ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က မဒေးကျွန်းဒေသခံများ၏ တောင်းဆိုချက်တွင် ပါဝင်သော ကျေးရွာချင်းဆက် လမ်းအား စတင်ဖောက်လုပ်ပေးနေကြောင်း သတင်းရရှိသည်။
ကျေးရွာချင်းဆက်လမ်းကို ယခုလ ၇ ရက်နေ့မှ စတင် ဖောက်လုပ်ပေးနေခြင်း ဖြစ်ကြောင်း၊ CNPC ၏ တွဲဘက်ကန်ထရိုက်ဖြစ်သော ပြည်တော်စည် ကုမ္ပဏီက လမ်းအတွက် လျာထားငွေ သိန်း ၃၄၀၀ ကျပ်ဖြင့် တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် ကျေးရွာ ၄ ရွာမှ ဒေသခံ ၅၀၀ ခန့်သည် ဧပြီလ ၁၈ ရက်နေ့က CNPC ရုံးရှေ့သို့ ချီတက်၍ တောင်းဆိုချက် ၉ ချက်ဖြင့် ဆန္ဒပြခဲ့ကြသည်။ တောင်းဆိုချက်များတွင် တရွာနှင့်တရွာ သွားလာရ လွယ်ကူစေရန် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန်၊ အစားထိုးမြေယာများ ဖော်ထုတ်ပေးရန်၊ လျှပ်စစ်မီးရရှိရန်နှင့် လယ်ယာမြေလျော်ကြေးများ အပြည့်အဝပေးရန် စသည်တို့ ပါဝင်သည်။ အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူ ၁၀ ဦးကိုလည်း မဒေးကျွန်းရဲစခန်း ခေါ်ယူစစ်ဆေး ဖိအားပေးခဲ့သည်။
ဆန္ဒပြမှုကြောင့် ဖိအားပေးခံနေရသည့် ကျောက်တန်းရွာသား ဦးမောင်မောင်မြင့်က “ကျွန်းပေါ်မှာ တရွာနဲ့တရွာ ဆက်ပေးတဲ့ လမ်းမရှိလို့ ဆိုင်ကယ်နဲ့ သွားမရဘူး။ အသက်ကြီးတဲ့လူတွေနဲ့ ကလေးတွေ စာသင်ကျောင်းကို သွားဖို့ ခက်ခဲတယ်။ တောင်တွေကို ကျော်သွားရတာ။ အခုလိုမျိုး လမ်းဖောက်ပေးတာ သိပ်ကိုကောင်းတယ်” ဟု ပြောသည်။
စီမံကိန်းများနှင့် ပတ်သက်၍ မဒေးကျွန်းပေါ်တွင်ရှိ CNPC ကုမ္ပဏီရုံးသို့ ဧရာဝတီ သတင်းဌာနမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မပြုပေ။
ရေနက်ဆိပ်ကမ်းနှင့် ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိရာ အဓိကနေရာဖြစ်သော မဒေးကျွန်းသည် ကျောက်ဖြူမြို့နှင့် ၈ မိုင်ခန့်ကွာဝေးပြီး ရွာ ၄ ရွာတွင် လူဦးရေ ၃၀၀၀ ခန့်ရှိသည်။
ဆန္ဒပြမှုကြောင့် ဖိအားပေးခံရသူ နောက်တဦးဖြစ်သည့် ပန်းထိန်ဆည်ရွာသား ဦးတင်ဦးကျော်က “ကျနော်တို့ရွာနားမှ အစက လမ်းလုပ်နေတဲ့ ကုမ္ပဏီက ရွာမရွာမှာ ဖောက်နေတယ်လည်း ကြားရော အဲဒီကုမ္ပဏီက မင်းတို့ကို ဆက်လုပ်ပေးမယ်လို့ ပြောပြီးတော့ စက်တွေပါ သယ်ပြီးတော့ ပြန်သွားတယ်။ အခုလမ်းက ဒီအတိုင်းပဲ” ဟု ပြောသည်။
ယခုအခါတွင် လမ်းအား ရွာမရွာနှင့် ပြိန်ရွာကြားတွင် စတင် ဖောက်လုပ်နေခြင်းဖြစ်ပြီး လမ်းဖောက်မည့် နေရာအတွက် ပလတ်စတစ်ကြိုးများနှင့် လမ်းတလျောက် နေရာသတ်မှတ်ထားပြီး ဖြစ်သည်။
