သတင်း

ထိုင်းအခြေစိုက် ရခိုင်လူ့အခွင့်အရေးအဖွဲ့ မြန်မာပြည်ပြန်

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာနယ်စပ် တွင် အခြေစိုက်ဖွဲ့စည်းခဲ့သော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)က မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ရောက်ပြီး ရခိုင်လူမျိုးများအပြင် ရခိုင် မျိုးနွယ်စုများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်သွား မည်ဖြစ်သည်။

မေလ ၈ ရက်နေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ခဲ့သော ရခိုင်လူ့အခွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံရှိ ရခိုင်အမျိုးသားအင်အားစုများတွေ့ဆုံပွဲတွင် AHRDO အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက် မည်ဖြစ်သည်ဟု AHRDO၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းဦးက ပြောသည်။

AHRDO အဖွဲ့ကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၏ အဖွဲ့ဝင်ဟောင်းများက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် မြန်မာနိုင်ငံ သို့ ပြန်လည် ဝင်ရောက်ကာ အခြေချတော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်သည့် ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများအားလုံး၏ အကျိုးစီးပွားကို ဆောင်ရွက်သွားရန် ဖြစ်ကြောင်း သိရှိရသည်။

“မျိုးနွယ်စုတွေရဲ့ အခွင့်အရေးတွေကိုလည်း ရအောင်လုပ်သွားမယ်။ ဘာသာရေးအရ မခွဲခြားဘူး။ ကမန်လူမျိုး တွေအတွက် ကတော့ လောလောဆယ်မှာ နည်းနည်းရှုပ်ထွေးမှုရှိသေးပေမယ့် ကျနော်တို့အဖွဲ့မှာ ပါဝင်မယ်ဆိုရင် လက်ခံပါတယ်” ဟု ဦးအောင်မင်းဦးက ဧရာဝတီသို့ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာသော ရိုဟင်ဂျာလူမျိုးအဖြစ်သတ်မှတ်ရေးကိစ္စကိုမူ လုံး၀ ဆောင်ရွက် ပေးမည်မဟုတ်ဘဲ နိုင်ငံရေးအရ ဆက်နွယ်မှုများကိုအခြေမခံသော ရခိုင်ပြည်နယ် အတွင်းနေထိုင်သူ အားလုံး အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်သူတရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို ကြိုဆိုကြောင်း AHRDO၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရိုဟင်ဂျာဆိုတဲ့ လူမျိုးတမျိုးအနေနဲ့ သတ်မှတ်ပေးဖို့ တောင်းဆိုနေတာမျိုးတော့ လက်ခံဖို့မဖြစ်နိုင်ပါဘူး။ လူငယ်တွေ အတွက် အခွင့်အရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းတွေလုပ်မယ်။ ကျနော်တို့ အဓိကတော့ ကျေးလက်ဒေသ ပညာရေးကို အဓိကလုပ်မယ်”ဟု ဦးအောင်မင်းဦးက ဆိုသည်။

AHRDO သည် ရန်ကုန်၊ စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့များတွင် ရုံး များဖွင့်လှစ်မည်ဖြစ်ပြီး  ရခိုင်ပြည်သူများ လူ့အခွင့် အရေးကို ပိုမိုသိရှိ နားလည်လာနိုင်ရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပပျောက်ရေး၊ ရခိုင့်ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားရေး၊ ရခိုင် တမျိုးသားလုံး ၏ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ သယံဇာတများ ပျက်စီး ဆုံးရှုံးမှုများ နှင့် ဂေဟစနစ်ကို ထိန်းသိမ်း ကာကွယ်ရေး၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာ၀ သယံဇာတ ပစ္စည်းများမှ ရရှိလာသော အကျိုးစီးပွားများ ကို ရခိုင်ပြည်သူတို့ ခံစားခွင့်ရရှိရေး၊ ရခိုင်ပြည်သူများ လူမှု ဘ၀ ပတ်ဝန်းကျင်နှင့် အညီ ဂုဏ်သိက္ခာ ရှိသော လူနေမှုအဆင့်အတန်း ရရှိလာစေရေးနှင့် မြင့်မားလာစေရေး အဓိကဦးတည် ဆောင်ရွက် သွားမည် ဟု အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကမူ ပြည်ပအခြေစိုက် ရခိုင် အဖွဲ့အစည်း များ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းကို ကြိုဆိုလိုက်ပြီး ရခိုင်ပြည်နယ် မပပျောက်ရေး စုပေါင်း ညီညွှတ် မှုဖြင့် ဆောင်ရွက်သွားရမည်ဟု ပြောသည်။

“ပြည်ပကို ရောက်နေတဲ့ ရခိုင်လူငယ် တွေ တရားဝင်ပြန်ရောက်လာတဲ့ အတွက် ကြိုဆိုပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်မြေ၊ ကိုယ့် ယဉ်ကျေးမှု ကို ဥပဒေနဲ့ အညီ ကာကွယ်ဖို့ လိုအပ်တယ်။ ဥပဒေမဲ့လုပ်လို့မရဘူး။ ကိုယ့်ကိုယ်ကို မစောင့်ရှောက်ရင် ရခိုင်ဆိုတာ စာထဲမှာပဲ ကျန်ခဲ့ လိမ့်မယ်။ အခုလိုပြန်ဝင်လာတဲ့လူငယ်တွေနဲ့ ပေါင်းလုပ်ရမယ်။ ဘယ်လောက်ပဲ Capacity ရှိရှိ လူတွေ၊ အဖွဲ့တွေ ကွဲနေရင် လုပ်လို့မရဘူး”ဟု ဦးဇော်အေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၃သန်း ကျော်နေထိုင်ပြီး ရခိုင် ၊သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ ကမန်၊ မရမာကြီး နှင့် ဘင်္ဂါလီလူမျိုး များနေထိုင်ကြကြောင်း၊ ကိုးကွယ်သည့် ဘာသာအနေဖြင့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလမ်နှင့် နတ် ကိုးကွယ်မှုများ ရှိကြောင်း ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ၏ ဖော်ပြချက်အရ သိရှိရသည်။

Loading