Crime

အမှောင်ညထဲက ကြောက်လန့်နေသော ရန်ကုန်

This article has been converted from Zawgyi One to Unicode

အသေးငယ်ဆုံးလို့ ဆိုနိုင်သည့် အရာတခုကနေ ဒုက္ခတွေ ဘယ်လိုစခဲ့သည်ဆိုတာကို သူတို့မြင်ခဲ့ရသည်။ ဘာသာရေး ဇောကပ်နေပြီး  အုတ်ခဲများ၊ ဒါးများ ကိုင်စွဲထားသည့် ဒေါသတကြီး လူအုပ်စုကြီး၏ ရှေ့တွင် စွမ်းဆောင်ရည် အားနည်းသော ရဲတပ်ဖွဲ့ကို သူတို့ မြင်ခဲ့ရသည်။ ရုပ်မြင်သံကြားနှင့် သတင်းစာတွေပေါ် ညအမှောင်ထဲ မီးတောက်များက အိုးအိမ်များအား ဝါးမျိုလိုက်သည့်မြင်ကွင်းကိုလည်း သူတို့မြင်ခဲ့ပြီးပြီ။ ထို့ကြောင့် လမ်းများပေါ်တွင် သံဆူးကြိုး အတားအဆီးများကို စိုက်ထူလိုက်ကြပြီး လမ်းထောင့်များတွင် ကိုယ်ထူကိုယ်ထ ကင်းသမားတွေ ချထားရသည်။ ကင်းတလှည့်လျှင် လူဆယ်ယောက်ခန့် စုစည်းပြီး အမှောင်ထုကို ဖြတ်ကျော်ဝင်ရောက်လာမည့် အန္တရာယ်များ၏ အချက်ပေးသံကို စောင့်ဆိုင်းနေကြသည်။

အကြောက်တရားက ရန်ကုန်မြို့၏ လမ်းတွေတလျှောက် လှည့်လည်နေသည်။ အထူးသဖြင့် မွတ်စလင် လူနည်းစု အသိုက်အဝန်းကို ပိုပြီး တုန်လှုပ်စေ၏။ ထိခိုက် ပျက်ဆီးလွယ်သည့် ဒီမိုကရေစီကို ခြိမ်းခြောက်နေသော ဘာသာရေးအဓိကရုဏ်း ကျယ်ပြန့်လာနေသည်ကို စောင့်ကြည့်ရင်း သူတို့အိမ်တွေနား တွားတက်လာသလို ခံစားနေ ကြရသည်။ ကာကွယ်ပေးနိုင်မည့် အစိုးရ၏ စွမ်းဆောင်ရည်ကို ယုံကြည်မှု အားလျော့လာရသည်နှင့် အမျှ အစွန်းရောက်တို့၏ မွတ်စလင်ဆန့်ကျင်ရေးကလည်း အရှိန်ရလာသည့်အခါ ရွေးချယ်စရာ နည်းပါးလာပြီး မိမိကိုယ်မိမိ ကာကွယ်ရန် ကြိုးစားဖို့သာ ရှိကြောင်း တွေးမိလာကြသည်။

အချို့သောရပ်ကွက်များတွင် ကိုယ်ပိုင်လှည့်ကင်းတွေ ဖွဲ့စည်းလိုက်ကြသည်။ အခြားနေရာများတွင် တိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်ခဲ့ရသော မွတ်စလင်ဘာသာရေးကျောင်းတွေကို ပိတ်ထားလိုက်ကြသည်။ ကံကောင်းသူ အချို့ကတော့ မွတ်စလင် အများစုနေထိုင်ရာ မလေးရှားနိုင်ငံကို အလည်အပတ်သွားရောက်ဖို့ ဗီဇာ ရရှိသွားကြပြီး အေးအေးသက်သာ ရှောင်ထွက် သွားနိုင်ခဲ့ကြသည်။

ရန်ကုန်ရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင်များ ဘေးချင်းကပ်ပြီး နေထိုင်ကြသည်။ တချိန်က စည်ကားရှုပ်ထွေးခဲ့သော မင်္ဂလာတောင်ညွှန့်၏ လမ်းများသည် ညဆယ်နာရီခန့်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အားနည်းဖျော့တော့သည့် လမ်းမီးတိုင်များ၏ အောက်တွင် တခါတရံ ဖြတ်သန်းသွားသည့် ဆိုက်ကား တစီးတလေကိုသာ မြင်ရသည်။ လမ်းပိတ်ဆို့ရန်အတွက် အရေးပေါ်စီစဉ်ထားသည့် ခုံများ၊ လက်တွန်းလှည်းများနှင့် သံဆူးကြိုး အကာ အရံများက လမ်းထောင့်တိုင်းတွင် တွေ့ရ၏။

