Health

အနာကြီးရောဂါသည်များ ဘဝ ဖွံ့ဖြိုးရေး လွှတ်တော်တွင် တင်ပြမည့်သူ မရှိဟုဆို

This article has been converted from Zawgyi One to Unicode

အနာကြီး ရောဂါသည်များ၏ ဘဝဖွံ့ဖြိုးရေးအတွက် လွှတ်တော်တွင် ကိုယ်စားလှယ်များက အဆိုတင်ပေးခြင်း၊ ဆွေးနွေးတင်ပြခြင်း လုံးဝမရှိကြောင်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာကျေးရွာ နံ့သာမြိုင်အနာကြီး ရောဂါသည်စခန်းမှ တာဝန်ခံ ဦးတင်ထွဋ်က ပြောပြသည်။

မြန်မာနိုင်ငံရှိ AIDS အပါအဝင် မသန်စွမ်းသူများ၊ ဆွံ့အနားမကြားများ စသည့် တခြား ရောဂါဝေဒနာရှင်များ အတွက် လူမှုဘဝ ဖွံ့ဖြိုးရေးကို လွှတ်တော်တွင် ကိုယ်စားလှယ်များက တင်ပြဆွေးနွေး နေကြသော်လည်း အနာကြီးရောဂါသည်များ၏ လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် အဆိုတင်သွင်းခြင်းမရှိသကဲ့သို့ အလေးထား ဆောင်ရွွက်ပေးမှု အားနည်းနေသည်ဟု ကိုယ်တိုင်လည်း အနာကြီးရောဂါ ဝေဒနာ ခံစားခဲ့ရပြီး လက်ရှိတွင် နံ့သာမြိုင် အနာကြီးရောဂါသည်စခန်း၏ တာဝန်ခံဖြစ်သူ အသက် ၆၂ နှစ် အရွယ်ရှိ ဦးတင်ထွဋ်က ရှင်းပြသည်။

ဦးတင်ထွဋ်သည် ၁၉၉၀ ပြည့်နှစ်က မန္တလေးတိုင်းတွင် ဗိုလ်ချုပ်ထွန်းကြည် တာဝန်ထမ်းဆောင်စဉ်က မန္တလေးမြို့တွင်းရှိ အနာကြီး ရောဂါသည်များရှိရာ ရပ်ကွက် ၅ ခုကို မြို့ပြအင်္ဂါရပ်နှင့် မညီဟုဆို၍ မြို့နှင့် မိုင် ၅၀ ကျော်ဝေးသော မတ္တရာမြို့ ရေနံ့သာ ကျေးရွာ အစွန်အဖျား တောအုပ်ကြား ကွက်လပ်သို့ ပြောင်းရွှေ့ ပို့ဆောင်ခဲ့စဉ် ကတည်းက အဆိုပါစခန်းသို့ ရောက်ရှိခဲ့ပြီး လက်ရှိ နေထိုင်နေသူ ဖြစ်သည်။

“အဘတို့လို အနာကြီး ဝေဒနာရှင်တွေအတွက် တခြားရောဂါသည်တွေလို ဖွံ့ဖြိုးတိုးတက်ဖို့ စဉ်းစားတဲ့အထဲ လုံးဝမပါသေး တာတော့ စိတ်ထဲမကောင်းဘူး၊ ဗိုလ်ချုပ်ထွန်းကြည် လက်ထက်ကတည်းက ပေးနေတဲ့ ထောက်ပံ့ကြေးတလ ၆၀၀ ကျပ်က အခုထိလည်း ဒီအတိုင်းပဲ၊ ဘယ်သူမှ အနာကြီးရောဂါသည်တွေကို ဂရုမစိုက်သလို အရေးထားတဲ့ အထဲလည်း မပါဘူး” ဟု သူ၏ ခံစားချက်ကို ပြောပြသည်။

