ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မကျေးရွာရှိ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း ( RCSS/ SSA ) ၏ စစ်ဒေသ အမှတ် ၇၀၁ ကို မြန်မာ့တပ်မတော်က မေလ ၉ ရက် ညနေ သုံးနာရီခွဲခန့်က သိမ်းယူလိုက်ကြောင်း သတင်းရရှိသည်။
“လောလောဆယ် ကျနော်တို့ တပ်တွေ ဒီနား ပတ်ဝန်းကျင်မှာပဲ တပ်ဖြန့်ပြီး လှုပ်ရှားနေရတယ်။ မနေ့ ညနေက ဆုတ်ပေးလိုက်ရပြီ။ ကျနော်တို့ စခန်းနေရာကို အခု အစိုးရ တပ်မတော်က တပ်စွဲထားတယ်။ ကျနော်တို့ စခန်းကို သိမ်းပြီးနောက်ပိုင်း အခုချိန်ထိ အပစ်အခတ် မရှိသေးဘူး” ဟု RCSS/ SSA အမှတ် ၇၀၁ စစ်ဒေသမှ ဗိုလ်ကြီး စိုင်းခမ်းက ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မေလ ၉ ရက် မနက် လေးနာရီခွဲအချိန်တွင် စတင်ပြီး အစိုးရတပ်မတော်နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အစိုးရတပ်မှ လက်နက်ကြီးများ အသုံးပြု ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသား ရာနှင့် ချီ၍ နမ့်ခမ်းမြို့ပေါ်နှင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း နမ့်ခမ်း ဒေသခံများက ဆိုသည်။
“ဒီနေ့ မနက်ထိ နမ့်ခမ်းကို ဝင်တဲ့ ကူးတို့ဆိပ်တွေ ပိတ်ထားတုန်းပဲ။ မြို့ထဲမှာတော့ ဟင်းသီးဟင်းရွက် ကုန်စိမ်း ပြတ်သွားတယ်။ ကုန်စိမ်းက ဟိုဘက်ကမ်းက လာတာကိုး။ ညကတော့ လူတွေ အပြင်မထွက်ကြဘူး။ ညဈေးလည်း မခင်းဖြစ်ကြဘူး။ မြို့ထဲကို စစ်ပြေးပြီး ထပ်ဝင်လာတာ မရှိတော့ဘူး။ တရုတ်ပြည်ဘက်ပဲ ပြေးကြတယ်ထင်တယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
မေလ ၉ ရက် တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော်မှ ကျဆုံးသူ ၂၀ ကျော်ရှိပြီး အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများဆိုသည်။ မြန်မာ့ တပ်မတော်မှ ဒေသခံကျေးရွာသားများကို ပေါ်တာ ဆွဲခေါ်ယူမှုများလည်း ရှိကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။
“အဓိက သူတို့ ရှေ့ဆက်တိုးလေ ကျနော်တို့ နယ်မြေတွေနဲ့ ကျနော်တို့ကို လိုက်ပြီးတော့ နှောင့်ယှက်လေ ရှေ့ဆက်ပြီးတော့ ပြဿနာ ဖြစ်လာမယ်လို့ ထင်တယ်။ ခု လက်ရှိ အခြေအနေထိကတော့ ကျနော်တို့ဘက်က သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတွေကို စာပို့ထားတယ်။ သူတို့ဘက်က ဘာအကြောင်းပြန်ကြားမှုမှ မရှိဘူး။ ဒီလို အဖြစ်အပျက်တွေဟာ ရှေ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ တစိတ်တပိုင်း အထစ်အငေါ့ ဖြစ်လာမယ်လို့ ကျနော်မြင်တယ်” ဟု ဗိုလ်ကြီးစိုင်းခမ်းက ပြောသည်။
RCSS/ SSA သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်ရေးဖော်ဆောင်ရေး ကော်မတီနှင့် ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပဏာမ သဘောတူညီချက် ၈ ချက်ဖြင့် အပစ်အခတ်ရပ်ဆဲရန် သဘောတူညီခဲ့ကြပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ကြိမ်အထိ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားအဖွဲ့အစည်းလည်း ဖြစ်သည်။
“နယ်မြေကိစ္စတွေ ဆွေးနွေးရမှာ ရှိနေတယ်။ တပ်တွေ သွားတဲ့ လာတဲ့ ကိစ္စတွေအပေါ်မှာ အခုလို ဒီပြဿနာက ဖြစ်တာ။ နိုင်ငံရေး ပြဿနာထက် အဓိကက ခုနက ပြောတဲ့ စစ်ရေးဆိုင်ရာ နယ်မြေသတ်မှတ်ချက်တွေ အတိအကျ မဖြစ်တာ၊ ရှင်းရှင်းလင်းလင်း မဖြစ်တာတွေ။ နောက်ပြီး တပ်ရွှေ့ပြောင်းတဲ့ အခါမှာ လိုက်နာရမယ့် အရာတွေကို သေချာဆွေးနွေးဖို့ လိုနေတယ်။ ဒါတွေဆွေးနွေးဖို့ ဆိုတော့ ဒီကိစ္စမှာ အဓိက တာဝန်ရှိတဲ့ သူတွေ စစ်ဘက်ဆိုင်ရာက သူတွေကိုယ်တိုင် ပါဝင်ဆွေးနွေးကြပြီး ညှိနှိုင်းမယ်ဆိုရင် ဒီပြဿနာကတော့ ပြေလည်သွားနိုင်မှာပါ” ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာမင်းဇော်ဦးက ပြောသည်။
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကမူ “နယ်မြေ ကန့်သတ်မှုဆိုတာက ၁၉၈၉ ခုနှစ်ကတည်းက ရှိပြီးသားပါ။ လော်စစ်ဟန်နဲ့ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဦးဆေထင်နဲ့ လုပ်ထားတာ။ တကယ်ကို သဘောတူညီမှု ရပြီးတော့ သတ်မှတ်ထားတဲ့ ဧရိယာတွေပဲ။ တကယ်တမ်းက ကချင်ဘက် ပြီးသွားလို့ ဒီဘက် ပြန်လှည့်လာတာပေါ့ဗျာ။ ၆၃ နှစ်လုံးလုံး တိုက်ခဲ့ကြတဲ့ ပြဿနာက နိုင်ငံရေး ပြဿနာ။ ကျနော်တို့ ပြောပြောနေတာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ စားပွဲပေါ်မှာ ဖြေရှင်းပါ။ တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တပ်နဲ့ အစိုးရပေါင်းပြီးတော့ သုံးပွင့်ဆိုင် ဖြေရှင်းသင့်တာ။ အခုအတိုင်း တိုက်နေရင် ပြီးတော့မှာ မဟုတ်ဖူး” ဟု ဆိုသည်။
ယင်းဒေသတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရခြင်းသည် အစိုးရဖက်က နယ်မြေကို အပြည့်အ၀ ထိန်းချုပ်လိုပြီး အနာဂတ်ကာလတွင် ၀ သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နေခြင်းဟု ခန့်မှန်းပြော ဆိုမှုများလည်း ရှိနေသည်။
မကြာသေးခင်က Jane’s Intelligence Review က TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်အမြောက်အများကို ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လဆန်းအတွင်းတွင် UWSA သို့ တရုတ်တို့က ရောင်းချပေးခဲ့ကြောင်း ရေးသားခဲ့သည်။ UWSA နှင့် ရန်ကုန်ရှိ တရုတ်သံရုံးက အဆိုပါသတင်း မဟုတ်မှန်ကြောင်း ပယ်ချသည်။