ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ဒေသ အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်များကို ထိုးစစ်ဆင်ရာတွင် အစိုးရ စစ်တပ်က ဒေသခံ ပလောင် လူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း ပလောင်အဖွဲ့များက ထုတ်ပြန် လိုက်သည်။
စစ်ဆင်ရေးပြုလုပ်ရာတွင် အစိုးရ စစ်တပ်က ဒေသခံများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းတို့ ပြုလုပ်ကြောင်း၊ ဒေသခံများမှာ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ထွက်ပြေးခိုလှုံရကြောင်း ပလောင် အမျိုးသမီး အစည်းအရုံး(PWO)နှင့် ပလောင်(တအာင်း) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO) တို့၏ ထုတ်ပြန်ချက်၌ တွေ့ရှိရသည်။
အဆိုပါအဖွဲ့များက ယခုနှစ် မတ်နှင့် ဧပြီ နှစ်လအတွင်း ကွင်းဆင်း မှတ်တမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယခုလ ၆ ရက် နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်ထဲတွင် ပလောင် အမျိုးသမီးများကို ပေါ်တာအဖြစ် အသုံးပြုခြင်းနှင့် အဓမ္မပြုကျင့် ခံရခြင်းများ လည်း ပါဝင်ပြီး ယင်းကိစ္စများသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်သကဲ့သို့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေလည်း ဖြစ် ကြောင်း PWO အဖွဲ့က ပြောသည်။
“ခံခဲ့ရတဲ့လူတွေကို ကျမတို့ ကိုယ်တိုင် ကွင်းဆင်းပြီး တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်၊ သူတို့က ဒီအဖြစ်အပျက်တွေကို ပြန်တိုင်ဖို့ နေနေ သာသာ ရွာသူကြီးကိုယ်တိုင်က စစ်တပ်ကို ကြောက်နေရတာဆိုတော့ သူတို့လည်း ဘယ်မှမတိုင်ရဲကြဘူး”ဟု PWO အဖွဲ့ တွဲဖက် အတွင်းရေးမှူး(၂) လွေးပိုးညှင်း(လွေးပိုးညိူဝ်း) က ဧရာဝတီသို့ ပြောသည်။
ပလောင်အဖွဲ့၏ စစ်တမ်းကောက်ယူမှုများ၌ ဧပြီလ ၁၉၊ ၂၀ ရက်တွင် မန်တုံမြို့နယ် ရေပုံးကျေးရွာက အိမ်ထောင်သည် အမျိုးသမီး ၂ ဦးကို ဒေသခံ ခြေလျင် တပ်ရင်း ခလရ (၅၀၂) တပ်ရင်းမှ ခြိမ်းခြောက် အဓမ္မပြုကျင့်မှုပြုခဲ့ပြီး မတ်လ ၂၅ ရက်နေ့ကလည်း တန့်ယန်းမြို့နယ် နန့်မနွတ်ကျေးရွာမှ အသက် ၁၆ နှစ်အောက် မိန်းကလေး ၃ ဦးအား ခြေမြန် တပ်ရင်း ခမရ (၄၁) မှ ပေါ်တာအဖြစ် ခေါ်ယူ အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
“ကျမတို့ကို စစ်သား အယောက် (၃၀) ဝန်းကျင်လောက်၊ ညနေ ၅ နာရီအချိန်လောက် အိမ်ကိုလာခေါ်ပြီးတော့ ကောင်းဆိုင်း ကနေ ဟွေ့ပူရွာအထိ လမ်းပြခိုင်းတယ်၊ ကျမတို့ကို သေနတ်နဲ့ချိန်ပြီး ခြောက်တော့ ကြောက်လွန်းလို့ ငိုတောင် ငိုတယ်၊ ဟွေ့ပူ ရွာကို မိနစ် ၄၀ လောက် ခြေကျင်လျှောက်သွားရတယ်၊ ကျမတို့ကို စစ်သားတွေက ဘာမှတော့ မလုပ်ပါဘူး၊ သူတို့တောထဲ လျှောက် မသွားရဲဘူးလား မသိဘူး၊ ၂၆ ရက်နေ့မနက် ၇ နာရီလောက်မှ အိမ်ပြန်လွှတ်တယ်”ဟု ပေါ်တာဆွဲခံခဲ့ရသည့် အမျိုးသမီး တဦး ၏ ပြောပြချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ခမရ (၄၁) တပ်ရင်းက မတ်လ ၂၆ ရက်နေ့တွင် ကောင်းဆိုင်းကျေးရွာမှ ရွာသား ၅ ဦးအား လမ်းပြအဖြစ် ခေါ်ဆောင် သွားခဲ့ရာ လမ်းခရီးတွင် မိုင်းထိ၍ ၂ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟုလည်း ဆိုသည်။
