မန္တလေးမြို့တွင် ပုဂ္ဂလိက သတင်းစာများကို လူထုက စိတ်ဝင်စားကြသော်လည်း အများစုမှာ လူမှုကွန်ရက်မီဒီယာဖြစ်သည့် facebook ကို ပိုမိုအသုံးပြုလာကြသောကြောင့် မန္တလေးသတင်းစာဈေးကွက် အေးနေကြောင်း သတင်းစာ ဖြန့်သူများက ဧရာဝတီသို့ပြောသည်။
“အင်တာနက် အွန်လိုင်းက နေရာတိုင်းမှာ အလွယ်တကူ သုံးလို့ရလာတော့ လူတွေက ကုန်ကျစရိတ် လျှော့တဲ့အနေနဲ့ စာစောင်တွေ မဝယ်တော့ဘူးဗျ၊ ချက်ချင်းဖြစ် ချက်ချင်းသိရတဲ့ အင်တာနက်ကိုပဲ သုံးကြတော့တာ များတယ်။ မန္တလေး ဆိုတော့ သတင်းစာ ရချိန်နောက်ကျ၊ ဂျာနယ်ဆိုလည်း အချပ်ပိုလောက်ပဲ အဓိက ထားတော့တာ” ဟု မန္တလေး ထွန်းဦး စာပေတွင် သတင်းစာ၊ ဂျာနယ်များရောင်းချရန် လာရောက်၍ ဖောက်သည် ယူနေသူ ဦးသန်းဇော်က ရှင်းပြသည်။
ပုဂ္ဂလိက သတင်းစာများစွာ အပြိုင်အဆိုင် ပေါ်ပေါက်နေသော်လည်း မန္တလေးသား အများစုက ဂျာနယ်လောကတွင် နာမည်ရပြီး ဖြစ်၍ သတင်းစာ ၆ ရက်နှင့် အပတ်စဉ်ထုတ် ဂျာနယ်များ ဖြန့်ချိ ထုတ်ဝေနေသည့် The Voice၊ 7 days news နှင့် Eleven သတင်းစာတို့သာ ရောင်းအားကောင်းနေပြီး စံတော်ချိန်၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု နေ့စဉ် စသည့် နာမည်သစ် သတင်းစာများမှာ လူစိတ်ဝင်စားမှု နည်းနေသေးကြောင်း သူက သုံးသပ်သည်။
မန္တလေး အခြေစိုက် စာရေးဆရာ ဆူးငှက်ကလည်း မန္တလေးမြို့ပေါ်တွင် နေရာတိုင်းလိုလို၌ အင်တာနက် ဝိုင်ဖိုင် အခမဲ့ ရနိုင်သောကြောင့် သတင်းဦးသတင်းထူးများကို အင်တာနက်သုံးသူများက ကြည့်ရှုနိုင်နေရာ နာမည်ရှိပြီးသား ဂျာနယ်တိုက်များက ဖြန့်ချိသည့် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများမှလွဲ၍ ကျန်သတင်းစာများ၏ ရောင်းအား အခြေအနေ မကောင်းနိုင်ဟု ဆိုသည်။
အထက်မြန်မာပြည်တွင် သတင်းစာ၊ ဂျာနယ်များ အပါအဝင် စာအုပ်မျိုးစုံကို လက်လီလက်ကား ဖြန့်ချိနေသည့် မန္တလေး ထွန်းဦးစာပေမှ ဦးထွန်းဦးကလည်း လက်ရှိ ဂျာနယ်များနှင့် အစိုးရ သတင်းစာ ရောင်းအားအခြေအနေမှာ တန့်နေကြောင်း၊ ပုဂ္ဂလိက သတင်းစာဈေးကွက်မှာ ပုံမှန်အခြေအနေတွင် ရှိကြောင်း ရှင်းပြသည်။
မန္တလေးမြို့ ဈေးချိုအနီးရှိ ထွန်းဦးစာပေ မျက်နှာစာတွင် သတင်းစာနှင့် ဂျာနယ် ဖြန့်ချိလိုသူများအတွက် ချက်ချင်း ကုန်စေမည့် သတင်းစာ၊ ဂျာနယ်နာမည်များကို ကြော်ငြာကပ်ထားပြီး ယင်းသတင်းစာ၊ ဂျာနယ်များ လိုအပ်သူတို့က မနက်စောစော အရောက်လာကြရန် ရေးသားထားသည်။
မေလ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က ထွန်းဦးစာပေ မျက်နှာစာတွင် ကပ်ထားသည့် ချက်ချင်းပြတ်မည်ဆိုသော သတင်းစာနှင့် ဂျာနယ်များမှာ The Voice, 7 Days နှင့် ယင်းနေ့တွင် ထွက်သော အားကစားဂျာနယ် တချို့တို့ ဖြစ်သည်။
