ယခင် စစ်အစိုးရက တရားမဝင် သတင်းမီဒီယာအဖြစ် သတ်မှတ်ခဲ့ပြီး ကန့်သတ်ပိတ်ပင်မှုများ ခံခဲ့ရသော ဧရာဝတီ သတင်း ဌာနက အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေသည့် ဧရာဝတီမဂ္ဂဇင်းကို ရန်ကုန်နှင့် မန္တလေးမြို့ဈေးကွက်များတွင် ယနေ့ ပထမဆုံးအကြိမ် တရားဝင် စတင်ဖြန့်ချိရောင်းချလိုက်ပြီဖြစ်သည်။
၁၉၉၃ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အယ်ဒီတာဦးအောင်ဇော် စတင်တည်ထောင်ခဲ့သော ဧရာဝတီသတင်းဌာနက အင်္ဂလိပ်ဘာသာဖြင့် ဧရာဝတီမဂ္ဂဇင်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်ကပင် စတင်ထုတ်ဝေဖြန့်ချိခဲ့သော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းအမှောင်ချထားသော စစ်အစိုးရ၏ ပိတ်ပင်မှုများကြောင့် ပြည်တွင်း ဈေးကွက်တွင် မရောင်းချနိုင်ဘဲ ပြည်ပတွင်သာ ထုတ်ဝေဖြန့်ချိခဲ့ရသည်။
သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဧရာဝတီသတင်းဌာန တည်ထောင်သူ ဦးအောင်ဇော် အပါအဝင် အယ်ဒီတာ အဖွဲ့ကို မြန်မာပြည်တွင်းသို့ လာရောက် ခွင့်ပြုခဲ့ပြီး ဧရာဝတီသတင်းဌာန၏ ရန်ကုန်ရုံးခွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းနှင့် ၂၀၁၃ခုနှစ် မတ်လထုတ် ဧရာဝတီမဂ္ဂဇင်းများကို ပြည်တွင်းရှိ စာဖတ်ပရိသတ် များထံ အခမဲ့ ဖြန့်ဝေခဲ့ခြင်း ဖြင့် မိတ်ဆက်ခဲ့သည်။ ယခုမေလထုတ် ဧရာဝတီမဂ္ဂဇင်းကို အခကြေးငွေဖြင့် ပြည်တွင်း ဈေးကွက်တွင် စတင်ဖြန့်ချိ ရောင်းချခြင်းဖြစ်သည်။
လတ်တလော မေလထုတ် ဧရာဝတီမဂ္ဂဇင်းကို ရန်ကုန်မြို့တော်ရှိ အထင်ကရ စာအုပ်ဆိုင်ကြီးများဖြစ်သည့် တော်ဝင် စင်တာTab Book စာအုပ်ဆိုင်၊ ပန်းဆိုးတန်းလမ်းရှိ အင်း၀ စာပေတိုက်၊ စာပေလောက ၅ တို့တွင်လည်းကောင်း၊ မန္တလေးမြို့တော်ရှိ ညိုစာပေ၊ ရာပြည့် စာပေ၊ အင်း၀ စာပေတိုက်တို့တွင်လည်းကောင်း ဝယ်ယူနိုင်ပြီး ဧရာဝတီ မဂ္ဂဇင်း တအုပ်လျှင် ငွေ ၂၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ရန်ကုန်နှင့် နေပြည်တော်ရှိ City Mart ဈေးဝယ်စင်တာများ တွင်လည်း ဧရာဝတီမဂ္ဂဇင်း ဝယ်ယူနိုင်ရန် ဆက်လက် ဖြန့်ချိမည့် အစီအစဉ်များရှိကြောင်း ဧရာဝတီသတင်းဌာန၏ ရန်ကုန်ရုံးခွဲမှ မဂ္ဂဇင်းဖြန့်ချိရေး တာဝန်ခံ ကိုချမ်းမြေ့အောင်က ပြောသည်။
“ဈေးကွက်မှာ ဧရာဝတီ မဂ္ဂဇင်းကို တော်တော် စိတ်ဝင်စားတဲ့ သူတွေ ရှိနေပါတယ်၊ မနေ့က အင်း၀ စာပေကို ဧရာဝတီ မဂ္ဂဇင်း သွားတင်တော့ အဲဒီက မန်နေဂျာက ဧရာဝတီမဂ္ဂဇင်းကို တော်တော် သဘောကျတယ် လို့ ပြောတယ်” ဟု ကိုချမ်းမြေ့အောင်က ဆိုသည်။
