အာဆီယံ ၅ နိုင်င်ငံ အမျိုးသမီး မော်ဒယ်ရှိုးပြိုင်ပွဲ ကို ၂၀၁၃ အောက်တိုဘာတွင် မြန်မာနိုင်ငံ၌ ကျင်းပမည်ဟု Myanmar Model Management မော်ဒယ်အေဂျင်စီမှ ဦးစီးသူ မော်ဒယ် ဦးဌေးမင်းထွန်းထံမှ သိရသည်။
ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ နှင့်မြန်မာ ၅ နိုင်ငံရှိ မော်ဒယ်များ၏ Miss Asian plus 5 မော်ဒဲလ်ပြိုင်ပွဲကို ၂၀၁၃ အောက်တိုဘာလတွင် ရန်ကုန်၊ နေပြည်တော်၊ ငွေဆောင်တို့တွင် ကျင်းပမည်ဟု သိရသည်။
” အဓိကက တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ပြိုင်တာပါ။ ညနေခင်း ဂါလာ ဝတ်စုံနဲ့လည်း ပြိုင်မယ်။ နိုင်ငံတကာပြိုင်ပွဲ ဆိုပေမယ့် ဘီကနီနဲ့ ဝတ်ပြိုင်တာမျိုးတော့ မထည့်ဘူး၊ သူတို့က အသားအရေ ဆန်းစစ်ဖို့ ဝတ်ပြိုင်ရတာပါ။ ဒါကို ပုံတူကူးချဖို့မရှိဘူး။ စွပ်ကျယ်နဲ့ဘောင်းဘီနဲ့ပဲ ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ့်နိုင်ငံရဲ့ ရိုးရာဝတ်စုံတွေလည်း ဝတ်ပြိုင်ကြရမယ်” ဟု ဦးဌေးမင်းထွန်းက ဧရာဝတီသို့ပြောသည်။
ပြိုင်ပွဲကို မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း ၊မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့နှင့် Myanmar Model Management တို့ ပူးပေါင်း တင်ဆက်ခြင်းဖြစ်ကြောင်း၊ မြန်မာ တနိုင်ငံလုံးရှိ မော်ဒယ်များကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်ပြီး တိုင်းပြည်ကိုယ်စားပြု မြန်မာမော်ဒယ်လ် ၂ ဦးကို နောက်ဆုံးရွေးချယ်ကာ ဗိုလ်လုပွဲ တက်ရောက်စေမည်ဖြစ်ကြောင်း၊ ဆုရရှိသူကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း ဦးဌေးမင်းထွန်းက ပြောသည်။
” ဆုငွေတွေကို ကျပ်သိန်း ၅၀ နဲ့ ၁၀၀ ကြား သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၅ ထောင်ကနေ ၁၀၀၀၀ ကြားပေါ့။ ဒီဆုငွေတွေအတွက်လည်း စပွန်ဆာကုမ္ပဏီတွေ ရပြီးသွားပါပြီ။ အသေးစိတ်ကို ထပ်ပြောပါမယ်” ဟုလည်း ပြောသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနက” ကျနော်တို့ဆီကိုတော့ အတိအကျ စာတင်တာ မရှိသေးဘူး၊ ယဉ်ကျေးမှုကို ဖော်ထုတ်တာကတော့ ကောင်းပါတယ်” ဟု ပြောဆိုသည်။
“သူတို့တွေ အခုမှ စပြီးပြောနေတုန်း ဖြစ်မယ်။ အခုလို အချိန်မှာ ဒီလိုပွဲမျိုးတွေ ရှိကောင်းရှိမယ်၊ လုပ်လည်း လုပ်ကြလိမ့်မယ်။ ဒီအပေါ်မှာ ဘယ်လိုစည်းမျဉ်းတွေ ဘယ်လို ခွင့်ပြုချက်တွေ ရှိမလဲတော့ မပြောနိုင်သေးဘူး။ မြန်မာ့ယဉ်ကျေးမှုအတွက် ထိန်းသင့်တာထိန်းပြီး အလွန်အကျွံ မဖြစ်စေဖို့ပဲ လမ်းညွှန်မယ်” ဟု ယဉ်ကျေးမှုဌာန အထွေထွေမန်နေဂျာ ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။
၎င်းပြိုင်ပွဲအတွက် အာဆီယံ ၄ နိုင်ငံမှ ကိုယ်စားလှယ်များ လာရောက်ကာ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု ဖလှယ်နိုင်စေရန် ယင်းသို့နိုင်ငံတကာ ပြိုင်ပွဲကို စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဌေးမင်းထွန်းထံမှ သိရသည်။ Myanmar Model Management မော်ဒယ်အေဂျင်စီကို ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့ပြီး မော်ဒယ်ခေတ်ဦးတွင် နာမည်ရခဲ့ကြသည့် မြရွှေဝါ၊ သန္တာလှိုင်၊ ပပဝင်း၊ စိုးမြတ်နန္ဒာတို့က ဦးစီးခဲ့ကြောင်း သိရသည်။