သတင်း

ရန်ကုန်ကို လူ ၁၀ သန်း နေထိုင်နိုင်အောင် ဆောက်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရတာဝန်ရှိသူများ၊ မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများက ရန်ကုန်မြို့တော်ကို ၂၀၄၀ ခုနှစ် တွင် အခြေချနေထိုင်သူ ၁၀ သန်းကျော်ရှိမည့် “မဟာမြို့ကြီး” အဖြစ် ဖွံဖြိုးလာစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း “၂၀၁၃ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်” တွင် ပြောကြားလိုက်ကြသည်။ ၂၀၄၀ ရောက်ချိန်၌ ရန်ကုန်မြို့တွင် လက်ရှိ လူဦးရေ၏ နှစ်ဆ ရှိနေမည်ဟု ခန့်မှန်းထားသည်။

ယခုအပတ်အတွင်း ကျင်းပခဲ့သည့် ကွန်ဖရင့်၌ ရန်ကုန်မြို့ကို အာရှ၏ မြို့တော်ကြီးတခုအဖြစ် ပြန်လည်တည်ဆောက်ရန် တင်ပြခဲ့သော စီမံကိန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်မည့် ကြီးမားသည့် စက်မှုဇုံများ၊ အလတ်တန်းစား အိမ်ယာစီမံကိန်းများ နှင့် ရန်ကုန်မြို့၏ သမိုင်းဝင် အသွင်အပြင်များကို ဆက်လက်ထိန်းသိမ်းရေး တို့ပါဝင်သည်။

ရန်ကုန်မြို့၏ စိတ်လှုပ်ရှားဖွယ်ရာ စီးပွားရေး အလားအလာများကြားထဲတွင် ရှိနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရောက်မလာကြသေးခြင်းနှင့် အခြား အရေးပါသည့် ကိစ္စရပ်တခုဖြစ်သော စီမံကိန်းနယ်မြေများတွင် မူလနေထိုင်သူများနှင့် မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ ရှိနေခြင်း တို့ကို ကွန်ဖရင့်တွင် ဆွေးနွေးမှု မပြုခဲ့ပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာန လက်ထောက်ဌာနမှုး ဦးတိုးအောင်က ကွန်ဖရင့်၌ ပြောကြားရာတွင ်ယခုအချိန်တွင် ခန့်မှန်းလူဦးရေ ၅.၁၄ သန်းခန့်ရှိသော ရန်ကုန်မြို့သည် လာမည့် နှစ် ၃၀ အတွင်းတွင် နေထိုင်သူ ၁၀ သန်းကျော်ရှိသည့် မဟာမြို့ကြီးဖြစ်လာမည်ဟု ဆိုသည်။

အစိုးရအနေဖြင့် ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ရေးဆွဲပေးသည့် ကားလမ်းသစ်များ၊ ရထားလမ်းသစ်များ၊ လေဆိပ်တခု၊ ကြီးကျယ်သော အိမ်ယာစီမံကိန်းများနှင့် အစိမ်းရောင်နယ်မြေ ဖွံ့ဖြိုးမှု အစီအစဉ်များ ပါဝင်သော မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရန်ကုန်မြို့ပြင် ကီလိုမီတာ အနည်းငယ်အကွာ သီလဝါတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ဦးတိုးအောင်က ပြောသည်။

အဆိုပါမြို့ပြစီမံကိန်းများ ထဲမှ အချို့အတွက် ဂျပန်အစိုးရက ငွေကြေးပံ့ပိုးပေးနေသည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ၊ မြန်မာအစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကာ သီလဝါ အထူးစီးပွားရေးဇုံ စီမံကိန်းကို ဆောင်ရွက်နေသည်။

ရန်ကုန်မြို့၏ တောင်ဖက် ၂၅ကီလိုမီတာ အကွာတွင်ရှိသော ထိုစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတခု၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမည့် စက်ရုံများနှင့် ကြီးမားသည့် အိမ်ယာစီမံကိန်းများလည်းပါဝင်သည်။ စီမံကိန်း၏ ၅၁ ရာခိုင်နှုန်းကို မြန်မာဖက်မှ ပိုင်ဆိုင်ပြီး ဧက ၆၀၀၀ မျှ ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။

ထုထည်ကြီးမားသည့် ထိုစီမံကိန်းကြောင့် လာမည့် ဆယ်စုနှစ်များအတွင်း ရန်ကုန်မြို့၏ စီးပွားရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဟု စီမံကိန်း တာဝန်ခံများက ဆိုသည်။

“စီမံကိန်းရဲ့ အပိုင်းလေးပိုင်းလုံး ပြီးသွားတဲ့အခါ အလုပ်အကိုင်နေရာ နှစ်သိန်းလောက် ဖန်တီးပေးနိုင်လိမ့်မယ်လို့ ကျနော် တို့ မျှော်လင့်ထားပါတယ်။ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီစီမံကိန်းက အရေးပါပါတယ်။ သီလဝါက ရန်ကုန်မြို့ အတွက် အလုပ်အကိုင်အခွင့်အလမ်း တွေ ပေးပါလိမ့်မယ်” ဟု (UMFCCI) ၏ သီလဝါ ကော်မရှင် အမှုဆောင်အဖွဲ့ဝင် တယောက်ဖြစ်သော ဦးသူရိန်အောင်က ပြောသည်။

