ရခိုင်ပြည်နယ်မှ ကချင်ပြည်နယ် ဖားကန့်ဒေသသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်သည့် ရခိုင်တိုင်းရင်းသား မိသားစုများအား အာဏာပိုင်များက ဟိုပင်မြို့၌ တားဆီးကာ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင် လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ရခိုင်တိုင်းရင်းသား ၆၀ ဝန်းကျင်သည် ဖားကန့်ဒေသို့ သွားစဉ် ဟိုပင်မြို့ ဘူတာ၌ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့တို့မှ တားဆီး၍ မိမိဒေသို့ ပြန်ရန် ပြောဆိုကြောင်း၊ သို့သော် ၎င်းတို့က ပြန်လိုခြင်း မရှိသော်လည်း ဖိအားပေးကာ မန္တလေးသို့ မီးရထားဖြင့် ယမန်နေ့က ပို့ဆောင်ပေးလိုက်ကြောင်း ရခိုင်မိသားစုဝင်များအား ကူညီဆောင်ရွက်ပေးခဲ့သူ ဟိုပင်ဒေသခံ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။
“ရခိုင်ဒေသမှာ အလုပ်မရှိတော့ ရှိတဲ့လယ်တွေ၊ အိမ်တွေ ရောင်းပြီးလာကြတာ လို့ပြောတယ်။ ဟိုပင် အရောက် လူတယောက်ကို ၉ သောင်းကျပ်လောက် ကုန်တယ်။ ပါတဲ့ပိုက်ဆံတွေ ကုန်သွားတော့ မပြန်ချင်ကြဘူးပေါ့။ အဲဒီတော့ အာဏာပိုင်တွေက မပြန်ရင် ဖမ်းမယ်ဆိုပြီး ခြိမ်းလားခြောက်လား လုပ်ပြီးတော့ မီးရထားပေါ် တင်ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။
ထိုအဖွဲ့၌ အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ သက်ကြီး ရွယ်အိုများလည်း ပါဝင်ကြောင်း၊ ၎င်းတို့သည် မေလ ၇ ရက်နေ့တွင် ဟိုပင်မြို့သို့ ရောက်ရှိပြီး မေလ ၉ ရက်နေ့တွင် ပြန်ပို့လိုက်ကြောင်း၊ လူတဦးလျှင် ကျပ်ငွေ ၁ သောင်းနှင့် မီးရထား လက်မှတ်ကို မန္တလေး အထိသာ ဖြတ်ပေးလိုက်ကြောင်း၊ ထို့ကြောင့် လမ်းတွင် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း ဒေသခံ အမျိုးသမီးက ရှင်းပြသည်။
ရခိုင်မိသားစုများ ဖားကန့်ဒေသသို့ သွားရောက်ရန် တားမြစ်ခံရခြင်းသည် ဖားကန့်ဒေသရှိ မွတ်စလင်များ၏ ဆိုင်ခန်းတချို့ ယခုလဆန်းပိုင်းက ဖျက်ဆီးခံရမှုနှင့် ဆက်စပ်သည်ဟု ကြားသိရကြောင်း၊ ဖားကန့်ဒေသ၌ ရောက်ရှိနေသည့် ရခိုင်တိုင်းရင်းသား ဦးရေ များပြားကြောင်း၊ ထို့ကြောင့် ရခိုင်တိုင်းရင်းသားများ ထပ်မံ ရောက်ရှိလာပါက ပြဿနာတချို့ ဖြစ်ပွားလာမည်ကို တားဆီးလိုသည့် အတွက်ကြောင့်ဟု ယူဆရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဟိုပင်မြို့ခံ ဦးကျော်ငြိမ်းက ဧရာဝတီကို ပြောသည်။
ဖားကန့်ဒေသ၌ ကချင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားများ အပြင် ရခိုင်တိုင်းရင်းသားလည်း အများအပြားရှိကြောင်း၊ မွတ်စလင် လူဦးရေ နည်းပါးကြောင်း၊ မွတ်စလင်ဆိုင်များ ဖျက်ဆီးခံရမှုတွင် ရခိုင်တိုင်းရင်းသား တချို့ပါဝင် ပတ်သက်နေသည်ဟု ပြောဆိုမှုများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ရခိုင်တိုင်းရင်းသားဦးရေ များလာပါက မွတ်စလင်များနှင့် ရခိုင်တိုင်းရင်းသားများ အကြား ပြဿနာ တစုံတရာ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရခိုင်တိုင်းရင်းသားများ ဖားကန့်ဒေသသို့ သွားရောက်မှုကို အာဏာပိုင်များက ကန့်သတ်မှုများ လုပ်ဆောင်နေကြောင်း NLD ပါတီမှ ဦးကျော်ငြိမ်းက ဆိုသည်။
