုပ်ရင်း ရောက်သွားကြတဲ့ ပြောင်းရွှေ့လုပ်သားတွေပါ။ ဘယ်သူမှ မီးမောင်းထိုးပြပြီး ကူညီပေးတာ မခံရတဲ့ ဒုက္ခသည်တွေပါ။ မျိုးနွယ်စုအားဖြင့် တူကြပေမယ့် ဒေသခံ မီဇိုးတွေနဲ့ ခဏခဏ ပြဿနာဖြစ်တယ်။ ဒီလူတွေအတွက် ထည့်စဉ်းစားပေးဖို့၊ အစီအမံတခုခု ရှိဖို့လိုတယ်” ဟု ချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး (၁) ဦးငယ်ပီးက ဧရာဝတီသို့ ပြောသည်။
ယင်း ရွှေ့ပြောင်း ချင်းလုပ်သားများ၏ နစ်နာမှုများအပြင် မြန်မာ-အန္ဒိယနယ်စပ် တမူးမြို့နယ်အတွင်း ကသည်းသူပုန်များ၏ ဝင်ရောက် အန္တရာယ်ပြုမှုနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရနှင့် ချင်းပြည်နယ်အစိုးရတို့တွင် တိကျသော အရေးယူဆောင်ရွက်မှု အစီအမံများ ထားရန်လိုအပ်ကြောင်း သူကပြောသည်။
ချင်းပြည်နယ်အတွက် ဖွံ့ဖြိုးရေးနှင့် အကူညီပေးရေး လုပ်ငန်းများ လုပ်ကိုင်မည့် မြန်မာအစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO များအနေဖြင့်လည်း အိန္ဒိယနယ်စပ်ရောက် ချင်းတိုင်းရင်းသားများ အတွက်ပါ ထည့်သွင်းစဉ်းစားခြင်း၊ ၎င်းတို့အတွက် လူနေမှု ဘဝအသစ်များ ဖန်တီးပေးရန်၊ မြန်မာနိုင်ငံသား မှတ်ပုံတင်ထုတ်ပေးရန် လုပ်ဆောင်ပေးသင့်ကြောင်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့တွင် နေထိုင်သူ ချင်းတိုင်းရင်းသားတဦးက ပြောသည်။
ကျန်ဖိုင်းမြို့နယ်အတွင်းရှိ ရွှေ့ပြောင်း ချင်းတိုင်းရင်းသားများ၏ Saikhumphai Bawk ကျေးရွာကို ဒေသခံ မီဇိုးလူမျိုးများက ဧပြီလ ၂၉ ရက်နေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကျန်ဖိုင်းခရိုင်၊ ဗာဖိုင်းကျေးရွာအုပ်စုရှိ ကျေးရွာကောင်စီဝင်များ၊ ဒေသခံ လူငယ်အဖွဲ့များနှင့် ဒေသခံများ ပူးပေါင်းကာ အဆိုပါ Saikhumphai Bawk ကျေးရွာကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာ ခွဲပေးရန် တောင်းခံမှုနှင့် ပတ်သက်၍ မကျေနပ်ချက်ကြောင့် ယင်းသို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ကျန်ဖိုင်းမြို့နယ်တွင် လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက အခြေချနေထိုင်လျက်ရှိသည့် ချင်းအမျိုးသားတဦးက ပြောသည်။
အမည်မဖော်လိုသည့် ချင်းတိုင်းရင်းသားတဦးက “သဘောကတော့ သူတို့က မြန်မာနိုင်ငံသားတွေကို သူတို့ဆီမှာ ရွာထောင်ပြီး မနေစေချင်တာပါ။ ကိုဝါဟာရီ အထက်တရားရုံးက နေထိုင်ခွင့်ပြုထားတာတောင်မှ ဒေသခံတွေက မကြိုက်တာ။ မီဇိုရမ်ရဲ တားဆီးပေမယ့် တားလို့မရတော့ဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်လို့ အရပ်သား ၆ ယောက် ဒဏ်ရာရတယ်။ ဘုရားကျောင်းတခုတည်းပဲ သူတို့မဖျက်ဘူးလို့ သိရတယ်။ ဒီညနေ TV သတင်းမှာ ပါတယ်” ဟု ဧပြီ ၂၉ ရက်နေ့က ပြောသည်။
