တရုတ်နိုင်ငံတွင် လူ ၃၂ ဦး သေဆုံးသည်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေချိန် မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ကြက် ဘဲ စားသောက်ကုန်များ တရားမဝင်မှောင်ခို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိသည်။
တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်းများဖြစ်သည့် မူဆယ်၊ လားရှိုး လမ်းကြောင်းများမှ တဆင့် မန္တလေးမြို့သို့ အများဆုံး ဝင်ရောက်လျှက်ရှိနေကြောင်း၊ တရားမဝင် တင်သွင်းသည့် ကြက် ဘဲ စားသောက်ကုန်များတွင် အေးခဲ ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥများသာမက ကြက်သားပေါက်များ၊ ဘဲသားပေါက်များပါ တင်သွင်းလာကြောင်း မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ထံမှ သိရှိရသည်။
“တရုတ်ပြည်ကနေ တင်ပို့တဲ့ ကြက်နဲ့ ဘဲ ထွက်ပစ္စည်းတွေ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ အများဆုံး ပါလာ နိုင်တဲ့ အနေထားပါ။ နောက်ပြီး ကြက်သားပေါက်တွေကိုလည်း မှောင်ခို တင်သွင်းလာကြတာဆိုတော့ တာဝန်ရှိ တဲ့သူတွေက အချိန်မီ မတားနိုင်ဘူးဆိုရင် တရုတ်ပြည်မှာ ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါက မြန်မာနိုင်ငံဘက်ကို ဆက်ပြီး ကူးစက်လာနိုင်တဲ့ အနေထားမှာ ရှိနေပါတယ်” ဟု မန္တလေးတွင် ကြက်စာနှင့် ကြက်ထွက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ဖွင့်လှစ်ထားသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ သောင်းထိုက်က တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ဘဲများ တင်သွင်းခြင်းမပြုရန် ပိတ်ပင်ထားကြောင်း၊ သို့ရာတွင် တရားမဝင်မှောင်ခို ဝင်ရောက်နေသည်မှာ မှန်ကန်ပြီး သတင်း အတိအကျပေးလျှင် ဖမ်းဆီးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကြက်နဲ့ ဘဲထွက်ပစ္စည်းတွေ မှောင်ခိုဝင်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့အနေနဲ့ကလည်း သတင်း အတိအကျပေးနိုင်ရင် အချိန်မရွေး ဝင်ဖမ်းသွားမှာပါ။ ခု လက်ရှိမှာတော့ မြန်မာပြည်ဘက် မဝင်ရအောင်လို့တော့ ပိတ်ထားပါတယ်။ ခုလိုချိန်က ရာသီဥတု ပြင်းထန်နေတဲ့အတွက် မြန်မာပြည်ဘက်ကို ကူးမလာနိုင်ဘူးလို့ ယူဆရတာပါဘဲ။ ဒီလိုရောဂါတွေက ဆောင်းအကုန် နွေအကူးမှာ အဖြစ်များတာပါ။ မြန်မာပြည်ဘက်ခြမ်းမှာတော့ ဖြစ်ပွားမှုနှုန်းမရှိသေးပါဘူး” ဟု ဒေါက်တာ သောင်းထိုက်က ဆိုသည်။
မန္တလေး ကြက်ဥနှင့်ကြက်သား ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကမူ တရုတ်နိုင်ငံမှ ကြက်ဘဲများ တရားမဝင် မှောင်ခိုတင်သွင်းနေမှုမှာ စိုးရိမ်စရာဖြစ်နေပြီး တင်းကျပ်သော ဖမ်းဆီးစစ်ဆေးအရေးယူများ လုပ်ဆောင်သင့်ကြောင်း ပြောသည်။
“ကျနော်တို့အသင်းအနေနဲ့ မူဆယ်အကျော် ၁၆မိုင်ဂိတ်မှာ ကြက်နဲ့ဘဲထွက်ပစ္စည်းတွေ ဝင်ရောက်မလာဖို့ ဧပြီလ ၂၅ရက်နေ့က သွားရောက် တားမြစ်ခဲ့တယ်။ ၂၆ရက်နေ့မှာ အေးခဲကြက်သားတွေ မိတယ်။ ခုလိုအချိန်မှာ ဒီပစ္စည်းတွေက ဒီအထိ ရောက်မလာ သင့်ဘူး။ နယ်စပ်ဂိတ်ပေါက်မှာ ကတည်းက ဖမ်းဆီးသင့်တာ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်မှာ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်ခံ နေရပြီဆိုတော့ ဒီပစ္စည်းတွေက သူတို့ဆီမှာ အမှိုက်ဖြစ်နေတာ။ ကျနော်တို့ ဆီကို အမှိုက် သာသာ ဈေးနဲ့ ရောင်းချပြီး ဒလဟော တင်သွင်းနေတာ မြန်မာပြည်သူတွေအတွက် တကယ့်ကို