မန္တလေး အမရပူရ တောင်သမန်အင်း အနီးရှိ မယ်ဇယ်ပင်များမှ ရရှိသော မယ်ဇယ်ပွင့်များ ရောင်းချခြင်းဖြင့် ဒေသခံမျာ၏ စားဝတ်နေရေး ဖြေရှင်းအဆင်ပြေနေ ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရ အိုးဘိုမြို့နယ် တောင်သမန်အင်း အနီးရှိ မယ်ဇယ်ပင်များ အောက်တွင် နေ့စဉ် မယ်ဇယ်ပွင့်များ ကောက်ယူ ရောင်းချခြင်းဖြင့် အသက်မွေးမှု အဆင်ပြေနေကြောင်း မယ်ဇယ်ပွင့်များကို ဒိုင်ခံဝယ်ယူကာ မြစ်ကြီးနား မြို့သို့ တက်ရောက်၍ ကိုယ်တိုင်ဈေးရောင်းချနေသူ အိုးဘိုမြို့နယ် အမှိုက်စုတောင် ရပ်ကွက်နေ ဒေါ်ခင်ဝင်းက ပြောပြသည်။
မယ်ဇယ်ပွင့် ကောက်သူ တဦးလျှင် တနေ့ ပျှမ်းမျှ ၇ ပြည်ခန့် ရရှိပြီး ဒိုင်ကို ပြန်သွင်းပါက တပြည်လျှင် ၂၀၀၀ ကျပ် ဈေးရကြောင်း သိရသည်။
နွေရာသီတွင် ပွင့်သမျှ မယ်ဇယ်ပွင့်များကို ကောက်ယူစုဆောင်းကာ နေခြောက်လှန်းခြင်း၊ ပျားရည်စိမ်၍ ရောင်းချကြ သကဲ့သို့ အပင်ပေါ်မှ ကျကျခြင်း အပွင့်များကို ခေတ္တနေလှမ်းကာ အစိမ်းသက်သက်ကို တောင်သမန်အင်းအနီးရှိ ဈေးဆိုင်များ၊ မန္တလေးမြို့တွင်းနှင့် မြစ်ကြီးနားမြို့၊ ပုဂံမြို့တို့သို့ ပို့ဆောင် ရောင်းချကြကြောင်း သိရသည်။
“မယ်ဇယ်ပွင့်ကောက်ပြီး မြစ်ကြီးနားအထိ တက်ရောင်းတယ်၊ သူများကောက်ထားတာကိုလည်း ကျမက ပြန်ဝယ်တယ်။ တခြားအလုပ်ကတော့ ပလတ်စတစ်ကောက်တယ်။ အမှိုက်စု ရပ်ကွက်တခုလုံး မယ်ဇယ်ပွင့်ကောက် ရောင်းပြီးတော့ပဲ ထမင်းစားဖို့ လုပ်ကြတယ်” ဟု ဒေါ်ခင်ဝင်းက ရှင်းပြသည်။
၎င်းတို့ ရပ်ကွက်တွင် နေထိုင်သူများက နေ့စဉ် ည ၂ နာရီခန့်တွင် အိပ်ရာမှ ထကာ မယ်ဇယ်ပင်ကြီးများ အောက်သို့ သွားပြီး ဖယောင်းတိုင် မီးအလင်းရောင်ဖြင့် ကြွေကျလာသမျှ မယ်ဇယ်ပွင့်များကို ကောက်ယူထားကြပြီး မနက် လင်းသည်မှ နေ့လယ်အထိ နေလှမ်းကာ သိမ်းဆည်းထား၍ ပြန်လည်ရောင်းချကြခြင်း ဖြစ်သည်။
အမှိုက်စု ရပ်ကွက်တခုလုံးတွင် အိမ်ထောင်စု ၁၅၀ ကျော်နေထိုင်ကြပြီး ရပ်ကွက်အနီးရှိ သက်တမ်းရင့် မယ်ဇယ်ပင်ကြီး ၁၀၀ ခန့်မှ နေ့စဉ်ကြွေကျသည့် အပွင့်များကို ကောက်ယူကာ ရောင်းချခြင်း၊ ဒိုင်သို့ ပြန်သွင်းခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေအတွက် အဓိကထား ရှာဖွေနေကြသည်ဟု ဒေါ်ခင်ဝင်းက ဆိုသည်။