၎င်းတို့ ပြောင်းရွှေ့ခဲ့ပြီး ၁၀ နှစ်ခန့် ကြာသည်အထိ ရောဂါသည် တဦးလျှင်တလ ဆန် ၆ ပြည်နှင့် ငွေ ၆၀၀ ကျပ် အစိုးရမှ ထောက်ပံ့ ခဲ့သော်လည်း ၂၀၀၆ ခုနှစ်ခန့်မှ စတင်ကာ ဆန်အထောက်အပံ့လုံးဝမရတော့ဘဲ လက်ရှိ အချိန်ထိ ရောဂါသည် အသက် ၆၀ ကျော်လူတဦးလျှင် ငွေ ၆၀၀ကျပ်သာ ဆက်လက်ထောက်ပံ့ပေးနေသောကြောင့် အဆင်မပြေတော့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ရောဂါရှိ အသက် ၆၀ အထက် ရောဂါသည်နှင့် တကိုယ်တည်းနေသူ တဦးလျှင် တလ ၆၀၀ ကျပ်နှုန်း၊ ရောဂါရှိ အသက် ၆၀ အောက် မှီခိုတဦးလျှင် ၄၅၀ ကျပ်နှုန်း၊ ရောဂါမရှိ အသက် ၆၀ အထက် မှီခိုသူနှင့် အသက် ၁၅ နှစ် အောက် မှီခိုတဦးလျှင် တလ ၁၅၀ ကျပ်နှုန်း အထောက်အပံ့ အဖြစ် ရရှိခဲ့သည်။ ထိုနှုန်းအတိုင်း လက်ရှိ အချိန်အထိ ထောက်ပံ့ပေးနေသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ဆန်ထောက်ပံ့မှု မရရှိတော့ပေ။

အဆိုပါစခန်းတွင် နေထိုင်သူ ဦးအေဝမ်းက အစိုးရ တာဝန်ရှိသူတချို့နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တချို့တို့ အဆိုပါ စခန်းသို့ လာရောက် ကြည့်ရှုမှုများ ရှိခဲ့သော်လည်း လက်တွေ့ အကျိုးဖြစ်လာမှု လုံးဝမရှိကြောင်း၊ ဂရိတ်ဝေါကုမ္ပဏီ ပိုင်ရှင်ဖြစ်သူက စခန်းတွင်း နေထိုင်နေသည့် ဒေသခံများ အလုပ်အကိုင်ရရှိရန် အတွက် အရက်ပျံချက် စက်ရုံ တည်ထောင်မည်ဟု ဆိုကာ အဆောက်အဦးများ တည်ဆောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်း ပျက်ခဲ့ရကြောင်း၊ စခန်းတည်ရှိရာ ရေမြေ အနေအထားသည် လယ်ယာစိုက်ပျိုး မရခြင်း၊ တခြား ကုန်ကြမ်းရှာဖွေမရနိုင်ခြင်း၊ မြို့နှင့် ဝေးကွာခြင်းများတို့ကြောင့် စခန်းနေသူများ၏ အဓိက အလုပ်အဖြစ် တောင်ပေါ်တက်၍ ဝါးခုတ်ရောင်းခြင်း တမျိုးဖြင့်သာ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရကြောင်း ပြောပြသည်။

“ကျနော်တို့ ဒီစခန်းကိုမပြောင်းခင် မန္တလေးမြို့ပေါ်မှာ နေတုန်းက အိမ်ကွက်မြေကွက်တွေကို ရောင်းလို့ရတဲ့ငွေကို ဘဏ်မှာ သိမ်းထားပေးပြီး အတိုးနဲ့ ထောက်ပံ့ကြေး ပြန်ပေးတာ၊ အခုဆို ဘဏ်တိုးငွေ ဘယ်လောက်ရလဲ မသိရဘူး၊ ငွေ ဘယ်လောက် အပ်ထားမှန်းလည်း မသိရဘူး၊ ထောက်ပံ့ကြေးကတော့ ၁၉၉၀ ခုနှစ်ကအတိုင်းပဲ” ဟု ဦးအေဝမ်းက ဆိုသည်။

