အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အစ္စလမ်အခြေခံဝါဒီများက မြန်မာနိုင်ငံကို တိုက်ခိုက်ရန် လှုံ့ဆော်မှု သတင်းများ ပြီးခဲ့သည့်အပတ်က ပေါ်ထွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အခြာ ရန်ကုန်မြို့ လုံခြုံရေးအတွက် အပြည့်အဝ ကာကွယ်စောင့်ရှောက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောဆိုလိုက်သည်။
“လုံခြုံရေးအရ ရဲတပ်ဖွဲ့အပြင် အထူးလေ့ကျင့်သင်ကြားထားသည့် ရဲတပ်ရင်းများလည်း ချထားတယ်။ ရန်ကုန်က စီးပွားရေး အချက်အချာကျတဲ့နေရာတစ်ခုပါ။ ဒီနေရာကို အထိပါးမခံရအောင် လုပ်ဆောင်ထားပါတယ်။ ပြည်သူ့အသက်အိုးအိမ်တွက် အကောင်းဆုံး ကာကွယ်သွားမှာပါ” ဟု ဦးမြင့်ဆွေက ဧရာဝတီသို့ ပြောကြားသည်။
မြန်မာနိုင်ငံအပေါ် ဘာသာရေးစစ်ပွဲဆင်နွဲရန် ဘာလီဗုံးဖေါက်ခွဲမှုအတွက် ယခုအခါ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသူ အဘူဘာကာ ဘာရှာက တိုက်တွန်းထားကြောင်း၊ အခြေခံဝါဒီများကလည်း မြန်မာသံရုံးရှေ့ ဆန္ဒပြရာတွင်လည်း အလားတူ ပြောဆိုကြောင်းနှင့် မြန်မာသံရုံးကို ဗုံးခွဲရန်ကြံစည်မှုဖြင့် အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့များက လူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများပေါ်ထွက်ခဲ့ရာ မြန်မာနိုင်ငံရှိ သတင်းစာများကလည်း ရေးသား ဖော်ပြကြသည်။ ယခုအခါ မြန်မာသံရုံးနှင့် မြန်မာသံတမန်များကို အင်ဒိုနီးရှားက လုံခြုံရေး အပြည့်အဝ ပေးထားရသည်။
“ပြည်သူတွေဘက်ကတော့ စိုးရိမ်တာတော့ ရှိမှာပါ။ မစိုးရိမ်စေချင်ဘူး။ လုံခြုံရေးပိုင်းကို အပြည့်အ၀ တာဝန်ယူထားပါတယ်။ အေးချမ်းသာယာရေးကို အဓိကထား ဆောင်ရွက်နေပါတယ်။ ဒီမှာ ရပ်ရွာအေးချမ်းသာယာရေးက အဓိကပဲ။ ဒါကိုဦးစားပေး ဆောင်ရွက်နေပါတယ်”ဟုလည်း ဦးမြင့်ဆွေကပြောသည်။
သို့ရာတွင် တိကျသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားနှင့် မည်သို့ စီမံထားကြောင်း တိကျစွာ ထုတ်ဖော်မပြောပေ။
ယခင်အပတ်မူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥက္ကံမြို့နယ်တွင် လူသတ် လုယက် မီးရှို့မှုများ ဖြစ်ပွားခဲ့ရာ လူတဦး သေဆုံးပြီး လူ ၉ ဦး ဒဏ်ရာရခဲ့သည်။ မွတ်စလင်ပိုင် ဆိုင်များ အိမ်များလည်း မီးရှို့ခံခဲ့ရသည်။
ရန်ကုန်မြို့တွင်လည်း ဘာသာရေး လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများ ကူးစက်လာမည်ကို စိုးရိမ်နေကြသည်။ ထို့အတွက် လုံခြုံရေးဆောင်ရွက်ရာတွင် ရဲဌာနများသာမက ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများပါ အဆိုင်းလိုက် လုံခြုံရေးတာဝန် များချထားကြောင်း ရန်ကုန်တိုင်းဒေသအဖွဲ့ရုံးမှ ဆိုသည်။
