ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင်(ဆွဲ၊ တင်၊ စစ်) လူဦးရေ စာရင်း ကောက်ခံမှုကို မကြာမီ ပြန် လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
“စစ်တွေက စခန်းတွေမှာ မွတ်စလင်လူဦးရေ အရမ်းများလာနေတယ်၊ စာရင်းမရှိတဲ့ သူတွေများနေတော့ ရိက္ခာပေးရင် အ ခက်အခဲ တွေ ရှိတယ်၊ WFP ကလည်း လူဦးရေ စာရင်းအတိုင်းပဲ ရိက္ခာပေးတယ်၊ စာရင်းမရှိလို့ မရတဲ့သူတွေရှိရင် အဲဒီ လူတွေကို ကျနော် တို့ကပဲ မပေးသလိုမျိုး လူ့အခွင့်အရေး အဖွဲ့တွေက အော်ကြတယ်”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
စစ်တွေရှိ ဒုက္ခသည် စခန်းများသို့ ရခိုင်ပြည်နယ်၏ တခြားဒေသများမှ မွတ်စလင်များသည် နည်းမျိုးစုံဖြင့် ရောက်ရှိနေကြကြောင်း၊ တာဝန်ရှိသူများ သွားရောက် စစ်ဆေးချိန်၌ နီးစပ်ရာနေအိမ်များတွင် ပုန်းအောင်းနေကြပြီး ရိက္ခာ ဝေပေးချိန်မှသာ အများအပြား ထွက်လာကြကြောင်း ၎င်းက ဆိုသည်။
“ဥပမာ- စာရင်းရှိတဲ့ လူ ၁၀ ယောက်စာ ရိက္ခာပေးမယ်ဆိုရင် နောက်ထပ် ၃၀ လောက် ရောက်လာကြတယ်၊ အဲဒီအတွက် ကျနော် တို့မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်”ဟု ဦးဝင်းမြိုင် က ပြောသည်။
ဒုက္ခသည် စခန်းများသည် ပင်လယ်ကမ်းခြေနှင့်နီးစပ်၍ စစ်တွေဒေသနှင့်နီးစပ်သော ပေါက်တော အပါအဝင် ရခိုင်ပြည်နယ်၏ တခြား ဒေသများမှ မွတ်စလင်များသည် ညအချိန်တွင် လှေများဖြင့် စခန်းထဲသို့ခိုးဝင်ကြကြောင်း၊ စခန်းများတွင် လုံခြုံရေးထားရှိသော် လည်း ပင်လယ်ကမ်းခြေ ရှည်လျား၍ နေရာတိုင်းတွင် လုံခြုံရေး မထားနိုင်ကြောင်း သိရသည်။
စစ်တွေမြို့နယ် ဒုက္ခသည် စခန်းများရှိ လူဦးရေ ကောက်ခံခြင်းကို ဆွဲ၊ တင်၊ စစ် စနစ်ဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပြည် နယ် အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်များ စုပေါင်း၍ ဧပြီလကုန်ပိုင်းတွင် စတင်ကောက်ခံရာ အုံကြွ ကန့်ကွက်မှုများနှင့် ကြုံတွေ့ရ၍ ရပ်ဆိုင်းထားကြောင်း၊ လူဦးရေ စာရင်းကောက်ခံရာ၌ လူမျိုးအမည်တွင် ဘင်္ဂါလီဟု မဖြည့်လိုဘဲ ရိုဟင်ဂျာ ဟူ၍ စာရင်းသွင်းမှသာ လက်ခံမည်ဟုဆိုကာ အုပ်စုဖွဲ့ ကန့်ကွက်သည့်အတွက် ခေတ္တရပ်ခဲ့ရကြောင်း သိရသည်။
လူဦးရေ စာရင်းကောက်ခံနိုင်ရန် လုံခြုံရေး ဆိုင်ရာများ ဆောင်ရွက်နေကြောင်း၊ ဘင်္ဂါလီလူမျိုး အမည်ဖြင့်သာ ကောက်ခံမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သတင်းစာများကလည်း ဘင်္ဂါလီလူမျိုးဟု တရားဝင်ကြေညာထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ မရှိသည့် လူမျိုးအမည်ကို ပြောဆို၍ လှှုံ့ဆော်မှု မပြုလုပ်ကြရန် ဘင်္ဂါလီ ရပ်မိရပ်ဘများကို ခေါ်ယူဆွေးနွေး ပြောဆိုထားကြောင်း ဦးဝင်းမြိုင် က ရှင်းပြသည်။
ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်း တင်ခြင်း နှင့် စစ်ဆေးခြင်း တို့ ဖြစ်သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျောက်ဖြူဒေသမှ ထွက်ပြေးသွားသူများသည် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ရှိနေကြောင်း၊ ၎င်းတို့ကိုလည်း မိုးရာသီ မရောက်မီ ကျောက်ဖြူဒေသသို့ ပြန်လည်ပို့ဆောင်၍ နေရာချထားပေးရန် စီစဉ်နေကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။