လမ်းထောင့်များတွင် ညဆယ်နာရီမှ မနက်ခြောက်နာရီအထိ ကင်းစောင့်ရန် စေတနာ့ဝန်ထမ်း တာဝန်ယူရသူများ၏ လက်ထဲတွင် လက်ကိုင်ဖုန်းတလုံးသာ ရှိသည်။ ခေါင်းဆောင်များသည် ထူးခြားသောအခြေအနေရှိပါက အချင်းချင်း ဖုန်းဆက် အကြောင်းကြားရန် အချိန်းအချက် ပြုထားကျပြီး ကျန်သည့်သူတွေကတော့ ငြိမ်းချမ်းရေး စတစ်ကာကပ်ထားသည့် ဗင်ကားတစီး နှင့် ထရပ်ကားဟောင်းတစီးကိ ုအသုံးပြု ကင်းလှည့်ကြသည်။

“ဒီအဖွဲ့က ဗုဒ္ဓဘာသာတွေအတွက်လည်း မဟုတ်ဘူး၊ မွတ်စလင်တွေအတွက်လည်း မဟုတ်ဘူး။ ဒီမြို့နယ်မှာ နေတဲ့သူ အားလုံးအတွက်ပါ။ ကျမတို့ ဒီမှာ တူတူနေခဲ့ကြတာ ကြာပါပြီ။ ကျမတို့ကြားက ခင်မင်မှုတွေ ပျက်စီးသွားမှာကိုလည်း အရမ်း စိုးရိမ်ပါတယ်။ ဒါကြောင့် ဘာသာပေါင်းစုံ စုပေါင်းပြီး စေတနာ့ဝန်ထမ်း ကင်းစောင့်နေကြတာပါ” ဟု ကင်းစောင့်သူများကို စုစည်းရန် ကူညီပေးနေသည့် အသက် ၃၆ နှစ်အရွယ် မွတ်စလင် အမျိုးသမီး ခင်မာယာထွေးက ပြောသည်။

ဘာသာရေးကိုအကြောင်းပြုသော မတည်ငြိမ်မှုများသည် ယမန်နှစ်က ရခိုင်ပြည်နယ်တွင် စတင်ခဲ့ပြီး အဓိကရုဏ်း နှစ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် လူ ၁၉၂ ယောက်သေဆုံးခဲ့သည်။ ယခုနှစ် မတ်လတွင်လည်း ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး သုံးရက်ကြာသည့် ထိုဆူပူမှုတွင် လုံခြုံရေးတပ်ဖွဲ့များ ရှေ့မှောက်၌ပင် လူပေါင်း ၄၃ ယောက် သတ်ဖြတ်ခြင်းခံခဲ့ရ၏။

ထိုပရမ်းပတာ ဖြစ်ရပ်တွေက ယခုအပတ်ထဲတွင် ရန်ကုန်မြို့၏မြောက်ဖက် မိုင်ငါးဆယ်ခန့်သာ ကွာဝေးသော ဥက္ကံမြို့အထိ ရောက်လာသည်။ အင်္ဂါနေ့က လူသူရှုပ်ထွေးနေသော ဥက္ကံဈေးထဲတွင် ဗုဒ္ဓဘာသာကိုရင်ကလေး နှင့် မွတ်စလင် အမျိုးသမီးတယောက် ဝင်တိုက်မိကြပြီး မြေပေါ်သို့ ကိုရင်လေး၏ သပိတ်အဖုံးကျကွဲသွားရာမှ စခဲ့သောပြဿနာသည် ဗုဒ္ဓဟူးနေ့ ရောက်သည့်အခါ လူ ၁ ယောက်သေ၍ ဗလီ၊ ဆိုင်နှင့် အိမ် စုစုပေါင်း ၁၆၀ ခန့် ပျက်စီးဆုံးရှုံးသွားသည်။ ကြောက်ရွံ့တုန်လှုပ်နေသော မိန်းမနှင့် ကလေးငယ်များသည် မီးကျွမ်းနေသော သစ်သားတိုင်များနှင့် ပြာပုံထဲမှ တလူလူ တက်နေသော မီးခိုးငွေ့များကို ကြောင်တောင်တောင် ငေးမောကြည့်နေကြသည်။ ဥက္ကံမြို့တွင် ရဲစခန်း ရှိသော်လည်း တိုက်ခိုက်မှုများကို ရပ်တန့်သွားရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

