ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်အမျိုးသား ၁၀ ဦးကို စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယမန်နှစ် ဇွန်လအတွင်း ဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထားသော ကျောက်တော်မြို့နယ် အတွင်းမှ ရခိုင်အမျိုးသား ၁၀ ဦးကို မေလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ် တရားသူကြီးအဖွဲ့မှ ဥပဒေ ပုဒ်မ ၃၇၉၊ ၄၃၆ တို့ဖြင့် စီရင်ချက် ချမှတ်လိုက်ကြောင်း၊ ၎င်းတို့အား အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ အသီးသီး ချမှတ်လိုက်ကြောင်း ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဒေါ်အေးနုစိန်က ဧရာဝတီသို့ ပြောသည်။
“မြို့နယ်တရားသူကြီး ၂ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ထောင်ဒဏ်ချမှတ်တာ ဖြစ်လို့ တရားမျှတမှု ရှိ မရှိ ဆိုတာကို ဥပဒေကြောင်း အရ အယူခံ ဝင်ပိုင်ခွင့် ရှိပါသေးတယ်။ ဒါကြောင့် ခရိုင်အဆင့် တရားရုံးမှာ ထပ်မံ အယူခံ ဝင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံထားရသူများသည် ကျောက်တော် မြို့နယ်မှ ရွာသစ်ကေ၊ ကျောက်ဖြူ ရွာသစ်၊ ကသစ်တော စသည့် ကျေးရွာများမှ ကိုကျော်လှဖြူ၊ ကိုစံအေးကျော်၊ ကိုမောင်ထွန်းဝင်း၊ ကိုမောင်းသိန်းဝင်း၊ ကိုမောင်အေးချေ၊ ကိုစံလှှိုင်၊ ကိုစောရွှေမောင်၊ ကိုကျော်ဆန်း၊ ကိုကျော်ထွန်းဝင်း၊ ကိုအောင်သန်းဌေး တို့ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် ကိုစံအေးကျော်သည် ပုဒ်မ ၃၇၉ ဖြင့် ထောင်ဒဏ် ၉ လ ချမှတ်ခံရပြီး အနည်းဆုံး ဖြစ်သည်။
၎င်းတို့အား ထောင်ဒဏ်ချမှတ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ သည် နွားခိုးမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆ သည် မီးရှှို့မှုတို့ဖြစ်ကြောင်း၊ ၎င်းတို့အား ကျောက်တော်မြို့နယ် အပေါက်၀ ရဲစခန်းမှ တရားလိုပြု တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
ဖမ်းဆီးခံထားရသူများသည် အမှန်တကယ် ပြစ်မှုကျူးလွန်သူများ မဟုတ်ဘဲ ဒေသတွင်း လုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်၏ ခိုင်းစေချက်အရ ရဲစခန်းမှ အမှုဖွင့် တရားစွဲဆိုခြင်းသာ ဖြစ်ကြောင်း ကျောက်တော်ဒေသခံ ဦးမောင်မောင်က ဧရာဝတီကို ပြောသည်။
“ရွာတွေမီးလောင်တော့ ထွက်ပြေးတဲ့ နွားတွေ၊ ပျောက်သွားတဲ့ နွားတွေရှိမှာပေါ့၊ ဒါကို နွားခိုးမှုလို့ စစ်တပ်က ပြောတယ်။ ကျနော်တို့ အမြင်ကတော့ ဒေသခံတွေကို ပုဒ်မတွေ အများကြီးနဲ့ တရားစွဲ ထောင်ချလို့ရအောင် ဆိုပြီးတော့ မတရား လုပ်တယ်လို့ မြင်တယ်။ ပဋိပက္ခဖြစ်ချိန်တုန်းက လမ်းမှာတွေ့တဲ့သူတွေ၊ သူတို့ သဘောမကျတဲ့ သူတွေကိုလည်း အကုန်ဖမ်းတယ်၊ ပြီးရင် ရဲစခန်းကို ပို့တယ်” ဟု ၎င်းက ဆိုသည်။
ထောင်ချခံထားရသူများသည် သာမန် တောင်သူလယ်သမားများသာ ဖြစ်ပြီး သားသမီး၊ မိသားစု ရှိသူများ ဖြစ်ကြောင်း၊ မိသားစုဝင်များကလည်း ၎င်းတို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာမည်ကို မျှော်လင့်နေကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း၌ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် မြို့နယ် ၁၂ ခုမှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်တိုင်းရင်းသား စုစုပေါင်း ၂၄၀ ကျော်ရှိပြီး အများစုမှာ ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ မှတ်တမ်းတချို့တွင် ဖော်ပြထားသည်။
ရခိုင် တိုင်းရင်းသားများ အပြင် ဗမာတိုင်းရင်းသား ၉ ဦး၊ ဟိန္ဒူ လူမျိုး ၂၇ ဦး၊ မရာမာကြီး ၄ ဦး၊ ဘင်္ဂါလီ ၈၀၀ ကျော် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အများစုမှာ ပြန်လည် လွတ်မြောက်သွားပြီဟု သိရသည်။