ယခုနှစ်အစောပိုင်းမှ စတင်၍ တရုတ်ကုမ္ပဏီက လမ်းဖောက်ပေးမည်ဟုဆိုကာ ရွာသားများအား ကြိုတင်၍ လမ်းနေရာများအား ရှင်းလင်းထားစေခဲ့ကြောင်း၊ ကျွန်းပေါ်တွင် မြေနေရာ ရှားပါးသောကြောင့် လမ်းကြောင်းနှင့် မလွတ်သည့် အိမ်များရှိသော်လည်း လမ်းပေါ်ပေါက်ရန် အရေးကြီးသောကြောင့် မလွတ်သည့် အိမ်များကို ရွေ့ပေးရန် အချင်းချင်း ညှိနှိုင်းမှု ရရှိပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကျွန်းပေါ်ရှိ မြေသားများမှာ ပျော့လွန်းသည့်အတွက် မိုးရွာသည်နှင့် ရေများ တင်ကျန်နေတတ်ပြီး မြေပြိုကျမှုများလည်း ဖြစ်တတ်ကြောင်း၊ လမ်းဖောက်လုပ်သဖြင့် လယ်မြေများ ပျက်စီးဆုံးရှုံးပါက ကုမ္ပဏီအနေဖြင့် တာဝန်ယူပေးစေလိုကြောင်းလည်း ဒေသခံများက ဆိုသည်။
အသက် ၆၆ နှစ်အရွယ်ရှိ ပြိန်ရွာသား ဦးညိုမောင်က “အခုအထိကို တရွာနဲ့တရွာ ကူးချင်ရင် တောင်တွေကို ကျော်သွားနေရတော့ စပ်စပ်စုစုသွားတဲ့ အဘိုးကြီး၊ အဘွားကြီးတွေကလွဲရင် ဘယ်သူမှ မသွားဘူး။ လမ်းပြီးသွားရင်တော့ အဘတို့အတွက် သွားလာရ အဆင်ပြေသွားမှာ” ဟု ပြောသည်။
မဒေးကျွန်းပေါ်တွင် CNPC ကုမ္ပဏီက စာသင်ကျောင်း ၃ ကျောင်းနှင့် ပိုက်လိုင်းများဖြင့် သောက်သုံးရေများ ထောက်ပံ့ပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက CNPC မှ တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တွေ့ဆုံခဲ့စဉ်က CNPC က ၎င်းတို့အနေဖြင့် မဒေးကျွန်းတွင် ၂၄ နာရီ မီးရရှိရေး၊ လမ်းပေးဆက်သွယ်ရေး စသော ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေါ်လာ ၁၀ သန်းကို MOGE အား ပေးထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာ-တရုတ် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်များ သွယ်တန်းခြင်းနှင့် လုပ်ငန်းများ စတင်ခြင်းကို ယခုနှစ်အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း China Radio International က ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးကို ကိုးကား ဖော်ပြသွားသည်။
ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက မေလ ၇ ရက်နေ့တွင် ပြောကြားရာ၌ တရုတ်နိုင်ငံအတွင်း ဂက်စ်ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ပြောသည်။
သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းမှ ပို့လွှတ်မှုလုပ်ငန်းများ ယခုနှစ် ၆ လပိုင်း အတွင်း စတင်နိုင်မည်ဖြစ်ပြီး ရေနံတင်ပို့မှုလုပ်ငန်းများကို လာမည့်နှစ်ဦးပိုင်းတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားသည်။
ယင်း ပိုက်လိုင်များသည် မြန်မာနိုင်ငံ အနောက်ပိုင်း ကမ်းခြေဒေသဖြစ်သည့် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ဒေသ ရွှေလီမြို့အထိ သွယ်တန်းတင်ပို့ခြင်း ဖြစ်သည်။
ပိုက်လိုင်းများဖြင့် ရေနံတင်ပို့မှုမှာ ၁ နှစ်လျှင် တန်ချိန် ၂၂ သန်း တင်ပို့နိုင်မည် ဖြစ်ပြီး ဂက်စ် တင်ပို့မှုမှာ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။