မန္တလေးမြို့ပေါ်တွင် ဖြန့်ချိသည့် သတင်းစာများသည် မနက် ၁၀ နာရီခန့်မှသာ ဖြန့်ချိသူ လက်ထဲ ရောက်ရှိနိုင်သည့်အတွက် ရောင်းအား အခြေအနေမှာ ရန်ကုန်မြို့၏ ရောင်းအား တဝက်ခန့်သာ ရှိကြောင်း၊ ဂျာနယ်တွင် နာမည်ရပြီးနောက် သတင်းစာ အဖြစ် ဆက်လက် ထုတ်ဝေနေသည့် ပုဂ္ဂလိက သတင်းစာများကိုသာ ရောင်းအားထားရပြီး နာမည်သစ်ဖြင့် ထုတ်ဝေနေသည့် သတင်းစာများကို ဟန်ပြဖြစ်သာ ထားရကြောင်း၊ ဝယ်သူနည်းပါးကြောင်း၊ ငွေတခါတည်း ပေးချေကာ ရောင်းချရသည့် လက်ပွေ့သမားများသည် နာမည်သစ် သတင်းစာများကို ဝယ်ယူ ရောင်းချပါက အရှုံးပေါ် နိုင်သည်ဟု ထင်မြင်ချက်ဖြင့် လုံံးဝ မရောင်းကြကြောင်း မန္တလေးတွင် သတင်းစာဂျာနယ်များ လက်ပွေ့ရောင်းချသူ ဦးသန်းဇော်က
ဆိုသည်။
အစိုးရ သတင်းစာများက သတင်းနောက်ကျခြင်း၊ ပွင့်လင်းမြင်သာမှု နည်းခြင်းတို့ကြောင့် လူထုက သတင်းမြန်ပြီး ပွင့်လင်း မြင်သာမှု အားကောင်းသည့် ပုဂ္ဂလိက သတင်းစာများကို ရွေးချယ်ခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက ပြောပြသည်။
ဦးသန်းဇော်သည် ရန်ကုန်မြို့တွင် တံံခွန်အားကစား ဂျာနယ် စတင်ထုတ်ဝေစဉ်ကတည်းက လက်ပွေ့ ရောင်းချခဲ့သူ တဦးဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှု တချို့ကြောင့် အကျဉ်းကျခဲ့ကြောင်း၊ ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက်တွင် အေးအေးဆေးဆေး နေမည်ဟုရည်ရွယ်ကာ မန္တလေးမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ဂျာနယ် သတင်းစာများကို ဖောက်သည် ပေးရောင်းချသည့် အလုပ်ဖြင့် တကိုယ်တည်း အသက်မွေးဝမ်းကျောင်း နေသူ ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ၆၉ လမ်း၊ ၂၅၊ ၂၆ လမ်းနှင့် ၃၇ လမ်းတို့တွင် ၃ နှစ်ကျော် သတင်းစာ၊ ဂျာနယ်လက်ပွေ့ရောင်းချလာသူ ကိုဟန်ထွန်းကလည်း ပုဂ္ဂလိက သတင်းစာများ ထွက်လာသည့် နောက်ပိုင်းတွင် အစိုးရသတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၏ ရောင်းအားကျသွားကြောင်း၊ ပုံမှန် ပရိသတ်ရှိမှသာ ရောင်းရကြောင်း ဧရာဝတီသို့ ပြောပြသည်။
“နာမည်ရှိတဲ့ ပုဂ္ဂလိက သတင်းစာကို ငွေပုတ်ပြတ်ပေးဝယ်ပြီး ပြန်ရောင်းရတာ ဘယ်လိုဖြစ်ဖြစ် ရောင်းကုန်တော့ အမြတ် ကျန်တယ်လေ၊ နာမည်မရှိတဲ့ သတင်းစာတွေကျတော့ မရင်းရဲဘူး၊ ဝယ်သူလည်း မရှိသလောက်ပဲ” ဟု မန္တလေးမြို့ ၁၅ လမ်းအနီးတွင် လက်ပွေ့ရောင်းချနေသူ ကိုအောင်သောင်းက ဆိုသည်။
မန္တလေးတွင် မည်သည့် ပုဂ္ဂလိက သတင်းစာကိုမဆို ထွန်းဦးစာပေ၊ နဂါးစာပေတို့တွင် ပင်ရင်းဈေး တစောင်လျှင် ၁၅၅ ကျပ်ဖြင့်ယူပြီး ၂၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချကြောင်း၊ လက်ပွေ့သမား၊ ဖောက်သည်ပေး အရောင်းသမား တဦးအတွက် တနေ့လျှင် အမြတ်ငွေ ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဝန်းကျင် ရရှိကြောင်း မန္တလေး သတင်းစာဂျာနယ် ဈေးကွက်မှ သိရသည်။