ယခင်က အစိုးရ သတင်းစာများတွင် ထည့်သွင်း ကြေညာလေ့ရှိသော အများသိစေရန် ကြော်ငြာခြင်း၊ ကုန်အမှတ်တံဆိပ် ကြေညာခြင်းနှင့် အမှုအခင်းများအတွက် တဘက်နှင့်တဘက် အပြန်အလှန် ကြေညာခြင်းများသည် ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်း ကြော်ငြာပါကလည်း ဥပဒေအရ တရားဝင်ကြောင်း သိရသည်။
ပုဂ္ဂလိက သတင်းစာများတွင် ယင်းကြေညာခြင်းများ ပြုလုပ် မလာကြသေးခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများ အနေဖြင့် လက်ရှိအချိန်တွင် အစိုးရ သတင်းစာတွင် ထည့်သွင်းမှသာလျှင် တရားဝင် ဖြစ်၍ ခိုင်မာသည်ဟု ယုံကြည် နေကြသေးသည့်အပြင် ပုဂ္ဂလိက သတင်းစာများသည် အစိုးရ သတင်းစာနှင့် ယှဉ်လျှင် တနိုင်ငံလုံးသို့ ပျံ့နှံ့မှု အားနည်း သေးသည့်အတွက် ဖြစ်နိုင်ကြောင်း ဥပဒေ အကျိုးဆောင် ဦးယုကြိုင်က ပြောသည်။
“နောက်ပိုင်း ပုဂ္ဂလိက သတင်းစာတွေ အနေနဲ့ အစိုးရ သတင်းစာကို ပျံ့နှံ့တဲ့ စောင်ရေရော၊ လူထုရဲ့ ယုံကြည်မှုရော ယှဉ်နိုင်လာတဲ့ အချိန်ဆိုရင် ဒီလိုကိစ္စရပ်တွေလည်း ပုဂ္ဂလိက သတင်းစာတွေမှာ ထည့်လာကြမှာပါ။ လက်ရှိအချိန်က သူတို့လည်း အခုမှ စနေတဲ့ အချိန်ဆိုတော့ ပြောရခက် နေသေးတယ်။ လူတွေက ဥပဒေကြောင်းအရ အစိုးရ သတင်းစာကို ပိုယုံကြည်မှု ရှိကြတယ်” ဟု ၎င်းက ဆိုသည်။
ဥပဒေအရ မည်သည့် သတင်းစာများတွင်မဆို ထည့်သွင်းလျှင် တရားဝင်ကြောင်း၊ ဥပဒေတွင် ပြဌာန်းထားချက် ကလည်း အစိုးရ သတင်းစာဟု ပြဌာန်းထားခြင်း မရှိသည့်အတွက် မည်သည့် သတင်းစာတွင် ထည့့်သည်ဖြစ်စေ အများသိစေရန် ပြုပြီးဖြစ်သည်ဟု ယူဆရမည်သာဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဧရာဝတီသို့ ပြောသည်။
ကြေညာချက်များ ထုတ်ပြန်ရာတွင် အမှန်တကယ် သိစေချင်သူထံ တိုက်ရိုက် ဆက်သွယ်၍သော်လည်းကောင်း၊ ထိုသူထံ တိုက်ရိုက် စာပေးပို့၍ သော်လည်ကောင်း ကြေညာခြင်းမျိုးလည်း ရှိကြောင်း၊ တချို့က အရှက်ခွဲလိုသော ဆန္ဒဖြင့် လည်းကောင်း၊ တဘက်နှင့်တဘက် ဆက်သွယ်ရေး ခက်ခဲမှုများကြောင့် သော်လည်းကောင်း ယခုကဲ့သို့ သတင်းစာများတွင် ထည့်သွင်း ကြေညာခြင်းမျိုးလည်း ရှိနိုင်ကြောင်း သူက ရှင်းပြသည်။
သို့သော် ဥပဒေအရ မည်သည့်နေရာမှဖြစ်စေ ကြေညာချက် ထုတ်ပြန်ထားလိုက်လျှင် တရားရုံးများ၌ သက်သေအဖြစ် တင်ပြရန် အကျုံးဝင်ပြီး ရောင်းရေးဝယ်ရေးများ အတွက်လည်း တရားဝင်ကြောင်း ဦးကိုနီက ဆိုသည်။
“ဥပမာ – ရောင်းဝယ်တဲ့ ကိစ္စတွေမှာ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၃ အရ ဘယ်သတင်းစာမှာပဲ ထည့်ထည့် အများသိပြီး ဖြစ်တယ်လို့ မှတ်ယူရမယ် ဆိုတာ အတိအလင်း ပြောပြီးသားပါ။ အစိုးရ သတင်းစာမှာ ထည့်တာတောင်မှ တကယ်တမ်း ပြန်ကြည့်ရင် လူသိပ်သိတာမှ မဟုတ်တာ။ ဥပဒေ သဘောအရပဲ အတည်ဖြစ်အောင် လုပ်ကြတာ” ဟု သူက ဆိုသည်။
