ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်တွင် ထောင်ဒဏ် ၃ လ ကျခံနေရသော မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးနေမျိုးဇင်ကို ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်ဖြင့် ထောင်ဒဏ် ကြွေးကျန် ၆ နှစ် ထပ်မံ ချမှတ်လိုက်သည်။
“သူက ဒဏ်ငွေမဆောင်ဘဲနဲ့ ထောင်ကျခံလိုက်တာကို လယ်သမားတွေက လက်မခံဘူး။ ဒဏ်ငွေ ၂ သောင်းကို လယ်သမားတွေက ဆောင်ပေးလိုက်ပြီး သူကို့ ပြန်ထုတ်ဖို့ စောင့်နေတာ။ ညနေ ၄ နာရီလည်းရောက်ရော မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့ အမိန့်အရဆိုပြီး အရင်အမှုဟောင်း ဖြစ်တဲ့ ထောင် ၆ နှစ်ချလိုက်တယ်။ အမိန့်စာဖတ်သွားတာပေါ့” ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၏ ဇနီး ဒေါ်ဇင်မျိုးမော်က ဧရာဝတီသို့ ပြောသည်။
ဒေါ်ဇင်မျိုးမော်က ဆက်လက်၍ “သူ လွတ်တုန်းက ပုဒ်မ ၄၀၁ လက်မှတ်လည်း မထိုးခဲ့ဘူးတဲ့။ အဲဒီတုန်းက သူ့ကို ဘာမှလည်း မဖတ်ပြခဲ့ဘူးတဲ့” ဟု ဆိုသည်။
ဦးနေမျိုးဇင်သည် ၂၀၁၁ ခုနှစ်က အီလက်ထရွန်းနစ်ပုဒ်မဖြင့် ထောင်ဒဏ် ၁၀ ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာခဲ့သည်။ ထို့နောက် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ဖွဲ့ကာ လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူ ဖြစ်သည်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ရှိ လယ်သမားများကို အကူအညီပေးနေစဉ် သက်ဆိုင်ရာ ရဲဝန်ထမ်းများအား လာဘ်စားသည်ဟု ဦးနေမျိုးဇင်က ပြောဆိုမှုကြောင့် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ ဖြင့် ပန်းတနော် ရဲမှူးက တရားလိုလုပ်၍ တရားစွဲခံခဲ့ရသည်။
မေလ ၂ ရက်နေ့က ပန်းတနော်မြို့နယ် တရားရုံးက ၎င်းကိစ္စအတွက် ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ၂ သောင်းကျပ် သို့မဟုတ် ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
“ကျနော့် အစ်ကိုက တရားရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် မဖြစ်သင့်တဲ့ကိစ္စမို့ ငွေဒဏ်မဆောင်ဘဲ ထောင်ဒဏ် ၃ လကိုပဲ လက်ခံလိုက်တယ်” ဟု ဦးနေမျိုးဇင်၏ ညီဖြစ်သူ ဦးခင်မောင်ဌေးက ဧရာဝတီသို့ ပြောသည်။
ပန်းတနော် လယ်သမားများအရေး ကူညီဆောင်ရွက်ပေးစဉ် တရားစွဲ အဖမ်းခံလိုက်ရ၍ လယ်သမား စုစုပေါင်း ၁၀၀ ဝန်းကျင်က ဦးနေမျိုးဇင်အား ထောင်ဒဏ် ၃ လ ကျခံမှုမှ ပြန်လည်လွတ်မြောက်ရေးအတွက် ယမန်နေ့က ဒဏ်ငွေ ၂ သောင်းကို ပေးချေပြီး စောင့်ဆိုင်းနေစဉ် နောက်ထပ် ကြွေးကျန် ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရသည်ကို သိခဲ့ရခြင်းဖြစ်သည်ဟု ဇနီးသည် ဒေါ်ဇင်မျိုးမော်က ဆိုသည်။
“သူတို့ ဟိုမှာရှိတဲ့ လယ်သမားတွေက ကိုနေမျိုးဇင်အတွက် ဒဏ်ငွေ ၂ သောင်းကို စုပြီး ပေးထားတယ်။ အဲဒါကို နေမျိုးဇင် အမေနဲ့ ညီက မနေ့ကသွားတယ်။ အဲဒီ ဒဏ်ငွေ ဆောင်ပြီးသွားတဲ့အတွက် သူတို့ ပြန်လွတ်မယ်ဆိုပြီး ပြောတယ်။ အခုတော့ ကျမတို့ ဥပဒေကြောင်းအရ အားလုံး လုပ်နိုင်တာ အကုန်လုပ်သွားမှာပါ” ဟု သူက ဆက်ပြောသည်။
ဦးနေမျိုးဇင်၏ ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် တိုင်ပင်ကာ အယူခံဝင်နိုင်ရန် ကြိုးစားသွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်က ယခု ဖြစ်ရပ်သည် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို မလိုလျှင် နောက်ကြောင်းပြန် သက်ရောက် ခံစားရမည်ဟု ခြိမ်းခြောက်၊ အသိပေးလိုက်သည့် စိုးရိမ်စရာ အခြေအနေတခုဖြစ်ကြောင်း ပြောသည်။
ဦးတိတ်နိုင်က “ဒီကိစ္စဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့၊ စိုးရိမ်စရာ ကောင်းတဲ့ လုပ်ရပ်လို့ ကျနော်တို့က မြင်ပါတယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်ရက်မစေ့ခင် ပြန်လွှတ်ပေးရာတွင် အစိုးရက လုပ်ပိုင်ခွင့် ပုဒ်မ ၄၀၁ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း၊ အဆိုပါ ပုဒ်မ သဘောအရ နောက်တကြိမ် ပြစ်မှု ကျူးလွန်လျှင် ကြွေးကျန် နှစ်များ ပြန်လည်ကျခံစေရမည့် သဘောဖြစ်ပြီး လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတိုင်းအတွက် ယခုလုပ်ရပ်ကြောင့် စိုးရိမ်ရပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။
“သေချာတဲ့ တခုကတော့ ဒါဟာ နောက်ကြောင်းပြန် သက်ရောက်စေတာကို ပြန်အသက်သွင်းလိုက်တာပါပဲ” ဟု ဦးတိတ်နိုင်က ဆိုသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားဟောင်းတဦးကို ထောင်ကြွေးကျန်ဖြင့် ယခုကဲ့သို့ ပြန်လည်ချမှတ်ခြင်းမှာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသော်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ခွင့်ပြုမှသာလျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။
ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်။