အစိုးရ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ၄၈ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်ပြီး မုန်တိုင်းအဖြစ်ရောက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အစိုးရ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်း ဖြစ်နိုင်ခြေများလာသော်လည်း မည်သည့်နိုင်ငံအနီးတွင် မုန်တိုင်းဖြစ်ပေါ်မည်ကို အသေအချာ လေ့လာပြီး ပြည်သူများ သိစေရန် တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
“အခုဟာက လေဖိအားနည်း ရပ်ဝန်းက မဖြစ်သေးဘူး။ ဖြစ်ခါနီးနေတာ။ ဖြစ်နိုင်ခြေများလာပြီး ဒီဂရီတွေ တက်လာတဲ့ အခါကြရင် အားလုံးကို အသိပေးပြီး ပြောပါ့မယ်။ မုန်တိုင်းက ဘယ်ကို သွားမလဲ၊ ဘယ်နိုင်ငံတွေက ဖြစ်နိုင်ချေရှိတယ်ဆိုတာက အစ အသိပေးမှာပါ။ အခုတော့ ဒါတွေထုတ်ပြန်ဖို့ စောသေး”ဟု ၎င်းကပြောသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဖြစ်ရောက်ရှိပါက သီရိလင်္ကာနိုင်ငံနားတွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ လတ်တလောအနေအထားတွင် ဘင်္ဂလား ပင်လယ်အော် လေဖိအားနည်းရပ်ဝန်းမှ ဖြစ်ပေါ်လာမည့် မုန်တိုင်းကို မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် စိုးရိမ်စရာ အခြေအနေ မရှိကြောင်း၊ ထိုမုန်တိုင်းသည် မြန်မာနိုင်ငံနှင့် အလွန်ဝေးကွာသော နေရာတွင် ဖြစ်ပေါ်မည် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။
“အစိုးရ သတင်းထုတ်ထားတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒီမုန်တိုင်းဖြစ်လာရင် မြန်မာနိုင်ငံနားမှာဖြစ်မှာမဟုတ်ဘူး။ သီရိလင်္ကာနိုင်ငံနားမှာ ဖြစ်မှာ”ဟု ၎င်းက ရှင်းပြသည်။။
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံရာသီစတင်ချိန်၌ မုန်တိုင်းများဖြစ်ပေါ်လေ့ရှိပြီး ၂၀၀၈ ခုနှစ် မေလဆန်းက ဖြစ်ပေါ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တွင် လူဦးရေ သိန်းချီသေဆုံးခဲ့ပြီး သန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။