“ဒီ တိုင်းပြည်က ဥပဒေမရှိတဲ့ တိုင်းပြည်လိုပါပဲ။ တရွာလုံး မီးရှို့ခံလိုက်ရတာတောင် ဘာမှမဖြစ်သလိုပဲ” ဟု မီးရှို့ခံလိုက်ရသည့် ဥက္ကံမြို့အနီးရှိ ရွာတရွာမှ အသက် ၄၈နှစ် အရွယ် ကိုအေးသောင်းက ပြောသည်။

မင်္ဂလာတောင်ညွှန်မြို့နယ်မှာ နေထိုင်သူများကတော့ မိတ္ထီလာ အဓိကရုဏ်း ဖြစ်ပွားပြီးကတည်းက ကင်းစောင့်နေခဲ့ကြသည်။ ကင်းစောင့်သူများကို ကူညီပေးနေသည့် အသက် ၄၅ နှစ်အရွယ် အစ္စလမ်ဘာသာဝင် ကိုထွန်းကြည်က ပြဿနာ တစုံတရာဖြစ်ပွားလာပါက မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲရှိ ဘုန်းကြီးကျောင်းများသို့သွားကာ အခြေအနေကို ထိန်းသိမ်းပေးရန်အတွက် သံဃာတော်များကို ခေါ်ဆောင်လာမည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ တစုံတရာ ထည့်သွင်းပြောဆိုခြင်း မရှိပါ။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကလည်း အရှိန်ပြင်းစွာဖြင့် ဂမူးရှူးထိုး မောင်းလာသည့် ကားတစီးပေါ်မှ လူငယ်များက အော်ဟစ်ဆဲရေး ရန်စသွားကြသည်။ ထိုဖြစ်ရပ်က ရပ်ကွက်သူ၊ ရပ်ကွက်သား များကို ပိုပြီးသတိကြီးစေခဲ့သည်။

“ကျနော်တို့  သူတို့နောက်ကိုလိုက်တော့ ထွက်ပြေးသွားကြတယ်” ဟု အသက် ၂၆နှစ်အရွယ် မွတ်စလင် ဈေးဆိုင်ပိုင်ရှင်တယောက်ဖြစ်သည့် ကိုသန့်ဇော်က ပြောသည်။ သူသည် တနေ့လျှင် ၂နာရီ ခန့်သာ အိပ်စက်ပြီး သူနေထိုင်ရာ လမ်းထဲမှ ကင်း ၅ ခု အနက် တခုကို တာဝန်ယူစောင့်ကြပ်နေသူ ဖြစ်သည်။

ကိုသန့်ဇော်ဘေးတွင် ရပ်နေသူမှာ အသက် ၂၅ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင်တယောက်ဖြစ်သည့် ကိုသူရသန်း ဖြစ်သည်။ ကိုသူရသန်းက ဆေးမင်ကြောင်များ ထိုးထားသည့်လက်ဖြင့် လူငယ်တဦးကိုညွှန်ပြရင်း “ ကျနော်က  မွတ်စလင်၊ သူက ဗုဒ္ဓဘာသာ။ ဒီမှာ နေနေကြတဲ့ ကျနော်တို့တွေချင်း ဘာမှ စိုးရိမ်စရာ မရှိဘူး၊ အပြင်က ရောက်လာမယ့် သူတွေ အတွက်ပဲ စိတ်ပူတယ်” ဟု ဆိုသည်။

သက်တောင့်သက်သာမရှိသည့် အခြေအနေကို ပိုပြီးလေးနက်စေသည်က ယခင်နှစ်တွေက စတင်ခဲ့သည့် ၉၆၉ ဟုခေါ်ကြသည့် ဗုဒ္ဓဘာသာ အစွန်းရောက် လှုပ်ရှားမှုတရပ် ကြီးထွားလာနေခြင်းပင်။ ယင်းလှုပ်ရှားမှုက ဗုဒ္ဓဘာသာဝင်များကို ဗုဒ္ဓဘာသာဝင် ဆိုင်များတွင်သာ ဈေးဝယ်ရန်၊ ဘာသာခြားနှင့် အိမ်ထောင်မပြုရန်၊ မိမိတို့၏ ပိုင်ဆိုင်မှုများကို  မွတ်စလင်များသို့ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန် တိုက်တွန်းထားသည်။ ၉၆၉၏ အဆုံးအမများသည် ငြိမ်းချမ်းရေးကို ဖောက်ဖျက်ရန်မဟုတ်သော်လည်း ဥက္ကံမြို့မှ လူအချို့ကမူ ဖြစ်ပွားခဲ့သော ဆူပူမှုသည် ၉၆၉ စတစ်ကာများနှင့် ပတ်သက်နေသည်ဟု ယူဆကြသည်။ မြို့ခံနိုင်ငံရေးသမားတယောက်ဖြစ်သည့် ဦးမြင့်သိန်းကလည်း ပြီးခဲ့သည့် ဆူပူမှုများတွင် ၉၆၉ ကိုထောက်ခံသူများ ပါဝင်ခဲ့ကြောင်း ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူတဦးဖြစ်သော ဦးထွန်းကြည်ကလည်း ရန်ကုန်မြို့တွင် ၉၆၉ လှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ မွတ်စလင်များကို အနှောင့်အယှက်ပေးခြင်း ပိုများလာသည်ဟု ဆိုသည်။ “ဒါဟာ ၉၆၉ ကြောင့်ပါပဲ” ဟု သူကပြောသည်။

