သတင်း

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်

This article has been converted from Zawgyi One to Unicode

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန် ပိုမို အားကောင်းလာသောကြောင့် ၄၈ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်မည်လောဟု မိုး/ဇလ အနေဖြင့် စောင့်ကြည့်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဧရာဝတီသို့ ပြောဆိုသည်။

”ပို အားကောင်းလာနိုင်တယ်လို့ အိန္ဒိယက ထုတ်ထားတယ်။ ကျနော်တို့လည်း ထုတ်ထားပြီ။ အားကောင်းလာရင် ၄၈ နာရီအတွင်းမှာ မုန်တိုင်းဖြစ်လာနိုင်တယ်”ဟု  ဦးချစ်ကျော်က ဆိုသည်။

လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်မှု အရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် အနီးတဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း ၆၀ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ယနေ့ မေလ ၉ ရက်နေ့ ညနေ ၄ နာရီတွင် ထုတ်ပြန်ကြေညာသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်မြို့တွင် တိမ်ထူလျက်ရှိပြီး အချို့မြို့နယ်များတွင် မိုးရွာသွန်းမှုများ ရှိခဲ့သည်။ သို့သော် မန္တလေးမြို့တွင် လေပြင်းများ တိုက်ခတ်ကာ မိုးသီးများ ကြွေကျခဲ့ခြင်းမှာ ဘင်္ဂလားပင်လယ်အော် အခြေအနေနှင့် မဆက်စပ်ဟု မိုး/ဇလ က ဆိုသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ မုန်တိုင်းအဆင့်ရောက်မှသာ မည်သည့်ဒေသသို့ ရွှေ့လျားမည်ကို အတိအကျ ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ လေဖိအားနည်း ရပ်ဝန်းအဆင့်သာ ရှိသေးကြောင်း၊ ပထမအဆင့် လေဖိအားနည်း ရပ်ဝန်း၊ ဒုတိယအဆင့် မုန်တိုင်းငယ်၊ တတိယအဆင့် မုန်တိုင်း ၊ စတုတ္ထအဆင့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊ ပဉ္စမအဆင့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟူ၍ အဆင့်ဆင့်ရှိရာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အနေအထားမှာ လေဖိအားနည်းရပ်ဝန်းအဆင့်သာ ရှိသေးကြောင်း၊ ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးချစ်ကျော်က ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ မေလ ၉ ရက် ညနေ ၄နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းမှာ ဆက်လက် တည်ရှိနေသည်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အဖြစ် ကယားပြည်နယ်တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာစိတ်စိတ် မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။

Loading