ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ၏ အမှတ် (၇၀၁) နယ်မြေကို အစိုးရ တပ်မတော်က ယနေနံနက်တွင် ထိုးစစ်ဆင်နေပြီး ယနေ့နေ့လည်အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
“၄ နာရီခွဲလောက်က လက်နက်ကြီးသံ စကြားတာ။ နောင်ခမ်းနဲ့ ကွန်ဟိုင်းဆိုတဲ့ ရွာတွေဘက်က စဖြစ်တာ။ အခု နောင်မ ဆိုတဲ့ ရွာနားမှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ မြို့ပေါ်ကနေ လက်နက်ကြီးသံ ကြားနေရတယ်။ ရွာသူရွာသားတွေလည်း ပြေးကုန်ပြီ။ မြို့နဲ့နီးတဲ့ ရွာတွေကမြို့ပေါ် တက်လာတယ်။ ဟိုဘက်ကမ်းက ရွာတွေကတော့ တရုတ်ပြည်ဘက် ပြေးကြတယ်” ဟု နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်က ဧရာဝတီသို့ ပြောသည်။
လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာသူ ဒေသခံ ရွာသားများသည် နမ့်ခမ်းမြို့ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းနှင့် မြို့ပေါ်ရှိ ဆွေမျိုးမိတ်ဆွေအိမ်များသို့ ရောက်ရှိလာကြကြောင်း သိရသည်။
ဒေသခံတဦးက “တရုတ်ပြည်ဘက်ကို ပြေးတဲ့သူတွေကို တရုတ်က လက်မခံဘူး ပြောတယ်။ အခု နမ့်ခမ်းမြို့ထဲကို ဝင်တဲ့ ကူးတို့ဆိပ်တွေကိုလည်း ပိတ်ထားလိုက်ပြီ။ ပိတ်မိနေကြမယ် ထင်တယ်။ နမ့်ခမ်းဆေးရုံမှာလည်း သွေး အသည်းအသန်လိုတဲ့ လူနာတွေ ပြည့်နေလို့ မြို့ထဲမှာ သွေးလှူမယ့်သူ လိုက်ရှာနေကြတယ်” ဟု ဆိုသည်။
နမ့်ခမ်းမြို့နယ် ဆေးရုံကြီးတွင် အစိုးရ တပ်မတော်ဘက်မှ ကျဆုံးသူ ၉ ယောက်၊ ဒဏ်ရာအကြီးအကျယ်ရရှိသူ ၈ ယောက်အထိ ရှိနေပြီး ဒဏ်ရာပြင်းထန်သူများကို မူဆယ်ဆေးရုံသို့ပို့ရန် စီစဉ်နေကြောင်း၎င်းက ဆက်ပြောသည်။ သို့သော် သေဆုံး ဒဏ်ရာရရှိသူ စာရင်းကို နမ့်ခမ်းမြို့နယ် ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အတည်ပြုချက် မရရှိပေ။
“နှစ်ဘက်စလုံး ပစ်ခတ်နေတုန်းပဲ။ ဘယ်ဘက်က သာနေလဲ ပြောလို့ မရသေးဘူး။ အပစ်အခတ် ရပ်စဲထားတဲ့ သဘောတူညီချက်ကို သူတို့ စဖောက်လာတာပဲ။ ကျနော်တို့ တပ်စခန်းတွေရှိတဲ့ ကျနော်တို့ နယ်မြေထဲကို ဝင်လာရင် အကြောင်းကြားရမယ်။ သူတို့က အကြောင်းမကြားဘဲ ဝင်လာတယ်။ စပစ်တယ်။ လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်ရက်ကတည်းက အစိုးရတပ်တွေ ကျနော်တို့ဘက်ကို ကျွံလာတာ” ဟု RCSS/ SSA အမှတ် (၇၀၁) စစ်ဒေသမှ ဗိုလ်ကြီး စိုင်းခမ်းက ယနေ့ နေ့လည် ၁ နာရီအချိန်တွင် ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က စစ်ကူမည်ဆိုသည့် သတင်းများ ကြိုတင်ကြားထားသော်လည်း အကြောင်းကြားမှု တစုံတရာ မရှိသေးကြောင်း ၎င်းက ဆိုသည်။
ထိုးစစ်ဆင်မှုကို သိန္နီအခြေစိုက် စကခ (၁၆) တပ်မမှူး ကိုယ်တိုင် ကွပ်ကဲဆောင်ရွက်နေပြီး တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ တဘက်ကမ်းရှိ နောင်မ၊ ဝမ်တာဟေး စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
“ရည်ရွယ်ချက်က ရှိတာ ကြာပြီထင်တယ်။ တပ်မမှူးကိုယ်တိုင် နမ့်ခမ်းမှာ လာထိုင်ကတည်းက ကျနော်တို့ ထင်တယ်၊ တနေ့နေ့တော့ ဝင်တိုက်မှာပဲလို့။ အပစ်ရပ်ထားတဲ့အချိန်မှာ တိုက်ပွဲ မဖြစ်သင့်ဘူး။ စားပွဲပေါ်မှာ ဆွေးနွေးလို့ ရတဲ့ဟာ၊ ကျနော်လည်း ဒါတော့ လွှတ်တော်တက်ရရင် ဒါကို ဆွေးနွေးဖြစ်အောင် ကြိုးစားမယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်က ဧရာဝတီသို့ ပြောသည်။
RCSS/ SSA အဖွဲ့သည် ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပဏာမ သဘောတူညီချက် ၈ ချက်ဖြင့် အပစ်အခတ်ရပ်ဆဲရန် သဘောတူညီခဲ့ကြပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ကြိမ်အထိ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအများစုမှာ နယ်မြေကျွံမှုများ ဖြစ်ကြောင်း သိရှိရသည်။