ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိသူ ဒေသခံများ အနေဖြင့် ခြေတုတပ်ဆင်ရန် မြို့ပေါ်သို့ သွားရေးလာရေး အခက်အခဲနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း မြေမြှုပ်မိုင်း ဒဏ်ခံရ သူများအရေး ဆောင်ရွက်နေသော Mine Action Myanmar အဖွဲ့မှ ဦးစောမိုးမြင့်က ပြောသည်။
ဘားအံမြို့တွင် ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်းစွမ်းရေး ဌာနကို အခမဲ့ ဖွင့်လှစ်ထားရာ ဖာပွန်၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့မှ ကျေးရွာ ဒေသခံများ အနေဖြင့် လာရောက် ကုသသူ နည်းပါးနေသေးကြောင်း ၎င်းက ဆိုသည်။
“လာတဲ့လူတွေဟာ များသောအားဖြင့် ခြေတုလက်တု တပ်ပြီးသာလူကနေ ပြန်ပြုပြင်တဲ့ လူတွေပဲ လာတာများတယ်၊ လုံး၀ မရှိတဲ့ လူကတော့ လာတာ သိပ်ရှားတယ်” ဟု ဦးစောမိုးမြင့်က ဆက်ပြောသည်။
ဘားအံမြို့ရှိ ခြေတုလက်တုဆိုင်ရာ ဌာနသို့ လာရောက် ကုသသည့် လူနာများကို အခမဲ့ ကုသပေးပြီး နေထိုင် စားသောက် စရိတ်များလည်း ပေးကြောင်း သိရသည်။
“မသွားလာရဲဘူး ဆိုတာက မြေမြှုပ်မိုင်းတွေ ရှိနေသေးလို့။ မျှစ်ချိုးသွားမယ်၊ ငါးသွားရှာမယ်၊ သွားနေရင်းနဲ့ မိုင်း ထိတာတွေ သူတို့ တွေ့နေရတယ်။ တွေ့နေရတော့ လွတ်လွတ်လပ်လပ် မသွားရဲဘူး” ဟု ဦးစောမိုးမြင့်က ရှင်းပြသည်။
လတ်တလောတွင် ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်းစွမ်းရေးဌာန အနေနှင့် ပြည်ပမှ လူသားချင်း စာနာသည့် အလှူရှင် တချို့၏ ကူညီထောက်ပံ့သည့် ငွေနှင့် ရပ်တည်နေခြင်း ဖြစ်သည်။
ယင်းဒေသများတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အသုံးပြုခဲ့သည့် မြေမြှုပ်မိုင်းများကို ပြန်လည် ဖော်ထုတ်နိုင်မှသာလျှင် ရွာသူရွာသားများ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်နိုင်မည် ဖြစ်ကြောင်း ဦးစောမိုးမြင့်က ထောက်ပြသည်။
“ဒီလို မိုင်းတွေ ရှင်းလင်းဖို့ ဆိုတာ တယောက်နဲ့ တယောက် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်၊ အခု ယုံကြည်မှု တည်ဆောက်နေတာက နည်းနည်းလေး နှေးနေတယ်” ဟု သူက ဆိုသည်။
မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိသူများထဲတွင် ရွာသူ ရွာသားများသာမက တိရစ္ဆာန်များ ပါဝင်ပြီး Mine Action Myanmar အဖွဲ့က ခြေတုလက်တု တပ်ဆင်ရေးကိစ္စ အတွက် လာမည့် အောက်တိုဘာ လဆန်းပိုင်းတွင် စည်းရုံးရေ ဆင်းရန် စီစဉ်ထားကြောင်း သိရသည်။
လတ်တလောတွင် လှိုင်းဘွဲ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဖာပွန်၊ ကမမောင်း၊ ဘုရားသုံး ဆူမြို့နယ်တို့အထိ သွားရန် စီစဉ်ထားပြီး ဖြစ်သည်။
ဦးစောမိုးမြင့်က “အကြောက်တရား ကတော့ အရင်ကလောက်တော့ မရှိတော့ဘူး၊ မြို့ကလူတွေကိုလည်း ယုံကြည်မှု ရှိလာပြီ။ အရင်ကဆိုရင် ယုံကြည်မှု မရှိဘူး၊ မရှိဘူး ဆိုတာက၊ သူတို့က မိသာစု အရေးရှိတာကိုး။ အခုတော့ ယုံကြည်မှု လေးတွေ ရှိလာကြပါပြီ။ ခေါ်ရင်လည်း လာချင်တဲ့ သဘောလေးတွေ ရှိကြပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား ဒေသများတွင် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေး စင်တာက ပြည်ပနိုင်ငံမှ အဖွဲ့အစည်း တချို့ကို ဖိတ်ခေါ်ထားပြီး စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာ အနေနှင့် မြန်မာ မိုင်းအက်ရှင် စင်တာ အဖွဲ့ကို ထူထောင်ရန်အတွက် ပြည်ပနိုင်ငံများမှ လူသားချင်း စာနာထောက်ထား၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ လက်ထောက်အမှုဆောင် ဒါရိုက်တာ ကိုနေမျိုးနိုင်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်နေသည့် အတွက် အကောင်အထည် ဖော်ဆောင်ရန် အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်း ကျောက်ကြီးနှင့် မုန်းမြို့ အကြားတွင် စစ်ပွဲလက်ကျန် မြေမြှုပ်မိုင်းများ ရှင်းလင်းရေး ဆောင်ရွက်ရန် အစိုးရနှင့် ကရင် အမျိုးသား အစည်း အရုံး (KNU) တို့အား တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ KNU အဖွဲ့၊ မြေမြှုပ်မိုင်းသင့် ပြည်သူများနှင့် တွေ့ဆုံခဲ့စဉ် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးကာကွယ်ရေး အဖွဲ့ (ICBL) က မြန်မာနိုင်ငံရှိ ၄၈ ဒေသတွင် မြေမြှုပ်မိုင်းများ အသုံးပြု နေကြောင်း ၂၀၁၂ နှစ်က ထုတ်ပြန်ထားသည်။
မိုင်းအသုံးပြုမှုကြောင့် လူအသေအပျောက် အဆိုးဆုံး နိုင်ငံထဲတွင် အာဖဂန် နစ္စတန်၊ ကိုလံဘီယာနှင့့် မြန်မာနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။
မိုင်း အသုံးမပြုရေး စာချုပ်ကို နိုင်ငံပေါင်း ၁၅၆ နိုင်ငံက လက်မှတ်ထိုး သဘောတူ ထားသော်လည်း ၃၉ နိုင်ငံက လက်မှတ် မထိုးကြောင်း၊ လက်မှတ် မထိုးသည့် နိုင်ငံများတွင် တရုတ်၊ အမေရိကန်၊ ရုရှား စသည့်နိုင်ငံများနှင့် အတူ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ICBL က ထုတ်ပြန်ထားသည်။