ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အကြံံပြုချက်အရ ပဋိပက္ခများ ပိုမိုဆိုးရွားမလာစေရန် တရားမဝင် ဆက်လက် ဝင်ရောက်လာသူများကို ဟန့်တားရေးနှင့် ထိရောက်စွာ အရေးယူရန်တို့အတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အစီအမံများ ချမှတ်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
ယမန်နေ့ည ၈ နာရီတွင် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရုပ်သံမှတဆင့် ပြောကြားသော မိန့်ခွန်းတွင် “အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်မှာ မူလက ရောက်ရှိနေကြတဲ့ အစ္စလမ်ဘာသာ ကိုးကွယ်သူများအား လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် သူတို့ရဲ့ အခြေခံရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း” ဟုလည်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။
ထို့အပြင် နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များကိုလည်း ရေတို ရေရှည် စီမံချက်များ ချမှတ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်များအနက် အဓိက အချက်များတွင် ပထမဆုံး ဆောင်ရွက်ရမည့် အချက်မှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရေးအတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေး ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
ပဋိပက္ခကြောင့် အိုးအိမ် မီးရှို့ခံရသူများ၊ အိုးအိမ်စွန့်ခွာ နေရသူများသည် ပဋိပက္ခ ဆက်လက် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း၊ ဘူးသီးတောင် မောင်တောဒေသများတွင် လုံခြုံရေးကို ယခင်ကထက် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ဆိုသည်။
ဦးအေးသောအောင်က ဆက်လက်၍ “တရားမဝင် ဝင်ရောက်မလာဖို့အတွက် နယ်စပ်လုံခြုံရေးကို ပိုချပေးဖို့၊ နယ်စပ်လုံခြုံရေး ယူထားတာ မလုံလောက်မှု၊ နယ်စပ်မှာ သံစည်းရိုးနဲ့သာ ခံထားတဲ့အတွက် ကျူးကျော်တဲ့သူတွေက နည်းမျိုးစုံ ကျော်တက်လာလို့ရတယ်။ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်သင့်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲနောင်သိန်းက “ကျနော်တို့ နယ်စပ်ကတော့ ကျနော်တို့ ထိန်းသိမ်းရမယ်လေ။ တရားမဝင် ခိုးဝင်လာတဲ့သူကို တင်းကျပ်စွာတားမြစ်ရမယ်။ ထိရောက်တဲ့ ဥပဒေနဲ့အညီ အရေးယူရမှာပေါ့” ဟု ပြောသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရာတွင် နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေရန်လည်း ကြိုးပမ်းဖော်ဆောင်ကြောင်း သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထို့အပြင် ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့သော ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ပြောဆိုခဲ့သည်။
သို့သော် ပြီးခဲ့သည့် လပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ထိရောက်စွာ မကိုင်တွယ်နိုင်ခဲ့မှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လက်တွေ့ကျသော နည်းလမ်းများနှင့် ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးကို ရှေးရှုကြောင်း ပြောကြားသွားသည်။ ထို့အပြင် စိတ်ခံစားမှုများကို ရှေ့တန်းတင်ခြင်းနှင့် လွဲမှားသော အယူသီး အစွန်းရောက် လုပ်ရပ်များကြောင့် ဆုံရှုံးမှုနှင့် အန္တရာယ်များ ကြုံတွေ့နိုင်ကြောင်း၊ အလားတူ ပဋိပက္ခများ မဖြစ်ပွားစေရန် တဦးချင်းစီတွင် တာဝန်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲနောင်သိန်းက ဘာသာတချို့၏ အယူသီးမှု၊ အစွန်းရောက်မှုကြောင့် ဘာသာတခုနှင့်တခု ပေါင်းစည်းမှု ခက်ခဲကြောင်း၊ မြန်မာ နိုင်ငံထဲတွင် အတူတကွနေထိုင်ပြီး တဦးကိုတဦး အသားအရေ၊ လူမျိုးဘာသာ မခွဲခြားဘဲ ငါ့တိုင်းငါ့ပြည်ဟု သဘောထား နေထိုင်ကြမည်ဆိုပါက ဘာသာရေး ပဋိပက္ခဖြစ်လာမည် မဟုတ်ကြောင်း ဆိုသည်။
ပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်းနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်က သမိုင်းကြောင်းနှင့် ချီ၍ ဒီမိုကရေစီရေချိန် နိမ့်ပါးခြင်း၊ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းကို မတည်ဆောက်နိုင်ခြင်း စသည့်အချက်များကို ထောက်ပြပြောဆိုသွားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည် ၁ သိန်းကျော်နှင့် စပ်လျဉ်း၍ မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ကလေးသူငယ်များ အဟာရပြည့်ရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများ ကုစားရေး၊ ကူးစက်ရောဂါများ ဟန့်တားရေးတို့ကို သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။ ထို့အပြင် ယင်းသို့ ပြန်လည် ထူထောင်မှုများတွက် နိုင်ငံတကာ အကူအညီများကို ရယူသွားမည်ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် NGO များ၊ နိုင်ငံတကာ NGO များကို ယင်းဒေသများသို့ ဝင်ရောက်ခွင့် မပေးမှုနှင့် ပတ်သက်၍ မြန်မာအစိုးရသည် ဝေဖန်မှုများ ခံခဲ့ရသည်။ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်မူ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ခေါင်းစဉ်နှင့် ရခိုင်ဒေသသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့သည်ဟု ဝေဖန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ လူပေါင်း ၂ ထောင်ကျော်အား ကွင်းဆင်း မေးမြန်းချက်များအပေါ် အခြေခံသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က အများပြည်သူသို့ ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး သေဆုံးပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။