ကျောက်ဖြူဒေသခံများကမူ ၎င်းတို့ဒေသ၌ နေရာ ချထားပေးမည့် ကိစ္စကို ကန့်ကွက်ထားကြောင်း၊ ရခိုင်ပြည်နယ် အစိုးရက စီစဉ် နေသည့် နေရာများသည် ကျေးလက် တောရွာများဖြစ်၍ ဘင်္ဂါလီများကို နေရာချထားပေးပါက ဒေသခံများ၏ ရေ လုပ်ငန်းနှင့် လယ်ယာ လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြတော့မည် မဟုတ်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများ က ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့က ချောင်းတွေ၊ ပင်လယ်တွေထွက် ငါးဖမ်းကြတယ်၊ လယ်ကွင်းတွေမှာ သွားပြီး လယ်လုပ်ရတယ်၊ ဒီလူတွေ ရောက် လာရင် ကျနော်တို့ တဦး တယောက်တည်းသွားဖို့ ခက်ခဲမယ်၊ ဒေသခံတွေရဲ့လုံခြုံရေး စိုးရိမ်ရတယ်၊ ကျနော်တို့ နောက်ထပ်ပြဿနာတွေ မဖြစ်ချင်တော့ဘူး၊ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ချင်တယ်”ဟု လှေပြိုင်ကွင်း ဒေသခံတဦး က ပြောသည်။
ကျောက်ဖြူဒေသ၌ မွတ်စလင်များ ပြန်လည်နေရာချရေးအတွက် ဗဟိုအစိုးရနှင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများ သည် မကြာခဏ လာရောက်၍ နေရာရှာဖွေနေကြကြောင်း၊ လက်ရှိတွင် ဂုံးချွိုင်ရွာ၊ လှေပြိုင်ကွင်း၊ ကုလားမ ကျွန်း စသည့် နေရာ ၄ ခုကို ရွေးချယ်ထားကြောင်း၊ ထိုနေရာများကို အားလုံးက ကန့်ကွက်ထားကြောင်း၊ ဘင်္ဂါလီများအား လူသားချင်း စာနာထောက်ထားသည့် တိုင် တတိယ အကြိမ် ပဋိပက္ခဖြစ်ပွားလာမည်ကို ရခိုင်ပြည်သူများက စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
“ဒီလူတွေကို မိုးရာသီ မရောက်ခင် အမိုးအကာအောက် ရောက်ဖို့လုပ်ပေးမယ့် ကိစ္စကို ကျနော်တို့က မကန့်ကွက်ပါဘူး၊ သူတို့လည်း လူတွေပဲ၊ ဒါပေမယ့် ဒေသခံတွေနဲ့ ပြဿနာတွေ မဖြစ်နိုင်တဲ့ နေရာတွေမှာပဲ ဒုက္ခသည် စခန်းနဲ့ လုံခြုံရေးတွေနဲ့ ထားပေးစေချင်တယ်”ဟု လှေပြိုင်ကွင်း ဒေသခံက ပြောသည်။
မွတ်စလင် ဒုက္ခသည်များကမူ ၎င်းတို့နေထိုင်ခဲ့သည့် မြို့ပေါ်ရှိ ရပ်ကွက် သို့မဟုတ် ကျောက်ဖြူမြို့အနီးရှိ ပြင်ဖြူမော် ကျေးရွာတွင် နေထိုင်လိုကြသည်ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင် ရခိုင် ဒုက္ခသည်စခန်းတခုနှင့် မွတ်စလင် စခန်း တခုရှိပြီး မွတ်စလင် ဒုက္ခသည် ၁၆၀၀ ဝန်းကျင်ရှိကြောင်း၊ စစ်တွေဒေသ၌ ကျောက်ဖြူမှ ဒုက္ခသည် ၆၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
မွတ်စလင်များ နေရာပြန်ချထားရေး အတွက် အာဏာပိုင်များနှင့်ဆွေးနွေးခဲ့သူ ဂုံးချွိုင်ကျောင်း ဆရာတော် ဦးဣန္ဒောဘာသက “ရွာတွေမှာ ဘင်္ဂါလီတွေကို နေရာချပေးရင် နေ့တိုင်းလို ပြဿနာဖြစ်လာနိုင်တယ်၊ လုပ်ကိုင် စားသောက်လို့ ရတော့မှာ မဟုတ်တော့ ဘူး ဆိုပြီး ကန့်ကွက်ကြတယ်၊ အာဏာပိုင်တွေကတော့ ဒေသခံတွေ သဘောမတူရင် မလုပ်ဘူးလို့ ဘုန်းကြီးကို ပြောသွားတယ်”ဟု မိန့်သည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် နှစ်ဘက်စလုံး၌ အပြန်အလှန် ယုံကြည်မှုနည်းပါးနေ၍ ဒုက္ခသည်များ နေရာပြန်လည် ချထား ပေးရေး ကိစ္စသည် လတ်တလောတွင် အခက်အခဲရှိနိုင်ကြောင်း၊ ထို့ကြောင့် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စသည်လည်း အရေးကြီးကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင် က ဧရာဝတီကို ပြောသည်။
“စစ်တွေက စခန်း ၇ ခုလောက်မှာ မွတ်စလင် လူဦးရေ တသိန်းခွဲ ဝန်းကျင်ရှိတယ်၊ သူတို့တွေ စားဝတ်နေရေး အခက်အခဲ ရှိတယ် လို့ ကျနော်တို့ ဆီကို မကြာခဏ အကြောင်းကြား အကူအညီတောင်းနေ ပါတယ်”ဟု ၎င်းက ဆိုသည်။