စိုးရိမ်စရာပါ။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက ဘဲသား ရယ်ဒီမိတ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဘဲဆိုတာက ကြက်ငှက် တုပ်ကွေးရောဂါပိုးကို သယ် ဆောင်နိုင်တယ်။ ဘဲတွေ ကြက်ငှက်တုပ်ကွေး ရောဂါပိုးကြောင့် မသေသွားဘူး။ ဒါကြောင့် ရောဂါပွားဖို့နဲ့ ကူးစက်ဖို့ အင်မတန်လွယ်ကူလို့ ကြက်မွေးမြူရေးခြံ တွေဆိုရင် ဘဲကိုအလွန်ကြောက်ကြတယ်။ ဘဲသား ရယ်ဒီမိတ်တွေက အန္တရာယ်ရှိတယ်” ဟု ဒေါက်တာ ကျော်ထင်က ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်ခြင်းမရှိစေရန် အထူးသတိထား စောင့်ကြည့်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခြင်းမရှိသေးကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။
ကျန်းမာရေးဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက “ခုလက်ရှိ မှာတော့ ဘယ်ကြက်ခြံ၊ ဘဲခြံတွေမှာမှ H7N9 ဖြစ်ပွားပြီး သေဆုံးတဲ့ ကြက်တွေ၊ ဘဲတွေမရှိသေးပါဘူး။ ဒါပေမဲ့ လူကို ကူးစက် လာရင် ကြိုတင် ကာကွယ်နိုင်အောင် လက်ဦးမှု ရယူပြီး အခုကတည်းကစပြီး ကျန်းမာရေးပညာပေး လုပ်ငန်းတွေနဲ့ ဆေးဝါးတွေကိုကြိုတင်စုဆောင်းမှုတွေ ကျန်းမာရေးဝန်ကြီးဌာန ဦးစားပေးအဆင့်အနေနဲ့ လုပ်ဆောင် နေပါတယ်” ဟု မြန်မာအသံနှင့်ရုပ်မြင်သံကြားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ထုတ်ဖော်ပြောဆိုသည်။
လက်ရှိ မန္တလေး တွင်ရာသီဥတုပူပြင်းထန်ပြီး အပူရှိန်များနေသည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းများ ခေတ္တရပ်နားထားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးဖြင့်သာ ရင်ဆိုင်နေရကြောင်း သိရှိရသည်။
“ နွေရာသီ မတိုင်ခင်ကတည်း မွေးထားတဲ့ ကြက်တွေကို ရောင်းထုတ်ထားတာ။ မန္တလေး ပတ်ဝန်းကျင်တလျှောက် မှာ ကြက်မွေးတဲ့ မွေးမြူရှင်တွေအားလုံး ရောင်းကြတာ။ ဒီရာသီကို ကြောက်ကြတယ်။ ပြီးခဲ့တဲ့ နှစ်က ဒီလိုရာသီမှာ ကြက်တွေ အသေကျေ များလို့ တအားရှုံးခဲ့ရတာ။ နောက်လဆိုရင်တော့ ကျွန်တော်တို့ ပြန်မွေးဖို့တော့ လုပ်နေပါပြီ” ဟု ကြက်မွေးမြူရေးလုပ်ငန်းရှင် ကိုတာလေးက ပြောသည်။
မန္တလေးတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်ဆိုင်ထားသည့်အတွက် ကြက်သားဈေးနှုန်းများ မြင့်တက်နေပြီး ယခင်က ကြက်တပိသာ ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ် အကြား ဈေးရှိရာမှ ယခုအခါ ကြက်တပိသာ ၄၅၀၀ကျပ်နှင့် ၆၀၀၀ကျပ်အကြား ဈေးပေါက် လျက်ရှိသည်။
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကြက်ငှက်တုပ်ကွေးရောဂါသည် H7N9ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် မျိုးစိတ်သစ် တမျိုးဖြစ်ပြီး H7N9ဗိုင်းရပ်စ်ပိုးသည် H5N1 ဗိုင်းရပ်စ်ပိုးဆင့်ပွားဖြစ်ပေါ်လာသော ဗိုင်းရပ်စ်မျိုးစိတ်ဖြစ်ကြောင်း၊ H7N9 ပိုး လူတွင် ကူးစက်ခံရပါက ဆိုးဝါးသည့် ပြင်းထန်သော အသက်ရှု လမ်းကြောင်း ရောဂါနှင့် ကိုယ်ခံအားစနစ်ကို ပျက်စီးစေကြောင်း ဘီဘီစီသတင်းဌာန၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတခုတွင် ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံ နောက်ဆုံးရရှိသော သတင်းများအရ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ခရိုင်တွင် အသက် ၅၆ နှစ် အရွယ် အမျိုးသားတဦး သေဆုံး ခဲ့ရာ ရောဂါပိုးကူး စက်ခံထားရသူ ၁၂၉ ဦးအနက် ၃၂ ဦးမြောက် သေဆုံးခြင်းဖြစ်သည်။