ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့် “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ” နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ အနှံ့ ကျင်းပမည်ဟု သိရသည်။
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ မှ ၁၉ အထိ ရန်ကုန်တိုင်း Junction Square ရှိရုပ်ရှင်ရုံ ၂ ရုံတွင်ကျင်းပမည်ဖြစ်ပြီး၊ ကျန်တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင်လည်း နယ်လှည့်ရုပ်ရှင်ပွဲတော်အဖြစ် ကျင်းပမည်ဟု မင်းထင်ကိုကိုကြီးက ဧရာဝတီသို့ပြောသည်။
”ဇွန်လကတော့ အဓိက ရုပ်ရှင်ပွဲတော်ပေါ့၊ ရန်ကုန်ဖယ်လိုက်ရင် ကျန်တိုင်းနဲ့ပြည်နယ် ၁၃ခု၊ မြို့ကြီး ၁၃ ခုမှာ Traveling Film Festival ခရီးသွားရုပ်ရှင်အနေနဲ့ မိုဘိုင်းပုံစံပေါ့ ဇူလိုင်ကနေ ဒီဇင်ဘာအထိ ကျင်းပသွားဖို့ ရှိပါတယ်” ဟု မင်းထင်ကိုကိုကြီးက ပြောသည်။
ရုပ်ရှင်ပွဲတော်တွင် Short film၊ Documantaryနှင့် Animation ဇာတ်ကားများအတွက် ပြည်တွင်းပြည်ပမှ ဇာတ်ကားများအား မေလ ၁၀ နေ့ နောက်ဆုံးပေးပို့ရန် ကြေညာ ထားကြောင်း၊ လက်ရှိတွင် ပြည်တွင်းထက် နိုင်င်ငံတကာဇာတ်ကားများ ပိုမို လက်ခံရထားကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။
” အခုလက်ရှိတော့ လက်ခံထားတာ ပြည်တွင်းရုပ်ရှင်ကားတွေထက် နိုင်ငံတကာရုပ်ရှင်ကားတွေ ပိုများနေတယ်။ ပြည်တွင်းကတော့ ထုံးစံအတိုင်း Deadline နီးမှ ပေးပို့ကြမယ် ထင်ပါတယ်။ ဒိန်းမတ်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက ဇာတ်ကားတွေ များတယ်။ ရောက်လာတဲ့ ဇာတ်ကား အနည်းအများပေါ်မူတည်ပြီး ဇာတ်ကားတွေကို ရွေးချယ်မှာပါ”ဟု မင်းထင်ကိုကိုကြီးက ဧရာဝတီသို့ပြောသည်။
ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ပြပွဲအပြင် ပြိုင်ပွဲလည်းစီစဉ်ထားရာ ရုပ်ရှင်ပွဲတော်တွင် ပြသပြီးသော ဇာတ်ကားများထဲမှ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ မတ် ၁၃ ဆု ဟူ၍ ခေါင်းစဉ် ၃ ခု ရွေးချယ်မည်ဖြစ်သည်။
”နိုင်ငံရေးလောကက လူတွေအားလုံး တညီတညွတ်တည်း လက်ခံထားကြတဲ့နေ့ပေါ့လေ။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့၊ ကျောင်းသားနှစ်ယောက် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးတဲ့နေ့၊ အဲ့ဒီနေ့ကို မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားကြတာကိုး။ အဲ့ဒါကြောင့် မတ် ၁၃ ဆိုတဲ့ ဆုပေးမယ်။ Category က ၃ ခုရှိမယ်။ Documentary၊ Short film၊ Animation ၃ ခုပေးမှာပါ” ဟုပြောသည်။
၎င်းပွဲတော်တွင် ဆုများကို ရွေးချယ်ပေးမည့် Jury အဖွဲ့ဝင်များမှာ နိုင်ငံတကာမှ ၅ ဦး၊ ပြည်တွင်းမှ ၃ ဦးပါဝင်မည်ဖြစ်သည်။ International Documentary Film Festival Amsterdam (IDFA & IDFA Bertha Fund) မှ ဒါရိုက်တာ Ally Derks ၊ အကယ်ဒမီဆွေဇင်ထိုက်၊ Human Rights Film Network ၏ ဒါရိုက်တာ Igor Blazebic ၊ ကနေဒါနိုင်ငံ၏နာမည်ကျော်ဒါရိုက်တာ Peter Wintonick ၊ တောင်အာဖရိက ဒါရိုက်တာ၊ထုတ်လုပ်သူ Don Edkinsတို့ကနိုင်ငံတကာ ရွေးချယ်ရေးအဖွဲ့ အဖြစ်လည်းကောင်း ၊ ကိုမင်းကိုနိုင်၊ မင်းထင်ကိုကိုကြီး၊ ဒေါ်ဆွေဇင်ထိုက်တို့မှ ပြည်တွင်းရေးချယ်ရေးအဖွဲ့အဖြစ်လည်းကောင်းပါဝင်ရွေးချယ်ဆုံးဖြတ်ပေးကြမည်ဖြစ်ကြောင်း ၎င်းရုပ်ရှင်ပွဲတော်နှင့်ပတ်သက်သည့် ဝက်ဘ်ဆိုက်ဒ် www.hrhdiff.org တွင်ဖော်ပြထားသည်။
၎င်းပွဲကို မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မင်းထင်ကိုကိုကြီးကပြောသည်။
”ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ HumanRight နဲ့ပတ်သက်တဲ့ Awareness Levelလေးကို Promote လုပ်ချင်တာပါ။ ရုပ်ရှင်ပြပွဲကိုတော့ Junction Square က ရုပ်ရှင်ရုံ ၂ ရုံ မှာ ပြသဖို့များပါတယ်။ ၁၅ ရက်နေ့မှာ ဖွင့်ပွဲ၊ ၁၉ ရက်နေ့မှာ ဆုပေးပွဲလုပ်ဖို့ရှိတယ်။ အပြင်မှာ Outdoor လုပ်ချင်ပေမယ့် မိုးက စကျလာပြီဆိုတော့ ဟိုတယ်တခုခုမှာဖြစ်ဖို့ များတယ်” ဟုပြောသည်။
ရုပ်ရှင်ပွဲတော်ကို မင်းထင်ကိုကိုကြီး၏ HRHDIFF အဖွဲ့( Human Rights Dignity International FilmFestival) အဖွဲ့သားများ အားလုံး ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊လက်ရှိတွင် တခြားအနုပညာလှုပ်ရှားမှုထက် ၎င်းပွဲတော်အတွက် အလုပ်များနေကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။
”အခုလက်ရှိတော့ နိုင်ငံတကာမှာ ကျင်းပနေတဲ့ Film Festival တွေရဲ့ စံနှုန်း မီအောင်လုပ်သွားဖို့ရှိတဲ့အတွက် အဲ့ဒီ တခုတည်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ကျန်တဲ့ဇာတ်ညွှန်းတွေ တောင် လက်စမသတ်နိုင်သေးဘူး ဖြစ်နေတယ်။ တော်တော်ကြီၤး ကြိုးစားနေပါတယ်”ဟုပြောသည်။ မင်းထင်ကိုကိုကြီးသည် ၂၀၁၂ တွင် ရန်ကုန်တွင် ကျင်းပခဲ့သော The Art of Freedom Film Festival တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးသူရ(ဇာဂနာ) တို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။