ထိုလှုပ်ရှားမှုကို ဗုဒ္ဓဘာသာဝင်များသာ နေထိုင်ကြသော ကျောက်မြောင်းတွင် တွေ့နိုင်သည်။ ၉၆၉ ကို လှုပ်ရှားမှု မတိုင်ခင်တည်းက ကျောက်မြောင်းဒေသခံများသည် ၎င်းတို့အိမ်များကို မွတ်စလင်များသို့ ငှားရမ်းခြင်း ရောင်းချခြင်း လုံး၀ မပြုခဲ့ကြပေ။

မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မွတ်စလင်ဘာသာရေးေကျောင်း ဆယ်ခုကျော်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် မတ်လ နှောင်းပိုင်းကထဲက ပိတ်ထားခဲ့သော်လည်း ကျောက်မြောင်းမှာတော့ ၉၆၉ ထောက်ခံသူများက ဗုဒ္ဓဘာသာ ကလေးသူငယ်များအတွက် ဘာသာရေးကျောင်းများကို ဖွင့်လှစ်နေခဲ့သည်။

ယဉ်ကျေးလိမ္မာသင်တန်း ဘာသာရေးကျောင်းများကို ၉၆၉ လှုပ်ရှားမှု စတင်သူ ဘုန်းကြီးများထဲမှ တဦးဖြစ်သူ ဦးဝိမလဘိဝံသ တည်ထောင်ထားသော ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ တောင်ဖက်ပိုင်း မွန်ပြည်နယ်မှ ကွန်ယက်တခုတွင်ပါဝင်ပြီး သူ၏ ဆောင်ပုဒ်မှာ “လိုအပ်လာတဲ့အချိန် ငါတို့ရဲ့အရိုးတွေနဲ့ ခြံစည်းရိုးခတ်ရမယ်” ဟူ၍ဖြစ်သည်။

“အဲဒါက ကိုယ့်ရဲ့ ဘာသာ၊ သာသနာအတွက် သေဆုံးရတာ မြင့်မြတ်တယ်လို့ ဆိုလိုတာပါ” ဟု ၉၆၉ လှုပ်ရှားမှုကို ထောက်ခံသူတဦး ဖြစ်သည့် ဦးဆွေအောင် ကပြောသည်။

ပရဆေးရောင်းသူတယောက်ဖြစ်သော ဦးဆွေအောင်သည် တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်းများတွင် ဆရာ အဖြစ် စေတနာ့ဝန်ထမ်း လုပ်အားပေးနေသူဖြစ်သည်။ စက်တင်ဘာလအထိ ကျောင်းပေါင်း ၂၀ ခန့် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့ ပြီး တနိုင်ငံလုံး အတိုင်းအတာနှင့်ဆိုလျှင် ကျောင်းပေါင်း ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း သူကပြောပြသည်။

ဖောင်ဒေးရှင်းမှ ထုတ်ပေးထားသော အညိုရောင် တဘက်များ ဆင်တူလွှမ်းခြုံထားသည့် ကျောင်းသားကျောင်းသူများသည် သင်တန်းမစခင် ဇေယျာမင်္ဂလာကျောင်းတိုက်မှ ဘုန်းကြီးတပါးထံတွင် သီလယူကြရသည်။ စုစည်းတည်ထောင်သူများ၏ အဆိုအရ ကျောက်မြောင်း ကျောင်းတခုထဲမှာပင် ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ရှိသည်ဟု သိရသည်။ သင်ရိုးညွှန်းတမ်း အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ကိုယ်ကျင့်သိက္ခာ၊ ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းနှင့် ကမ္မဋ္ဌာန်း တရားထိုင်ခြင်း တို့ကို အဓိကထား၍ သင်ကြားပေးသည်ဟု ကျောင်းက ဆရာဆရာမများပြောသည်။