ဧပြီလ ဒုတိယအပတ်တွင် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တပ်သား ၃ ဦးကိုလည်း ခလရ (၅၀၄) တပ်ရင်းမှ သတ်ဖြတ်ခဲ့ သကဲ့သို့ ကွတ်ခိုင်မြို့နယ် လွယ်စရန်းရွာသား ၅ ဦးနှင့် ရွာသူကြီးကိုလည်း TNLA တပ်ဖွဲ့များနှင့် ဆက်နွယ် သည် ဟုဆိုကာ ဖမ်းဆီးနှိပ်စက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့အပြင် အစိုးရတပ် ခမရ (၅၀၁) တပ်ရင်းမှ တပ်စခန်းသစ် တည်ဆောက်ရာတွင် ကျောက်မဲမြို့နယ်၊ ခွာန်ခါ ကျေးရွာမှ ရွာသူ၊ ရွာသားများကို ဧပြီလ ၁၂ ရက်နေ့က အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောင်အဖွဲ့များက ထုတ်ပြန်ထားသော စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဧရာဝတီ အနေဖြင့် အစိုးရ စစ်တပ်ဘက်မှ အတည်ပြုချက်၊ ငြင်းဆိုချက်များ မရရှိပါ။
အရပ်သားအမည်ခံ အစိုးရအနေဖြင့် ကမ္ဘာနှင့် မြန်မာနိုင်ငံတဝန်း၌ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုများကို ကြေညာ ပြောဆိုမှုများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း ပလောင်ဒေသနှင့် အခြားတိုင်းရင်းသား ဒေသအချို့တွင် စစ်တပ်၏ စစ်ရေးအရှိန်မြှင့်မှုများ လုပ်ဆောင်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေဆဲဖြစ်ကြောင်း TSYO ၏ အထွေထွေ အတွင်း ရေးမှူး လွေးလှားရိုန်း က ပြောသည်။
“အစိုးရ အကြီးအကဲတွေက နိုင်ငံထဲမှာ ငြိမ်းချမ်းနေပါပြီ၊ ပြုပြင်ပြောင်းလဲနေပါပြီဆိုပြီး ကမ္ဘာကို အော်ပြောနေပေမယ့်၊ လက်တွေ့ ကျမတို့ တိုင်းရင်းသား ဒေသအချို့မှာက ပြောင်းလဲမှုတွေ မရှိသေးဘူး၊ ဒေသခံတွေကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လက်တွေ့ ခံနေရတုန်းပဲ၊ ငြိမ်းချမ်းနေပြီဆိုတာ မြို့ပြတွေပေါ်က လူတွေယုံရင် ယုံလိမ့်မယ်၊ ကျမတို့ဆီမှာ ဘာမှ မပြောင်းလဲသေး ဘူး”ဟု လွေးလှားရိုန်း က ဧရာဝတီ သို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသတွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စသည့်လက်နက်ကိုင် တပ်များလှုပ်ရှားလျက်ရှိသည်။
ယင်းဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၁၅၀၀ ကျော်မှာ အိုးအိမ်များကို စွန့်၍ တန့်ယန်းမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရပြီး ကွတ်ခိုင်မြို့ပေါ်တွင်လည်း စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော် ခိုလှုံနေကြောင်း ပလောင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။
ယင်းသို့ ပလောင်ဒေသတွင် ဖြစ်ပွားနေသော အဖြစ်အပျက် အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် အနေဖြင့် မသိရှိသေးကြောင်း ၎င်းတို့ထံ တင်ပြလာပါက လက်ခံသွားမည်ဖြစ်ကြောင်း ဧရာဝတီ က မေးမြန်း ရာတွင် ပြောဆိုသည်။
ရရှိလာသည့် အချက်များပေါ် စိစစ်၍ အခြေအနေပေးပါက ကွင်းဆင်းဆောင်ရွက်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း ယင်းသို့လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့ ကော်မရှင်တွင် အခက်အခဲတချို့ရှိနေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ၏ အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောသည်။