မယ်ဇယ်ပွင့် ကောက်သူ အများစုက တောင်သမန်အင်း အနီးတွင်သာ ဈေးဗန်းခင်း ရောင်းချကြသော်လည်း ဒေါ်ခင်ဝင်း ကမူ မြစ်ကြီးနားမြို့ပေါ်သို့ ၃ ရက်တခါ သွားကာ ကောက်ယူရရှိသည့် မယ်ဇယ်ပွင့် ၂၅ ပြည်ခန့်နှင့် ဒိုင်ခံဝယ်ယူထားသည့် မယ်ဇယ်ပွင့်များကို ရထားဖြင့် ပုံမှန် သွားရောက်ရောင်းချကြောင်း၊ မြစ်ကြီးနားမြို့ပေါ်တွင် ရောင်းချပါက တပြည်လျှင် ၆၀၀၀ ကျပ် ရကြောင်း၊ တချို့က ဝယ်ယူ သွားသည့်မယ်ဇယ်ပွင့်များကို ပုဂံမြို့သို့ တဆင့် ပြန်လည်ရောင်းချကြကြောင်း နှစ်ပေါင်း ၃၀ ကျော် မယ်ဇယ်ပွင့်များ ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး ဖြေရှင်းလာသူ ဒေါ်ခင်ဝင်းက ပြောပြ သည်။
ထိုဒေသမှ မြစ်ကြီးနားသို့ မယ်ဇယ်ပွင့်များ တိုက်ရိုက်သွားရောက် ရောင်းချသူမှာ ၎င်းတဦးတည်းသာ ရှိကြောင်း၊ မန္တလေးမှ မြစ်ကြီးနားသို့ ရထားဖြင့်သွားရာ ရထားခမှာ ကျပ် ၂၇၀၀ ဖြစ်ပြီး မယ်ဇယ်ပွင့် အထုပ်များပြားပါကာ တန်ဆာခ ကျပ် ၃၀၀၀ ခန့် ဆောင်ရကြောင်း၊ အထုပ်ကြီး ၂ ထုပ်ခန့်သာ သယ်ဆောင်သွားပါက တန်ဆာခ မပေးရကြောင်း၊ မြစ်ကြီးနားတွင် အသိအိမ်၌ ၁၀ ရက်ခန့် နေထိုင်ကာ မယ်ဇယ်ပွင့်များကို ကိုယ်တိုင်ရောင်းချကြောင်း သူက ရှင်းပြသည်။
မယ်ဇယ် ပင်များအောက်တွင် အပွင့်ကောက်နေသူ ဒေသခံတဦးက “ကျမက ကောက်ရင် တနေ့ကို ၅ ပြည်ကနေ ၇ ပြည် လောက်တော့ရတယ်၊ ပြီးရင် ဒိုင်ပြန်သွင်းတာ တပြည်ကို ၁၀၀၀ ကျပ်၊ ၁၅၀၀ ကျပ်တော့ ရတယ်၊ မယ်ဇယ်ပွင့်က ပျားရည်နဲ့ စားရင် အသက်ရှည်တယ်ဆိုလို့ ဝယ်ကြတာများတယ်” ဟု ဆိုသည်။
မယ်ဇယ်ပွင့်များကို မဉ္ဇူသက နတ်ပန်းပွင့်ဟုလည်း ခေါ်ဆိုကြကာ တောင်သမန်အင်း အနီးတွင် နို့ဆီခွက်ဖြင့် လည်းကောင်း၊ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုး၍ လည်းကောင်း ရောင်းချလျှက်ရှိသည်ကို တွေ့ရသည်။ ရှေးလူကြီးများ၏ အဆိုအရ သက်ရှည်ဆေး တမျိုး၊ နှလုံး သွေးကျောကျဉ်း ရောဂါမဖြစ်ဟု ယုံကြည်ကြသည့် အတွက် ဝယ်ယူလိုသူ များပြားကြောင်း သိရသည်။
နွေရာသီနှင့် ဆောင်းရာသီတွင် မယ်ဇယ်ပွင့် ကောက်၍ ရောင်းရုံသာမက မိုးရာသီတွင် မယ်ဇယ်သီးများ ကောက်ယူ ရရှိနိုင်ပြီး မယ်ဇယ်သီးများကို ဆီအဖြစ်ကြိတ်ကာ ပဲဆီနှင့် နှမ်းဆီတို့တွင် ရောနှော ရောင်းချကြကြောင်း၊ မယ်ဇယ်ဆီ၏ အရသာမှာ အခါးဓာတ်ရှိသဖြင့် တခြားဆီများနှင့် ရောနှော သုံးစွဲရကြောင်း ဒေါ်ခင်ဝင်းက ရှင်းပြသည်။
သက်တမ်းရင့် မယ်ဇယ်ပင်ကြီး တပင်လျှင် ပုံမှန်အားဖြင့် တနှစ်လျှင် မယ်ဇယ်စေ့ ၂၂ တင်းမှ ၃၅ တင်းအထိ ထွက်ရှိကြောင်း သိရသည်။
တောင်သမန်အင်း အနီးတွင် ယခင်က အပင်ပေါင်း ၁၂၀ ကျော် ရှိသော်လည်း လေပြင်းများကျရောက်ခဲ့၍ အမြစ်မှ ကျွတ်ထွက်လဲကျခဲ့သောကြောင့် ယခု လက်ရှိ အပင် ၁၀၀ ခန့်သာ ကျန်တော့ကြောင်း ဒေသခံများက ဆိုသည်။
“မယ်ဇယ်ပင်ကြီးတွေက ကျမတို့ရဲ့ ထမင်းရှင်တွေပါ” ဟု ဒေါ်ခင်ဝင်းက ပြောသည်။