လာမည့် ဇွန်လ ၈ ရက်နှင့် ၉ ရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲရေး မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပသွားမည်ဖြစ်ပြီး ပညာရေးကွန်ရက် အဖွဲ့ဝင်များသာမက ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းနေကြသော ပညာရေးဝန်ထမ်းများလည်း တက်ရောက်ရန် ရှိကြောင်း သတင်းရရှိသည်။
ယင်းညီလာခံကို ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်(NNER) က ကမကထပြုလုပ်ပြီး ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ)ကျောင်းတွင် ပြုလုပ်ရန် ရည်ရွယ်ထားပြီး ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ် ၅၀၀ ကျော် ခန့်မှန်းထားကြောင်း သိရသည်။
ညီလာခံတွင် ပညာရေး လွတ်လပ်ခွင့်နှင့် စီမံခန့်ခွဲမှု၊ အခြေခံပညာ ပြုပြင်ပြောင်းလဲရေး၊ တက္ကသိုလ်ပညာ ပြုပြင်ပြောင်းလဲရေး၊ အသက်မွေးဝမ်းကျောင်း ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေး၊ ဘာသာရေးအဖွဲအစည်းများ၏ ပညာရေး၊ တိုင်းရင်းသား ဘာသာစကားနှင့် ပညာရေး၊ ပညာဒါနကျောင်းများ၊ ပုဂ္ဂလိက ပညာရေး စသည့်ကဏ္ဍများကို ဆွေးနွေးရန်ရှိကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းများမှ ပညာရေး အဖွဲ့အစည်းများ၊ ပညာရေး ဝန်ထမ်းများလည်း တက်ရောက်ရန်ရှိသည့်အပြင် စိတ်ပါဝင်စားသူ မည်သူကိုမဆို လာရောက်တက်ရောက်နိုင်သည်ဟု ညီလာခံ စီစဉ်သူများက ဆိုသည်။
ပညာရေးဝန်ကြီးဌာနမှ လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသ ပညာရေး လိုအပ်ချက်များကိုလည်း သိရှိရန် NNER မှ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲများကို မုံရွာ၊ ပခုက္ကူ၊ မြစ်ကြီးနား၊ မန္တလေးနှင် ထားဝယ် တို့တွင်ပြုလုပ်ခဲ့ပြီး ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ ပေါင်းတည်၊ လွိုင်ကော်၊ တောင်ငူ၊ ဟင်္သာတတို့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ရခိုင်၊ ချင်းတောင်နှင့် မြိတ်တို့တွင်လည်း ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ယင်းဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲများမှ ရလဒ်များကို ပညာရေးညီလာခံတွင် ထည့်သွင်းဆွေးနွေးသွားပြီး ညီလာခံမှ ထွက်ရှိလာမည့် နိုင်ငံလုံးဆိုင်ရာ ပညာရေးမှုဝါဒ(မူကြမ်း)ကို လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
NNER က ပညာရေးဆွေးနွေးပွဲတရပ်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ကျင်းပခဲ့ရာ ပညာရေးအဖွဲ့အစည်း ၆၈ ဖွဲ့ တက်ရောက်ခဲ့ပြီး ပညာရေးလွတ်လပ်ခွင့်ကို ဦးတည်ချက်ထား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပညာရေးညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျပ်သိန်း၂၀၀ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။