သတင်း

ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး

This article has been converted from Zawgyi One to Unicode

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာတွင် မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော နေအိမ်တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာရသည့် အခြေအနေကို မသိရှိရသေးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး Nanan Sukarna ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက သတင်းရေးသားဖော်ပြသည်။

အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Timur Pradopo ၏အဆိုအရ  ပစ်ခတ်မှုများဖြစ်ပွားခဲ့ရခြင်းမှာ  စစ်သွေးကြွဟု သံသယရှိခံရသူများက ခိုအောင်းနေသော နေအိမ်အတွင်းမှနေ၍ ပြန်လည်ခုခံတိုက်ခိုက် ပစ်ခတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ နေအိမ်နှင့် အနီးတဝိုက်တွင် နေထိုင်သူများကို နေရာရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရှိရသည်။

“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီးTimur Pradopo ကပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသော  အေပီသတင်းဌာနမှ သတင်းထောက်၏ အဆိုအရ ရဲတပ်ဖွဲ့က စစ်သွေးကြွများကို လက်နက်ချပြီး ထွက်လာကြရန် သတိပေးပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သတိပေးပြောဆိုနေစဉ် နေအိမ်အတွင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ လဆန်ပိုင်းက မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်မည်ဟု သံသယရှိခံရသော အစွန်းရောက်စစ်သွေးကြွ  ၂ ဦးကို လက်လုပ်ဗုံး ၅ လုံးနှင့်အတူ ဂျာကာတာမြို့တွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏နေအိမ်တွင်လည်း ဖေါက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်ဆီးမိသူ ၂ ဦးက  မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်များ တိုက်ခိုက်ခံရခြင်းအတွက် ပြန်လည်လက်စားချေလိုခြင်းကြောင့် ဗုံးခွဲရန် ကြံစည်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အင်ဒိုနီရှားမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

Loading