ဟိုပင်မြို့မှ ပြန်ပို့လိုက်သည့် ရခိုင်မိသားစုများသည် ယခုအခါ မည်သည့် အရပ်ဒေသ သို့ရောက်ရှိနေသည်ကို မသိရသေးကြောင်း ၎င်းတို့နှင့် အဆက်အသွယ် ရရှိရေး ကြိုးပမ်းနေကြောင်း ရခိုင်ရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ပေါက်တောဒေသခံ ဦးတက်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဟိုပင်က မန္တလေးကို ရထားနဲ့ ပါသွားတယ်ဆိုတာပဲ သတင်းရပါသေးတယ်။ သူတို့ ဘယ်ရောက်နေတယ်၊ ဘယ်လို အခြေအနေရှိနေတယ်ဆိုတာ သိရဖို့ စုံစမ်းနေဆဲပါ။ ဖားကန့်ထွက်သွားတဲ့ အဖွဲ့မှာ လူ ၄၀ ပါသွားတဲ့ ရွာကို ကျနော် ဒီ မနက်ပဲ သွားပြီး စုံစမ်းနေပါတယ်” ဟု ဆိုသည်။
ပေါက်တောမြို့နယ်မှ ဒေသခံများသည် အလုပ်အကိုင် ရှားပါး၍ ဖားကန့်နှင့် တခြားဒေသများသို့ မကြာခဏ ထွက်ခွာနေကြကြောင်း၊ ပြီးခဲ့သည့် နှစ်တွင်လည်း လူဦးရေ ထောင်ချီ၍ ထွက်ခွာသွားကြောင်း၊ ဒေသတွင်း အလုပ်အကိုင် ရှားပါး၍ မိမိတို့ ဒေသခံများကို တခြားဒေသသို့ မသွားကြရန် မတားဆီးလိုကြောင်းလည်း ဦးတက်ထွန်းအောင်က ဆိုသည်။
ရခိုင်တိုင်းရင်းသားများသည် ရခိုင်ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်း၊ လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ ရခိုင်ပင်လယ်ပြင်၌ ငါးဖမ်းလုပ်ကွက်များကို ကန့်သတ်ထား၍ လွတ်လပ်စွာ ငါးဖမ်းခွင့် မရခြင်း စသည့်တို့ကြောင့် စားဝတ်နေရေး ကြပ်တည်းမှု များပြားလာခြင်းကြောင့် မိမိတို့ နေရပ်ဒေသများကို စွန့်ခွာပြီး ရန်ကုန်မြို့နှင့် ကချင်ပြည်နယ်ရှိ ဒေသများ၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ နေ့စဉ် ထွက်ခွာနေကြကြောင်း သိရသည်။
“ကျနော်တို့ မြေပုံမြို့နယ်ကလည်းပဲ ဖားကန့် အပြင် ထိုင်းနဲ့ မလေးရှားကို နေ့တိုင်းလိုလို ဆယ်ချီ၊ ရာချီ ထွက်ခွာနေကြတယ်။ ရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲ ကျန်တော့တယ်။ ကိုယ့်ဒေသမှာ တရက် ကျပ် ၁၀၀၀ ရတဲ့ အလုပ်တောင် နေ့စဉ် ပုံမှန်လုပ်စရာ မရှိဘူးဖြစ်နေတယ်” ဟု မြေပုံ ဒေသခံ ဦးအောင်သန်းရွှေက ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသနှင့် ကျောက်စိမ်းတွင်း၊ ရွှေတွင်းများရှိရာ ဒေသများ၌ အလုပ် လုပ်ကိုင် နေကြသည့် ရခိုင်တိုင်းရင်းသားဦးရေ သောင်းဂဏန်းရှိပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင်လည်း သိန်းချီ၍ ရှိကြောင်း သိရသည်။
ဖားကန့်သွား ရခိုင်မိသားစုများကို မိမိတို့ဒေသသို့ ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ ဟိုပင် ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ထိုကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ မသိရှိကြောင်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ဖြေဆိုသည်။