သို့ရာတွင် အစိုးရ သတင်းစာများတွင် ထည့်သွင်း ကြေညာသည့်အခါ ကြေညာချက်နှင့် ပက်သက်ပြီး အထောက်အထားများ မှန်ကန်ကြောင်း ပြသနိုင်မှသာ ထည့်သွင်း ကြေညာခွင့်ရှိကြောင်း သိရသည်။
ထို့အပြင် ရှေ့နေများအနေဖြင့် ထည့်သွင်းမည် ဆိုလျှင်လည်း လိုင်စင်မှန်ကန်မှု၊ မိမိထည့်သွင်းမည့် အကြောင်းအရာ အပေါ် တာဝန်ယူမှု ရှိမှသာ ထည့်သွင်းသည့် အတွက် နောက်ပိုင်း ပုဂ္ဂလိက သတင်းစာများ အနေဖြင့် ထိုကဏ္ဍ များအတွက် မည်သို့ စီမံပေးမည်ကို မသိရသေးကြောင်း ဥပဒေအကျိုးဆောင် ဦးယုကြိုင်က ပြောသည်။
ပုဂ္ဂလိက သတင်းစာများသည် မကြာသေးခင်ကမှ ထုတ်ဝေခွင့်ရခဲ့ကြပြီး အစိုးရသတင်းစာကဲ့သို့ စောင်ရေ ပျံ့နှံ့မှု ရှိလာအောင် အားယူ နေရချိန်ဖြစ်ကြောင်း၊ နောက်ပိုင်းဆိုလျှင် ထိုကိစ္စမျိုး ထည့်သွင်း လာနိုင်မည်ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ရရှိထားပြီးဖြစ်သော The Messenger Journal မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ပေါ်ထွန်းက ဆိုသည်။
“အခုချိန်ကတော့ ပုဂ္ဂလိက သတင်းစာတွေက အားနည်းနေသေးတယ်လေ။ အစိုးရသတင်းစာမှ တရားဝင်တယ် လို့ဖြစ် လာတဲ့ အစဉ်အလာ ကလည်း ရှိနေသေးတယ်။ ဒါပေမယ့် အစိုးရ သတင်းစာမှာထည့်မှ တရားဝင်ဖြစ်ကြောင်း ကြေညာ တာမျိုး မကြားမိသေးပါဘူးဗျာ။ နောက်ပိုင်းတော့ ဒီလိုကိစ္စတွေလည်း ပုဂ္ဂလိက သတင်းစာတွေမှာ တွေ့လာရမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
အစိုးရ သတင်းစာတွင် ထည့်သွင်းနေသော အယ်ဒီတာထံ ပေးစာ၊ လူထုအော်သံ စသော ကဏ္ဍများ ကိုလည်း ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်း လာတော့မည် ဖြစ်သည့်အတွက် ဌာနဆိုင်ရာများ အနေဖြင့် သတင်းစာအစုံကို မပြတ်ဖတ်ရှု ရတော့မည့် အနေအထားမျိုး ဖြစ်လာကြောင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ စည်ပင်သာယာရေးဌာန အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
သက်ဆိုင်ရာ ဌာနများဘက်ကလည်း မိမိတို့၏ မြို့နယ်အတွင်းမှ ဖြစ်ပျက်မှုများကို သတင်းစာတွင် ဖော်ပြလိုက်ပြီးလျှင် မဖြစ်မနေ ဖြေရှင်းရန် အထက်မှ ခိုင်းလေ့ ရှိသည့်အတွက် ညွှန်ကြားချက် ရောက်မလာမီ မိမိတို့ အရင်သိရှိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကိုယ့်မြို့နယ်မှာ ဘာဖြစ်နေတယ်ဆိုတာ သတင်းစာမှာ ပါတာတောင် ကိုယ်ကမသိရင် အထက်က အပြောခံရတော့မှာ။ သတင်းစာတွေ စုံအောင်သာ ဝယ်ဖတ်ရရင်လည်း ဌာနတွေအနေနဲ့ တကယ်မလွယ်ဘူးဗျာ။ မဖတ်လို့ကလည်း မရတဲ့ပုံစံ ဖြစ်လာတယ်” ဟု အဆိုပါ စည်ပင်အရာရှိက ဆိုသည်။
ဧပြီလ ၁ ရက်နေ့မှ စတင်ထုတ်ဝေခွင့် ရပြီးဖြစ်သော ပုဂ္ဂလိက သတင်းစာ ၂၆ စောင်ထဲမှ လက်ရှိ ထွက်ရှိနေပြီ ဖြစ်သော သတင်းစာ ၉ စောင်ရှိကြောင်း သိရသည်။