အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း အပါအဝင် ဌာန အဖွဲ့အစည်းများ၏ ဘဏ်အသစ် ၃ ဘဏ်ကို မကြာမီ ထပ်မံဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ အသိုင်းအဝန်းမှ သတင်းရရှိသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ပြင်ပဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဘဏ်ဖွဲ့စည်း တည်ထောင်မည် ဖြစ်ကြောင်း၊ အလားတူ ကျောက်မျက်လုပ်ငန်းရှင်များကိုလည်း ပုဂ္ဂလိကဘဏ်အဖြစ် ဖွင့်လှစ်ခွင့် ပြုခြင်းဖြစ်ကြောင်း သိရသည်။
ဘဏ်လုပ်ငန်းရှင်တဦးက “တခြားနိုင်ငံတွေက စိုက်ပျိုးရေးဘဏ်တွေ ဖွင့်သလို ဆောက်လုပ်ရေးနဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေအတွက် ဘဏ်ဖွင့်ခွင့်ပေးတဲ့ ပုံစံပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၌ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသည်။
တတိယမြောက် ဘဏ်ကို အတည်မပြုနိုင်သေးသည့် သတင်းများအရ နိုင်ငံရေးပါတီကြီးတခုက ကျောထောက်နောက်ခံ ပြုထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်တဦးက လုပ်ကိုင်ခွင့်ရကြောင်း သိရသည်။
၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မွေးမြူရေးနှင့့် ရေလုပ်ငန်းဝန်ကြီးဌာနပိုင် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို “မြန်မာ့ရတနာဘဏ်” ဟု အမည်ပြောင်းကာ အများပိုင်ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ အာရှစိမ်းလန်းမှု ဖွံဖြိုးရေးဘဏ် (AGD) သည်လည်း အများပိုင်ဘဏ်အဖြစ် ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံဗဟိုဘဏ်တွင် တာဝန်ယူဖူးပြီး လက်ရှိ ကမ္ဘောဇဘဏ်၏ ဒု ဥက္ကဋ္ဌတာဝန် ယူထားသူ ဦးသန်းလွင်က အစိုးရအနေဖြင့် တိုင်းပြည်၌ အရေးကြီးသည့် ပို့ကုန်သွင်းကုန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဘဏ်များဖွင့်လှစ်ရန် ပိုမိုလိုအပ်ကြောင်း ဆိုသည်။
“နိုင်ငံတိုင်းမှာ အဓိကက ကိုယ်နိုင်ငံက ပစ္စည်းပို့ရင် အဆင်ပြေအောင် ကူညီပေးမယ့် ငွေချေးပေးမယ့် ပို့ကုန်သွင်းကုန်ဘဏ်တွေ ရှိတယ်။ အဲဒီတော့ ဆောက်လုပ်ရေးတို့ ကျောက်မျက်တို့ထက် ဒါမျိုးဘဏ်တွေ ထောင်ရမယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ အစိုးရ စိုက်ပျိုးရေးဘဏ်သည် အမတော်ကြေးငွေ ချေးခြင်း၊ ပြန်ဆပ်သည့်ငွေကို လက်ခံခြင်းစသည့် ကဏ္ဍနှစ်ရပ်ကိုသာ လုပ်ကိုင်ရာ လယ်သမားများအတွက် အဆင်မပြေကြောင်း၊ ထို့အတွက် လယ်ယာကဏ္ဍ တိုးတက်ရန် နိုင်ငံခြားတိုင်းပြည်များကို အတုယူပြီး တောင်သူလယ်သမား အကျိုးပြုဘဏ်မျိုး ထူထောင်ပေးသင့်ကြောင်း ဦးသန်းလွင်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၌ အစိုးရ ဘဏ် ၃ ဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၊ စုစုပေါင်း ၂၂ ဘဏ် ရှိသော်လည်း ပုဂ္ဂလိက ဘဏ်များအနေဖြင့် ဘဏ်ခွဲ ဖွင့်လှစ်နိုင်မှုမှာ တနိုင်ငံလုံး အတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသည်ကို တွေ့ရသည်။
ဘဏ်လုပ်ငန်းရှင်များကမူ အစိုးရအနေဖြင့် ဘဏ်သစ်များ ထပ်မံ ဖွင့်လှစ်ခွင့်ပေးခြင်းထက် လက်ရှိ ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲများ နိုင်ငံနှင့် တဝှမ်း အားကောင်းကောင်းဖြင့် ဖွင့်လှစ်လာနိုင်စေရေးကို ပိုမိုအားပေးသင့်သည်ဟု ဘဏ်လုပ်ငန်းရှင်များက ယူဆကြောင်း သိရသည်။
“ဘဏ်အသေးလေးတွေ များနေရင် ယှဉ်ပြိုင်နိုင်စွမ်းအား မရှိဘူး။ ဒါကြောင့် ပေါင်းပေးသင့်တယ်။ တခြားနိုင်ငံတွေလည်း အစိုးရက ဒီလိုပဲ ပေါင်းပေးတယ်။ မပေါင်းနိုင်ရင် ဘဏ်ကြီးတွေကဝယ်၊ ဒါမှ အင်အားတောင့်လာမှာ” ဟု ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုသည်။
အစိုးရသစ်လက်ထက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တနေ့တခြား ဝင်ရောက်နေရာ ခေတ်မီဘဏ်စနစ်မှာ မရှိမဖြစ် လိုအပ်သကဲ့သို့ ဘဏ်များ၏ အင်အားတောင့်တင်းရန်လည်း လိုအပ်ကြောင်း၊ ထို့အတွက် ၁၉၉၀ ဝန်းကျင်က ရေးဆွဲထားသည့် ဘဏ်ဥပဒေများကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်ြကြောင်း၊ ခေတ်မီဘဏ်စနစ်နှင့် ကင်းကွာနေခဲ့သည့် ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို နိုင်ငံခြားမှာ ခေါ်ယူငှားရမ်းသင့်ကြောင်း ဦးသန်းလွင်က ပြောသည်။
လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၌ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ဘဏ်မှာ ကမ္ဘောဇဘဏ်ဖြစ်ပြီး ဘဏ်ခွဲ ၁၀၆ ခု ဖွင့်လှစ်ထားသည်။ ရိုးမဘဏ်က ဘဏ်ခွဲ ၄၀ ကျော်၊ အာရှစိမ်းလန်းမှု ဖွံဖြိုးရေးဘဏ် (AGD) က ဘဏ်ခွဲ ၂၈ ဘဏ် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
၁၉၉၄-၉၅ ခုနှစ်ခန့် ကတည်းက ဖွင့်လှစ်ခွင့်ရရှိထားသည့် အာရှ ရန်ကုန်ဘဏ် ဆိုလျှင် ရန်ကုန်၊ မန္တလေး မြို့ကြီး နှစ်မြို့၌သာ ဘဏ်ခွဲများ ဖွင့်လှစ်ထားသည်ဟု သိရသည်။