သတင်း

မြန်မာပြည် မုန်တိုင်း သတိပေးချက် ထွက်ပေါ်

This article has been converted from Zawgyi One to Unicode

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိသွားပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေရှိသောကြောင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။

”သဘာဝဘေးအန္တရာယ်နဲ့ ဆိုင်တဲ့ ကော်မတီကိုလည်း အကြောင်းကြားစာ ပို့ထားတယ်။ သက်ဆိုင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေဆီကိုလည်း အကြောင်းကြားထားတယ်”ဟု  ဦးကျော်မိုးဦးက ပြောသည်။

ယခုအချိန်အထိ မုန်တိုင်းလမ်းကြောင်းကို ခန့်မှန်းလျက်ရှိရာ မုန်တိုင်းငယ်အဆင့်သို့ ကူးပြောင်းကာစ အချိန်ဖြစ်သောကြောင့် ခန့်မှန်းရန် ခက်ခဲနေကြောင်း၊ လက်ရှိ မုန်တိုင်းငယ် အဝါရောင်အဆင့်ကိုမူ အတည်ပြုနိုင်ကြောင်း မိုး/ဇလ က ဆိုသည်။

”နိုင်ငံတကာက ထုတ်တဲ့ Result တွေ အားလုံးကိုလည်း စောင့်ကြည့်နေတယ်။ အခုပြည်တွင်းကို မလာနိုင်သေးဘူးလို့ ပြောပေမယ့် နောက်နှစ်ရက်လောက်မှာ လမ်းကြောင်းက ပြောင်းဝင်လာနိုင်တယ်။ နိုင်င်ငံတွေကတော့ မော်ဒယ်အမျိုးမျိုးထုတ်ပြီး အဆင့်တွေ သတ်မှတ်နေကြတာပဲ”ဟု ဦးကျော်မိုးဦးက ပြောသည်။

အမေရိကန် လေတပ်နှင့် ရေတပ်ပူးတွဲထားသည့် တိုင်ဖုန်းလေ့လာစောင်ကြည့်ရေး စင်တာ၏ အဆိုအရ မေလ ၁၄ ရက် ဂရင်းနစ် စံတော်ချိန် ညနေ ၇ နာရီ (မြန်မာ စံတော်ချိန် မေ ၁၅ ရက် မနက် ၁ နာရီခွဲ) တွင် မုန်တိုင်း မြန်မာကမ်းရိုးတန်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်း သတိပေးချက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၃ မိုင် တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် ပင်လယ်ရေမျက်နှာပြင်သည် မုန်တိုင်းကြောင့် ၆ ပေ ကနေ ၈ ပေ အထိ မြင့်တက်လာနိုင်ပြီး အိမ်အမိုး၊ တံခါး နှင့်ပြတင်းပေါက်များ ထိခိုက်ပျက်စီးနိုင်ကြောင်း၊ သစ်ပင်များ လဲပြိုခြင်း၊ ကြံ့ခိုင်မှု မရှိသော အိမ်များ ထိခိုက်ပျက်စီးနိုင်ခြင်း၊ မိုးကြီးပြီး ကမ်းရိုးတန်းနှင့် မြေနိမ့်ပိုင်းဒေသများတွင် မုန်တိုင်း ဗဟို မရောက်မီ ၂ နာရီမှ ၄နာရီ အတွင်း ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကျောက်ချမထားသည့် လှေသဘောၤငယ်များ ကြိုးပြတ်ထွက်သွားနိုင်ကြောင်းနှင့် ကုန်းတွင်းပိုင်းဒေသများတွင် မိုးကြီးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်ကလည်း ”အရင်က အိန္ဒိယ အရှေ့မြောက်ကနေ အခု အိန္ဒိယ-ဘင်္ဂလားဒေရှ် အစပ်ဘက်ကနေ ဝင်လာမယ့် သဘောရှိတယ်။ နှစ်ရက်အတွင်းမှာလည်း လမ်းကြောင်းပြောင်းနိုင်တော့ အတိအကျတော့ မပြောနိုင်ဘူး”ဟု ဆိုသည်။

လတ်တလော တွက်ချက်မှုများအရ မုန်တိုင်းလမ်းကြောင်းမှာ ရခိုင်ပြည်နယ်သို့ ဦးတည်နေသည့်အတွက် ယမန်နှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် အိုးအိမ်မဲ့နေသော ဒုက္ခသည်များ လုံလောက်သော အမိုးအကာရရှိရေး အရေးကြီးသည်။ ပြီးခဲ့သော ဧပြီလ အတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အဆိုပါ ဒေသတွင်း အိုးအိမ်မဲ့ ဒုက္ခသည် ၆ သောင်းကျော်မှာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။

Loading