“ရပ်ကွက်တိုင်းမှာတော့ လုံခြုံရေးအနေနဲ့ စောင့်ပေးတာပါ။ ဘယ်ဘာသာဝင်မှ ကင်းစောင့်ရမယ် မရှိပါဘူး။ တတ်နိုင်သရွှေ့လုပ်တယ်။ ဧည့်စာရင်းစစ်တယ်။ လိုအပ်လို့ အထက်ကခိုင်းလို့ လုပ်ဆောင်တာပါ။ လုံခြုံရေး လုပ်ပေမယ့် ပြည်သူ့လွတ်လပ်ခွင့်ကို မထိပါးစေတဲ့ လုံခြုံရေးမျိုး လုပ်ဆောင်နေတာပါ”ဟု မင်္ဂလာဈေးအနီးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ရပ်ကွက်အုပ်ချုပ်ရေးမှုး တဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများတွင် လုံခြုံရေးပိုင်း ကိုင်တွယ်ဆောင်ရွက်မှု အားနည်းမှုများရှိကြောင်း လေ့လာသူများက ဝေဖန်လျက်ရှိပြီး လုံခြုံရေး ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် အားနည်းမှု၊ ခေတ်မီ နည်းပညာနှင့် ပစ္စည်းအင်အား မလုံလောက်မှုများကြောင့် ယခုကဲ့သို့ ဆုံးရှုံးမှုများခဲ့ကြောင်း ဆိုကြသည်။
“ရဲတွေမှာကတော့ သတ်မှတ်ချက်အလိုက် မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းတွေ ထားထားပါတယ်။ ဒါပေမယ့် ခေတ်မီ နည်းပညာနဲ့ လက်နက်တော့ လိုအပ်နေတယ်။ ဒီတော့ ဒီအပိုင်းကို နိုင်ငံတော်က ဖြည့်ဆည်းပေးရင် ခိုင်မာတောင့်တင်းလာမယ်။ တပ်မတော်ကို တည်ဆောက်သလိုပေါ့။ နိုင်ငံမှာ အခြေခံက ရဲ၊ ပြီး အထူးအေးဂျင့်စုံထောက်၊ ပြီးမှ တပ်မတော် ဒီလိုဖြစ်ရမှာပေါ့။ လက်ရှိ တပ်မတော် အစွမ်း ဘယ်လောက်ရှိလဲ မသိဘူး။ ဦးခင်ညွှန့်တုန်းက စသုံးလုံးက နိုင်ငံတကာမှာ တန်းဝင်တဲ့ အေးဂျင့်တခု သတ်မှတ်ခံရဖူးတယ်။ နောက်ပိုင်းတော့ မရှိတော့ဘူး။ လက်ရှိက ကြားရသလောက် မူခင်းတွေ များလာတယ်။ ရဲတွေ အသုံးမကျဘူးဆိုတာထက် ပံ့ပိုးမှု မရှိတာကြောင့် တိုးတက်မှုနှေးတာ” ဟု အငြိမ်းစား ရဲမှုးတဦးဖြစ်သူက ပြောသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် ရဲဝန်ထမ်း လေးသောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ လောက်ကို ထိန်းနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဗိုလ်မှုးကြီးတင်ဝင်းက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး တခုတွင် ပြောကြားခဲ့ဖူးသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက “ရဲတပ်ဖွဲ့တွေ နေ့ကောညပါ တာဝန်ယူထားပါတယ်။ အသေခံ ဗုံးခွဲတာကို တားနိုင်မလားဆိုတော့ ရအောင်တားမယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကာကွယ်သွားမှာပါ။ ဘာလက်နက်တွေရှိတယ်။ ဘယ်လိုတွေ ကာကွယ်မယ်။ ဘယ်သူတွေက တာဝန်ယူတယ်ဆိုတာထက် လူအင်အား၊ ခေတ်မီနည်းတွေက တခြားနိုင်ငံတွေထက် အားနည်းချင် နည်းမယ်။ ဒါပေမယ့် စိတ်ဓါတ်တော့ မနည်းပါဘူး”ဟု ဧရာဝတီသို့ပြောသည်။