“ကျနော်တို့က ကလေးတွေကို မုန်းတီးတတ်အောင် သင်မပေးပါဘူး” ဟု ဦးဆွေအောင်က ဆိုသည်။ ဘာသာရေးအဓိကရုဏ်းများနှင့် မူဆလင်ကမ္ဘာ၏ လွှမ်းမိုးလာမှုကိုမူ ဦးရွှေအောင် ကြောက်လန့်နေသည်။

ကမ္ဘာ့လူဦးရေ၏ ၆၄ ရာခိုင်နှုန်းသည် အစ္စလမ်ဘာသာဝင်များဖြစ်ကြကြောင်း ပြသထားသည့် မြေပုံကားချပ်တခုကို အတန်း၏ ရှေ့တွင်ချိတ်ဆွဲထားသည်။ အမေရိကန် စစ်တမ်း သုတေသန အဖွဲ့ Pew နှင့် John Templeton ဖောင်ဒေးရှင်းတို့၏ ၂၀၁၀ ခုနှစ် တွင် တွေ့ ရှိချက်အရဆိုလျှင်မူ ကမ္ဘာ့လူဦးရေ၏ ၂၃.၄ ရာခိုင်နှုံးသည် မူဆလင်များဖြစ်သည်။

“မွတ်စလင်တွေကို ကျနော်ကြောက်တယ်။ ဒါကြောင့် စည်းခြားထားချင်တယ်။ အစ္စလမ်မှာက သူတို့ဘာသာအရ လူသတ်ခွင့် ရှိတယ်၊ လူသတ်လဲ ကောင်းကင်ဘုံကို ရောက်ကြတာပဲတဲ့။ တကယ်လို့ မွတ်စလင်တွေက ဗုဒ္ဓဘာသာတွေကို မသတ်ဘူးလို့ ကတိပေးရင် ကျနော်တို့ သူတို့ဆိုင်တွေမှာ ဝယ်မယ်၊ စားမယ်။ ကျနော်တို့အိမ်မှာ သူတို့ကို နေခွင့်ပေးမယ်” ဟု ဦးရွှေအောင်က ဆိုသည်။

ညနက်လာသည့်အခါ မင်္ဂလာတောင်ညွှန့်တွင် နေထိုင်သူများနှင့်ကျောက်မြောင်းက လူတွေ ပိုပြီး ဝေးကွာသွားကြသည်။

သန်းခေါင်ယံနီးလာသည့်အချိန်တွင် မင်္ဂလာတောင်ညွှန့်၏ လေသာဆောင်များတွင် လူရိပ်တွေ ပေါ်လာသည်။ သူတို့တိုက်အောက် ဧည့်သည်သတင်းထောက်များကို မသင်္ကာကြလို့ဖြစ်သည်။ “ဘယ်သူလာတာလဲ” “ဘာဖြစ်တာလဲ” သူတို့ တွေးဆကြပေမည်။

လူငယ်ယောက်ျားလေးတွေ အိမ်ထဲကနေထွက်လာကြပြီး သတ်မှတ်ထားသည့် ဆုံရပ်မှာ စုစည်းကြသည်။

သူတို့ ၉၆၉ ကို ကြောက်ကြသည်။ အဖမ်းခံရမှာကို ကြောက်ကြသည်။ သူတို့ နေအိမ်များ မီးရှို့ခံရမှာကို ကြောက်ကြသည်။ သူတို့ ဘယ်တော့မှ သက်သေပြ ဖော်ထုတ်နိုင်မှာ မဟုတ်သည့် ပူးပေါင်းကြံစည်ခြင်းများကို ကြောက်ကြသည်။ သူတို့ မထိန်းချုပ်နိုင်သည့် ကြီးမားသော အမှောင်အင်အားများက အိမ်နီးချင်းမိတ်ဆွေများကြားမှာ ရစ်ဖွဲ့ထားသော အကြင်နာတရားများကို တိုက်ဖျက်နင်းချေသွားမှာကို သူတို့ကြောက်ကြသည်။

“ခုချိန်က အရမ်းထိခိုက်လွယ်တဲ့ အခြေအနေဖြစ်နေတယ်” ဟု ခင်မာယာထွေးက သတင်းထောက်များကို ထွက်သွားကြရန် တွန်းထုတ်ရင်းပြောသည်။ “သူတို့တွေ သွေးလန့်တဲ့ ရောဂါဖြစ်နေကြတယ်၊ ဆေးကုလို့လဲ ရမှာ မဟုတ်ဘူး” ဟု ထပ်ပြောသည်။

(The Associated Press ၏ Fear begets fear in Myanmar: Citizens take on security as Buddhist extremism, violence spread ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)

Loading