စခန်း၏ ထောက်ပံ့ကြေးငွေ လစဉ်ထုတ်ပေးရန်အတွက် နံ့သာမြိုင် အနာကြီး ဆေးရုံအုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးရုံးများက တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အနာကြီးရောဂါ ဝေဒနာ ခံစားရသူသည် စခန်းတာဝန်ခံထံတွင် နေ့စဉ်လက်မှတ်ထိုးရပြီး ရက်ပျက်အဖြစ် ၁၀ ရက်သာ ခွင့်ပြုပြီး ၁၀ ရက်ကျော် လက်မှတ်မထိုးပါက ထောက်ပံ့ကြေးငွေ မရရှိတော့ကြောင်း သိရသည်။

ဒေသခံတဦးဖြစ်သူ ကိုကျော်ကျော်ဝင်းက ၎င်းတို့ အနာကြီးရောဂါသည် များနှင့် ပတ်သက်သည့် အကြောင်းအရာများကို လွှတ်တော် ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ပေးမည်ဆိုသည့် အထင်ဖြင့် စောင့်ကြည့်ခဲ့သော်လည်း လက်ရှိအချိန်အထိ ကူညီစောင့်ရှောက်ပေးခြင်း၊ တင်ပြပေးခြင်း လုံးဝမရှိသည့်အတွက် စိတ်ပျက်ရသည်ဟု ဆိုသည်။

“လေ့လာသွားကြတာပဲရှိတာ၊ တကယ်တမ်း လုပ်ဆောင်ပေးမယ့် သူတွေတော့ တယောက်မှ မရှိဘူး။ စခန်းမှာနေတဲ့ ကလေးတွေ ကတော့ ပညာသင်စရိတ်က အစ အခက်အခဲတွေ အများကြီးကြားထဲ ရုန်းကန်နေရတယ်” ဟု သူက ရှင်းပြသည်။

အသက် ၁၃ နှစ်အရွယ်ရှိပြီး လက်ရှိ သတ္တမတန်း အောင်၍ ကျောင်းထွက်ထားသည့် မောင်အောင်ဇော်မင်းက ၎င်းအနေဖြင့် ကျောင်းဆက်လက် တက်ချင်သော်လည်း အသက် ၇၀ ခန့်အရွယ်ရှိ အဘွားဖြစ်သူနှင့်သာ နေထိုင်ရသဖြင့် စားဝတ်နေရေး ပြဿနာအတွက် တောင်ပေါ် ဝါးခုတ်သည့် အလုပ်ဖြင့်သာ ဘဝ ရပ်တည်ရတော့မည် ဖြစ်ကြောင်း၊ ၎င်း၏ ရည်မှန်းချက်မှာ ပညာတတ်သူ တဦးဖြစ်ချင်သော်လည်း ပညာသင်စရိတ် ထောက်ပံ့မည့်သူ မရှိခြင်း၊ မိဘနှစ်ပါးက ရွာမှ ထွက်ခွာသွားကာ ပြန်လှည့် မကြည့်တော့သည့် အပြင် အဘွားဖြစ်သူကိုလည်း ငဲ့ညာနေရသဖြင့် ပညာရေးထက် ဘဝရပ်တည်နိုင်ရေး၊ စားဝတ်နေရေး ဖြေရှင်းရေးတို့ကိုသာ အဓိက စဉ်းစားတော့ကြောင်း ပြောပြသည်။

ဘဏ်တိုးမှရသည့် ငွေဖြင့် ထောက်ပံ့မှု မလုံလောက်သောကြောင့် ဝေဒနာရှင်များ၏ သားသမီးများသည် အနီးအနား တောအုပ်အတွင်း ဝါးသွားခုတ်ခြင်းအပြင် ဝေဒနာမရှိသော တချို့ လူငယ်များမှာ မန္တလေးမြို့ပေါ်တွင် စားပွဲထိုးလုပ်ခြင်း၊ မူဆယ်သို့ သွားကာ ကုန်ထမ်းပိုးခြင်း စသည့် အလုပ်များလုပ်ကိုင် ငွေရှာ၍ ဝေဒနာသည် မိဘများအား ထောက်ပံ့ ပေးကြရကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းကြည် အာဏာရှိစဉ်က နံ့သာမြိုင်အနာကြီး ရောဂါသည်စခန်းကို နှစ်လတကြိမ် လာရောက်ကြည့်ရှု အားပေးမှု ရှိခဲ့ပြီး အနာကြီးရောဂါ ဝေဒနာသည်များ၊ ၎င်းတို့၏ မျိုးဆက်များနှင့် လက်ပွန်းတတီး အားပေးနှစ်သိမ့်မှုများ ရှိသည့်အပြင် ငွေကြေးအားဖြင့် အထိုက်အလျောက် ထောက်ပံ့မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဗိုလ်ချုပ်ထွန်းကြည် လက်ထက်တုန်းက ဒီအထိကို ဟယ်လီကော်ပတာနဲ့ လာပြီး ဝေဒနာသည်တွေနဲ့ စကားပြောတာ၊ ဘာလိုအပ်လဲ မေးတာ ရှိတယ်။ ငွေအားဖြင့်လည်း တခါတခါ လာတိုင်း ထောက်ပံ့ပေးခဲ့တယ်” ဟု ဦးအေဝမ်းက ဆိုသည်။

