သတင်း

လွှတ်တော်တွင် အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ကော်မတီ ဖွဲ့မည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်က “အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ကော်မတီ” ဖွဲ့စည်း ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

အဆိုပါ ကော်မတီကို ယခုလ ၂၀ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်မှ တဆင့် အတည်ပြု ဖွဲ့စည်း ဆောင်ရွက်သွားနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဧရာဝတီသို့ ပြောသည်။

“ပြည်ထောင်စုလွှတ်တော် နာယက (ဦးခင်အောင်မြင့်) ကနေ ဘယ်လို လုပ်သင့်သလဲဆိုပြီးတော့ အလုပ်သမားဌာနက ကိုယ်စားလှယ်တွေကို ခေါ်ယူဆွေးနွေးပြီး အဲဒီကနေ လိုအပ်ချက်အရ ကော်မတီတခုဖွဲ့ဖို့ ဖြစ်လာတာပါ” ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ယခုလ ၃ ရက်နေ့က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲတွင် ပြုလုပ်သော အမျိုးသားလွှတ်တော် ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာ ကော်မတီများနှင့် တွေ့ဆုံပွဲတွင်လည်း ပြည်ထောင်စု လွှတ်တော်မှတဆင့် ကော်မတီဖွဲ့ ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ကော်မတီကို အတည်ပြုဖွဲ့စည်းခြင်း မပြုရသေးသော်လည်း ကော်မတီတွင် ပါဝင်မည့် လျာထား လူစာရင်းများအရ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးမြညိမ်းက ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြင့်ကြည်က ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ ဖြစ်ကြောင်း ယင်းကော်မတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ထို့ပြင် ယင်းကော်မတီ ဖွဲ့စည်းရာတွင် ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားရေးရာ ကျွမ်းကျင်သူ ပညာရှင်များလည်း ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။

မေလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ ကျော်ထံ ၎င်းတို့၏ နစ်နာမှုများ၊ လိုအပ်ချက်များကို အကြံပြုနိုင်ရန်အတွက် မေးခွန်းစာရွက်များ ပေးပို့ တောင်းခံနေပြီ ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ပြောသည်။

ကော်မတီအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် တွေ့ဆုံ၍ လက်ရှိ အလုပ်သမားဥပဒေ၏ အားနည်းချက် အားသာချက်များကို လေ့လာပြီး ပြင်ဆင်ရေးဆွဲနိုင်ရန် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော ဥပဒေတရပ် ပြဌာန်းနိုင်ရန်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အလုပ်သမားဥပဒေနှင့် ပတ်သက်၍ “အများကြီး လုပ်ရပါမယ်ခင်ဗျ။ ဥပဒေမှာ ပြင်သင့်တာတွေလည်း ပြင်ရမယ်၊ ပယ်သင့်တာတွေလည်း ပယ်ရမယ်၊ အသစ်ဆွဲသင့်တာတွေလည်း ဆွဲရပါမယ်ခင်ဗျ။ အဲဒါတွေကို လာမယ့် လွှတ်တော်တွေမှာ ဆောင်ရွက်ဖို့တွေလည်း လုပ်ငန်းတစိတ်တပိုင်း ပါဝင်ပါတယ်” ဟု ဦးခိုင်မောင်ရည်က ပြောသည်။

ကော်မတီအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဖြစ်ပွားသည့် ပြဿနာများ၊ အချက်အလက်များကို ရှာဖွေစုဆောင်းခြင်း၊ စက်ရုံအလုပ်ရုံများကို ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အရင်းခံ ပြဿနာများကို စုံစမ်းစစ်ဆေးနိုင်ရန် ဇုန်အလိုက် ကိုယ်စားလှယ်များနှင့် လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာဌာနမှ တာဝန်ရှိသူများဖြင့် ဆပ်ကော်မတီများ ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် လစာနည်းပါးမှု၊ အလုပ်သမား အခွင့်အရေးများ မရရှိမှု၊ အလုပ်ရှင်များ၏ ဖိနှိပ်မှု၊ အလုပ်ချိန်များပြားမှု စသည့် ပြဿနာများဖြင့် အလုပ်ရှင်များနှင့် အလုပ်သမားများအကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။

ယင်းပဋိပက္ခများကိုလည်း ယနေ့အချိန်အထိ ထိထိရောက်ရောက် ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

၂၀၁၂ ခုနှစ် ဇွန်လတွင် ကျင်းပသည့် လူမှုရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ ညီလာခံတွင် သမ္မတ ဦးသိန်းစိန်က အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် လူမှုဖူလုံရေး စောင့်ရှောက်မှုများနှင့် အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်နိုင်ရေး ဥပဒေ ပြဌာန်းရန် ဆောင်ရွက်နေကြောင်း၊ အလုပ်လက်မဲ့ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ပြောဆိုသွားသည်။

ယင်းသို့ ပြောဆိုသွားသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်မှု မတွေ့ရှိရသေးပေ။

Loading