တတိယအကြိမ်မြောက် မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းများ ပြပွဲကို မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းက ကြီးမှူး၍ ၂၀၁၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ပြခန်းပေါင်း တစ်ရာကျော်နှင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်အကိုင်ပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ပလုပ်ငန်းများပါ ပါဝင်မည်ဖြစ်ပြီး ယခုလတ်တလောတွင် လုပ်ငန်း ၂၅ ခု စာရင်းပေးထားကြောင်း၊ ထို ပြပွဲပြုလုပ်မည့် အကြောင်းအရာများကို သံရုံးများသို့ အကြောင်းကြားစာ ပို့ထားခြင်းကြောင့် နိုင်ငံခြား ကုမ္ပဏီအများစုကပါ ပါဝင်ပြသ၍ အလုပ်ခေါ်မည်ဖြစ်ကြောင်း သိရသည်။
“အရင်အခေါက်တွေတုန်းကတော့ ပြပွဲနဲ့ ပတ်သက်ပြီး သေချာ အကြောင်းမကြားထားတော့ နိုင်ငံခြားကုမ္ပဏီတွေ ပါပြီးပြဖို့က အဆင်မပြေလိုက်ဘူး။ ဒီတော့ အရင်ကလို မဖြစ်ရအောင် သံရုံးတွေကိုပါ အကြောင်းကြားစာတွေ ပို့ထားတယ်။ နောက်ပြီး စေတနာ့ဝန်ထမ်းတွေကိုလဲ ခေါ်ထားပါတယ်”ဟု မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးသန်းစိုးက ပြောသည်။
ယခုပြုလုပ်မည်ဖြစ်သည့် မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းပြပွဲသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွင် အခန်းပေါင်း ၄၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး လူပေါင်း ၁ သောင်းကျော် အလုပ်လျှောက်ခဲ့ရာ ၁၀ ရာခိုင်နှုန်းခန့် အလုပ်ရခဲ့ပြီး၊ ဒုတိယအကြိမ် ပြပွဲကို တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၃ သောင်းခွဲ လာရောက် အလုပ်လျှောက်ခဲ့ရာ ၁၅ ရာခိုင်နှုန်း အလုပ်ရခဲ့ကြောင်း သိရသည်။
“အရင်အခေါက်တွေမှာ အလုပ်လာလျှောက်သူတွေက သူတို့အရည်အချင်းနဲ့ သင့်တော်တဲ့အလုပ်တွေကို မလျှောက်ဘဲ သူတို့ အရည်အချင်းမမှီတဲ့ ကုမ္ပဏီကြီးတွေမှာ သွားလျှောက်တယ်။ သူတို့နဲ့ သင့်တော်တဲ့ လုပ်ငန်းတွေကိုကြတော့ သေးတယ်၊ လစာက ဟိုလုပ်ငန်းလောက် မကောင်းလို့ဆိုပြီး မလျှောက်ဘူး ဒီတော့ အလုပ်ရတဲ့သူတွေ နည်းတယ်”ဟု ဦးသန်းစိုးက ပြောသည်။
အလုပ်အကိုင်ပြပွဲတွင် ယခင်ကကဲ့သို့ ကျွမ်းကျင်သူများက လူငယ်များကို အကြံပေးဆွေးနွေးခြင်းအပြင် လူ့စွမ်းအား အရင်းအမြစ်နှင့် ပတ်သက်သည့် ဗဟုသုတများကို ရှင်းလင်းပညာပေးသွားမည်ဖြစ်ကာ ယခင်က အကြံဉာဏ်ပေးသည့် အခန်းကို ၂ ခန်း ၃ ခန်းခန့်သာ ထားရှိသော်လည်း ယခုအခါတွင် ထိုအခန်းများအား ယခင်ကထက်များပြားစွာ ပြုလုပ်ထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်သင်းသင်းထက်က ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် ပါဝင်ပြသလိုသည့် ကုမ္ပဏီများအနေဖြင့် အခန်းတခန်းလျှင် ငွေကျပ် ၃ သိန်းခွဲ၊ ၃ သိန်း၊ ၂ သိန်းခွဲ၊ စသည့် ဈေးနှုန်းများရှိကြောင်း၊ အလုပ်အကိုင်ပြပွဲတွင် ပါဝင်ကူညီပေးမည့် တက်ကြွပြီး စိတ်ပါဝင်စားသည့် စေတနာ့ဝန်ထမ်း အယောက် ၃၀ ကို ခေါ်ထားပြီး စိတ်ပါဝင်စားသူများကလည်း မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းသို့ ဆက်သွယ်၍ စာရင်းသွင်းနိုင်ကြောင်း သိရသည်။
မြန်မာ့အလုပ်အကိုင်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ (၁) ဝန်ထမ်းကောင်းရရန် အခက်အခဲရှိနေသော လုပ်ငန်းရှင် များနှင့် အလုပ်အကိုင်ကောင်းများ ရရှိရန် အခက်အခဲရှိနေသော လူငယ်များ တနေရာတည်းတွင် တိုက်ရိုက်တွေ့ဆုံနိုင်ရန် (၂) အလုပ်ရှာဖွေနေကြသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် (၃) အလုပ်ရှာဖွေနေသောသူများ အတွက် အချိန်ကုန် ငွေကုန်သက်သာစွာဖြင့် တနေရာတည်းတွင် အလုပ်ရှင်များ၊ ကုမ္ပဏီများနှင့် တိုက်ရိုက် တွေ့ဆုံကာ အင်တာဗျူးများ ပြုလုပ်နိုင်ရန် စသည်တို့ကြောင့် ဖြစ်သည်ဟု သိရသည်။
ပြခန်းငှားလိုသူများနှင့် စေတနာ့ဝန်ထမ်းလုပ်ကိုင်လိုသူများအနေဖြင့် ပြပွဲခင်းကျင်းပြသရေးကော်မတီ ဖုန်းနံပါတ် ၀၉ ၅၁၄၂၃၃၁ နှင့် ၀၁ ၂၃၀၁၅၇၃ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။