အနာကြီးရောဂါ ဝေဒနာသည်များသည် ရောဂါပျောက်ဆုံးသွားသော်လည်း တခြားသူများ၏ တပြေးညီ ဆက်ဆံမှု မရရှိကြောင်း၊ နှိမ်ချဆက်ဆံ ခံရကြောင်း၊ တခြားသော မသန်စွမ်းဝေဒနာသည်များကို လူသားချင်းစာနာသည့် ကူညီမှုများ၊ အဆိုပါ မသန်စွမ်းများအတွက် လွှတ်တော်တွင် တင်ပြဆွေးနွေးမှုများ စသည့် သတင်းများ တွေ့ရသည့်အချိန်တွင် မိမိအပါအဝင် အနာကြီး ဝေဒနာ ရှင်များအတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဦးတင်ထွဋ်က ပြောသည်။

“ဒီလူတွေအတွက် အခြေခံကျပြီး လက်တွေ့ကျတဲ့ အလုပ်အကိုင် ဖန်တီးပေးဖို့လိုတယ်” ဟု အဆိုပါဒေသတွင် ဝါးဒိုင်အဖြစ် လုပ်ကိုင်ရင်း ဒေသခံများအား တတ်စွမ်းသရွေ့ ကူညီထောက်ပံ့ပေးနေသည့် ဝေဒနာသည်များ၏ မျိုးဆက် မန္တလေး ရတနာပုံ တက္ကသိုလ်မှ ဘွဲရခဲ့သူ တဦးဖြစ်သူ ဦးဖာက ဆိုသည်။

နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာကျေးရွာတွင် တည်ရှိပြီး ၁၉၉၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့က မန္တလေးမြို့ပေါ် ရပ်ကွက် ၅ ခုတွင် နေထိုင်ကြသည့် အနာကြီးရောဂါသည် များကို မြို့တော် အင်္ဂါရပ်နှင့် မညီညွတ်ဟုဆိုကာ အကြောင်းကြားစာများပို့၍ မြို့နှင့် မိုင် ၅၀ ကျော် ဝေးသည့် လက်ရှိစခန်း တည်ရှိရာ နေရာ သို့ ပြောင်းရွှေ့စေခဲ့သည်။

ပြောင်းရွှေ့စတွင် အာဟာရ မပြည့်ဝခြင်း၊ သစ်ပင်မရှိသော ထိုနေရာ၌ ရာသီဥတုဒဏ် ပြင်းထန်စွာ ခံစားရခြင်းတို့ကြောင့် ငှက်ဖျားမိ၍ သေဆုံးသူများစွာ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြောင်းရွှေ့စက အိမ်ထောင်စု ၄၅၆ စုရှိခဲ့သော်လည်း ယခုအခါ အိမ်ထောင်စု ၃၁၈ သာ ကျန်တော့သည်။

လက်ရှိ အဆိုပါစခန်းတွင် ရောဂါရှိ အိမ်ထောင်စု ၂၄၇ စုနှင့် ရောဂါမရှိတော့သည့် အိမ်ထောင်စု ၇၁ စုရှိပြီး စုစုပေါင်းလူဦးရေ ၁၃၈၀ ဦး နေထိုင်လျှက်ရှိသည်။

Loading