ဧရာဝတီ မဂ္ဂဇင်းကို ယခု မေလမှ စတင်ပြီး တလ တကြိမ် ပုံမှန်ထုတ်ဝေသွားမည်ဖြစ်ပြီး အိမ်တိုင်ရာရောက် ဝန်ဆောင်မှုစနစ်ဖြင့် ဖတ်ရှုလိုသူများအတွက် ၃ လစာ မဂ္ဂဇင်း ၃ စောင်အတွက် ငွေကျပ် ၇၀၀၀ ကျသင့်မည်ဖြစ်ပြီး နောက်ထပ် ၁ လ မဂ္ဂဇင်း အခမဲ့ ဖတ်ရှုနိုင်သော အခွင့်အရေးရရှိမည်ဖြစ်သည်။ ၆ လစာ မဂ္ဂဇင်း ၆ စောင်အတွက် ၁၃၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး နောက်ထပ် ၂လ မဂ္ဂဇင်းအခမဲ့ဖတ်ရှုခွင့်ရရှိမည်ဖြစ်သည်။ တနှစ်စာ မဂ္ဂဇင်း ၁၂ စောင်အတွက် ငွေကျပ် ၂၅၀၀၀ ကျသင့်မည်ဖြစ်ပြီး နောက်ထပ် ၃ လစာ မဂ္ဂဇင်းအခမဲ့ ဖတ်ရှုခွင့်များရရှိမည်ဖြစ်သည်။
မဂ္ဂဇင်း အယ်ဒီတာ ကိုကျော်စွာမိုးက လစဉ်ထုတ်ဝေမည့် ဧရာဝတီမဂ္ဂဇင်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသုံးသပ်ချက်များ၊ အတွေးအမြင် ဆောင်းပါးများ၊ အထူးသတင်းဆောင်းပါးများ၊ ခရီးသွားဆောင်းပါးများ၊ အစားအစာနှင့်စားသောက်ဆိုင်အညွန်းများ၊ ယနေ့ ခေတ်အခြေအနေကို ရောင်ပြန်ဟပ်မည့် ကာတွန်းများကို ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပြီး ယခု မေလထုတ် ဧရာဝတီမဂ္ဂဇင်းတွင် ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာဝင်များအကြား ဖြစ်ပွားခဲ့သော မိထီ္တလာပဋိပက္ခ အထူးသတင်းဆောင်းပါး၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးနှင့် အလားအလာဆောင်းပါးအပါအဝင် စာဖတ်ပရိသတ် အကြိုက်တွေ့စေမည့် သတင်း၊ ဆောင်းပါး၊ သုံးသပ်ချက်နှင့် အတွေးအမြင်များပါဝင်ကြောင်း ရှင်းပြသည်။
“ဒီလ ထုတ်တဲ့ မဂ္ဂဇင်းမှာ ဆိုရင် မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ပဋိပက္ခ ကိစ္စတွေလည်း ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ရေးသား တင်ပြထားတာ ရှိတယ်၊ မျက်နှာဖုံးဆောင်းပါးက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေး အခြေအနေ၊ တနိုင်ငံနဲ့ တနိုင်ငံ ဘယ်လို ပေါ်လစီတွေကို သုံးလဲ၊ အလားအလာတွေ ဘယ်လိုရှိလဲဆိုတာတွေသုံးသပ် တင်ပြထားတယ်”ဟု ကိုကျော်စွာမိုးက ဆိုသည်။
ဧရာဝတီသတင်းဌာနက ထုတ်ဝေသော ဧရာဝတီမဂ္ဂဇင်းသည် အမေရိကန်၊ ဥရောပနိုင်ငံများအပါအဝင် နိုင်ငံတကာ အစိုးရများ၊ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား၊ နိုင်ငံတကာ သံတမန်အသိုင်း အဝိုင်း တွင် မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်နှင့်ပတ်သက်ပြီး သြဇာကြီးပြီး အလေးထား စောင့်ကြည့် ဖတ်ရှုရ သည့် မဂ္ဂဇင်းဖြစ်သည်။