အိန္ဒိယမှ မီဇိုးလူမျိုး အချို့ကမူ မြန်မာပြည်အတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာရန်နှင့် စီးပွားရေး လုပ်ကိုင်ရန် မြန်မာနိုင်ငံသား မှတ်ပုံတင်ရရှိရေး ကြိုးပမ်းနေမှုများရှိသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါရွာ ဖျက်ဆီးခံရမှုအတွက် ဆုံးရှုံးသူများကို နစ်နာကြေးအဖြစ် တမိသားစုလျှင် ရူပီးငွေ ၂ သောင်း (ကျပ်ငွေ ၃၃၂၀၀၀ ကျော်) ပေးရန် ကိုဝါဟာရီ အထက်တရားရုံးက မီဇိုရမ် ပြည်နယ်အစိုးရအား ညွှန်ကြားထားကြောင်း ဒေသတွင်း သတင်းစာများ၏ ဖော်ပြထားသည်။
ယင်းသို့ ရွှေ့ပြောင်း ချင်းရွာ ဖျက်ဆီးခံရမှုကို ဒေသတွင်း ရုပ်သံများ၌ အပြန်အလှန် ဆွေးနွေးမှုများရှိပြီး ယင်းသို့ ဖျက်ဆီးမှုအပေါ် ကန့်ကွက်သူများရှိသကဲ့သို့ ထောက်ခံအားပေးသူများလည်း ရှိကြောင်း သိရသည်။
Saikhumphai Bawk ကျေးရွာသည် ၁၉၉၇ ခုနှစ်က စတင်၍ အန္ဒိယလယ်ပိုင်ရှင်များထံတွင် လယ်သမားအဖြစ် သွားရောက်လုပ်ကိုင်နေသည့် မိသားစု ၄ ဦး အခြေချနေထိုင်ရာမှ စတင်ခဲ့ကြောင်း၊ နောင်တွင် အသစ် ရောက်လာသူများနှင့် အိမ်ခြေများ တိုးပွားလာခဲ့ပြီး လက်ရှိတွင် အိမ်ခြေ ၆၀ နီးပါးနှင့် လူဦးရေ ၃၂၆ ဦးရှိကြောင်း၊ ယင်းတို့အနက် ၉၉ ဦးမှာ အိန္ဒိယဥပဒေအရ အိန္ဒိယမှတ်ပုံတင် ရရှိထားသူများဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေအရ ယင်းနိုင်ငံတွင် ၁၀ နှစ် နေထိုင်ပြီးသူများသည် နိုင်ငံသား လျှောက်ထားခွင့်ရှိပြီး ယင်းနိုင်ငံတွင် မွေးဖွားသူများသည် အလိုအလျောက် နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသည်။
ယင်းကျေးရွာသည် နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ အဓိက ဝင်ရောက်နေသည့် ရွာဖြစ်သည်ဟု ဒေသခံတချို့က စွပ်စွဲထားကြောင်းလည်း သိရသည်။
အဆိုပါကျေးရွာတွင် အစိုးရ အလယ်တန်းကျောင်း တကျောင်း၊ မူလတန်းကျောင်း တကျောင်း၊ မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုဌာန တခုရှိပြီး ကျန်းမာရေး စောင့်ရှောက်ခံပိုင်ခွင့်နှင့် စာသင်ကြားခွင့်များ ရှိကြောင်း သိရှိရသည်။
အထက်ဖော်ပြပါ အမည်မဖော်လိုသည့် ချင်းတိုင်းရင်းသားက “တကယ်ဆိုရင် သူတို့က နိုင်ငံတကာက မသိတဲ့ ဒုက္ခသည် အစစ်အမှန်တွေပါ။ အခုတော့ အခြေအနေ တင်းမာနေတယ်။ ဒေသခံ မီဇိုးတွေက ဒီကိစ္စကို ဘယ်နေရာရောက်ရောက် ဖြေရှင်းရဲတယ်လို့ ပြောနေတယ်” ဟု ဆိုသည်။
နေအိမ်များ ဖျက်ဆီးခံရသူများသည် နီးစပ်ရာ ကျေးရွာများရှိ ဆွေမျိုးသားချင်းများထံတွင် ခေတ္တ ခိုလှုံနေထိုင်လျက် ရှိကြောင်း သိရသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်တခုဖြစ်ပြီး ချင်းပြည်နယ်ကို စွန့်ခွာကာ အိန္ဒိယနယ်စပ်သို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူ စုစုပေါင်း ၁ သိန်းဝန်းကျင်ရှိကြောင်း သိရှိရသည်။
၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံသားတဦးက အသက် ၁၂ နှစ်အရွယ် အန္ဒိယ မိန်းကလေးတဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသား အားလုံး နှင်ထုတ်ခံခဲ့ရဖူးသည်။