“ကျနော်တို့ဆီ တင်ပြတိုင်ကြားလာလို့ရှိရင် ကျနော်တို့လည်း သွားနိုင်မယ်ဆိုရင်တော့ သွားဖို့ ကြိုးစားပါတယ်၊ တခုရှိတာက ကုန်ကျစရိတ်က လက်လှမ်းမီဖို့ရယ်၊ လုံခြုံရေးအရ အခြေအနေပေးဖို့ရယ် အဓိက ကတော့ အဲဒီနှစ်ချက်ပါပဲ၊ ကျနော်တို့မှာ ဆောင် ရွက်ခွင့်ရှိတယ်လေ၊ ချိုးဖောက်မှုတွေဟာ မှန်ကန်တယ်လို့ ကော်မရှင်က ယူဆရင်၊ နယ်မြေကလည်း သွားနိုင်တဲ့ လုံခြုံရေးကောင်း မွန်တဲ့ နေရာမှာ ရှိရင် ကော်မရှင်အနေနဲ့ သွားလို့ရပါတယ်”ဟု ဦးစစ်မြိုင် က ပြောသည်။
သူကဆက်ပြီး “ကျနော်တို့ ကော်မရှင်ဆိုတာကတော့ တွေ့ရှိချက်ကို မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့ ကျနော်တို့ရဲ့ သုံးသပ်ချက် နဲ့တကွ အစိုးရ အဖွဲ့ကိုပို့တာပေါ့၊ အဲဒီကမှ သက်ဆိုင်ရာဌာနကို လိုအပ်သလိုဆောင်ရွက်ပေးဖို့ အကြောင်းကြားတာပေါ့၊ တိုက်တွန်း တယ်၊ အကြံပြုတယ်ဆိုတာကတော့ ကျနော်တို့ လုပ်နိုင်တဲ့ အခွင့်အာဏာပေါ့ဗျာ”ဟု ဆိုသည်။
ကချင်ပြည်နယ်ထဲတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအကြားတွင် နှစ်ဖက်လက်နက်ကိုင် တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ပတ်သက်ပြီး တိုင်ကြားချက်များရရှိခဲ့ကြောင်း၊ သို့သော်လည်း ကော်မရှင်အနေဖြင့် လုံခြုံရေးအရ မြစ်ကြီးနားမြို့နယ် အနီး တဝိုက်ကိုသာ သွားရောက်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ပလောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု စစ်တမ်းများနှင့် ယင်းဖြစ်ရပ်များကို အရေးယူဆောင်ရွက် ပေးရန် တောင်းဆိုချက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် နိုင်ငံတော် သမ္မတရုံးနှင့် အခြား သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ နိုင်ငံရေးပါတီကြီးများထံ ပေးပို့သွားမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူခဲ့သည့် ပလောင်အဖွဲ့နှစ်ဖွဲ့ကလည်း ပြောသည်။
PWO အဖွဲ့ တွဲဖက် အတွင်းရေးမှူး(၂) လွေးပိုးညှင်း(လွေးပိုးညိူဝ်း) က“ဒီရရှိချက်တွေကို ကျမတို့က ပို့ပေးသွားမှာပါ၊ ဒီလူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတာက ရိုးရိုးသာမန် ဖြစ်ရပ်ကျူးလွန်မှုတွေ မဟုတ်ဘူး၊ ရာဇဝတ်မှု ကျူးလွန်တာလေ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့လည်း တကယ့်တကယ် အလုပ်လုပ်တယ် ဆိုလို့ရှိရင် အဲဒီအကြောင်း အရာတွေကို အမှန်တရားအတွက် ဖော်ထုတ်ပေးရမှာပဲ”ဟု ပြောသည်။
နိုင်ငံအတွင်း တိုင်းရင်းသားဒေသများအပါအဝင် ဒေသအသီးသီး၌ ဖြစ်ပျက်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက် ၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တိုင်တန်းကြသော်လည်း ကော်မရှင်အနေဖြင့် လုပ်ဆောင်မှုများ နှေးကွေးနေ မှုနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့ အစည်းများ၏ ဝေဖန်မှုများကို ခံနေရသည်။
ယင်းသို့ ဝေဖန်မှုများနှင့် ပတ်သက်၍ ဦးစစ်မြိုင်က“ကျနော်တို့ကတော့ လုပ်တယ်ဆို အဖွဲ့နဲ့လုပ်ရတယ်၊ ကော်မရှင်ရဲ့သဘော တူညီချက် ယူရတယ်၊ သက်ဆိုင်ရာနယ်မြေနဲ့ ညှိရတယ်၊ ကော်မရှင်ကသွားပြီဆိုရင်လည်း ထိထိမိမိနဲ့ မှန်မှန်ကန်ကန် ဖြစ်ဖို့လို တယ်၊ ကွန်ရက်တွေလို တက်ကြွလှုပ်ရှားသူတွေလိုတော့ သွက်သွက် လက်လက် မရှိဘူးပေါ့ဗျာ၊ သို့သော်လည်း ကျနော်တို့ ဝေဖန် သုံးသပ်ချက်တွေကတော့ ထိရောက်တယ်၊ လေးနက်တယ်ဆိုတဲ့ သဘောတော့ ဆောင်တာပေါ့ဗျာ၊ ဒီလိုကွဲပြားတဲ့ သဘော သဘာဝတွေတော့ ရှိတာပေါ့”ဟု ပြောဆိုသည်။