စီမံကိန်းတခုလုံး၏ ပမာဏ နှင့်ကုန်ကျမည့်ငွေကို တွက်ချက်ဆဲဖြစ်ပြီး မြေအကျယ်အဝန်း ဧက ၁၀၀၀ ခန့် ပေါ်တွင် တည် ဆောက်မည့် ပထမအဆင့်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သူကပြောသည်။

နောက်ထပ် အိမ်ယာစီမံကိန်း နှစ်ခုကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးသူရိန်အောင်က ဆိုသည်။ ဧက ၁၂၀ ကျယ်ဝန်းမည့် ဧရာဝဏ် စီမံကိန်းနှင့် ဧက ၁၀၀ ရှိသော ရတနာ စီမံကိန်းများတွင် နေအိမ်ခန်း ပေါင်း ၁၇၀၀၀ ကျော်ရှိမည်ဖြစ်ပြီး ပန်းခြံ၊ စီးပွားရေးနေရာများနှင့် အခြား အခြေခံအဆောက်အဦး များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဦးသူရိန်အောင်က အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု၏ ပြယုဂ် ဖြစ်လာမည်ဟု ဆိုသည်။ ၎င်းတိုက်ခန်းများသည် တခန်းလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၈၀ ခန့်) တန်ကြေးရှိသည်။

အစိုးရကလည်း စီမံကိန်းများအတွက် အခြေခံ အဆောက်အဦလုပ်ငန်းများတွင် အထောက်အပံများ ပေးနေသည့် စီမံကိန်း များကို မြန်မာဆောက်လုပ်ရေးကုမ္ပဏီ ၂၄ ခုက အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပြီး ၎င်းတို့ထဲတွင် ဦးသူရိန်အောင်၏ Dagon International Ltd၊ Shwe Taung Development နှင့် IGE Development တို့လည်း ပါဝင်သည်။ ထိုကုမ္ပဏီ များသည် ယခင်စစ်အစိုးရ အာဏာပိုင်များနှင့် အလွန်နီးကပ်သော ဆက်သွယ်ပတ်သက်မှုရှိသည့် ကုမ္ပဏီများဖြစ်သည်ဟု အများက အသိအမှတ်ပြုထားကြသည်။

Dagon International Ltd သည် ဆောက်လုပ်ရေးလုပ်ငန်းအပြင် သစ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုပါ လုပ်ကိုင်သည့် လုပ်ငန်းစုကြီး တခုဖြစ်သည်။ ဦးသူရိန်အောင်၏ ဖခင်ဖြစ်သူ (UMFCCI) ၏ ဥက္ကဌ မြန်မာလုပ်ငန်းရှင် သူဌေးကြီး ဦးဝင်းအောင် က ပိုင်ဆိုင်သည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်သံရုံးမှ ပေါက်ကြားခဲ့သည့် သတင်းများအဖြစ် Wikileaks က ဖေါ်ပြရာတွင် ဦးဝင်းအောင်ကို ဆောက်လုပ်ရေးနှင့် အဆင့်မြင့်အိမ်ယာစီမံကိန်းများကို အထူးပြုလုပ် ကိုင်သည့် အာဏာရှင်လက်စွဲ ခရိုနီ တဦးအဖြစ် ဖော်ပြခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးနောက်ပိုင်း ဆင်းရဲမွဲတေမှုများနှင့် ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် မြို့ပြလူနေမှုဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင်လိုသော အစိုးရ အနေဖြင့် သီလဝါ ကဲ့သို့ အထူးစီးပွားရေးဇုန်ကြီးများနှင့် ရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ဤကဲ့သို့သော စီမံကိန်းများသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများကို အခွင့်အလမ်းကောင်းများ ပေးနိုင်လိမ့်မည်ဟုဆိုသည်။ “ ဒါက ကြီးမားတဲ့ ဆောက်လုပ်ရေး လုပ် ငန်းပါ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလို့ ဆိုပေမယ့် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှု ဈေးကွက်လို့ ပြောရင် ပိုနီးစပ်ပါတယ်” ဟု သူကပြောသည်။

သို့သော်လည်း ယခုချိန်ထိ မြန်မာနိုင်ငံတွင်းသို့ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အစိုးရ မျှော်မှန်းထားသည်ထက် နည်းနေသေးသည်ဟု သိရသည်။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာ နှေးလွန်းတယ်၊ မြန်မြန်ဆန်ဆန် ဖြစ်ဖို့လိုတယ်။ ကြီးကြီးကျယ်ကျယ် လုပ်ရမယ့် စီမံကိန်းတွေကလည်း ငယ်နေသေးတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး ဆောင်ရွက်နေသော စီမံကိန်းကြီးများသည် မြေယာအငြင်းပွားမှုများ ဖြစ်ပေါ်လာဖွယ်ရှိပြီး အဆိုပါကိစ္စသည် မြန်မာနိုင်ငံတွင် တနေ့ထက်တနေ့ ပိုများလာနေသည်။ အစိုးရ ကျောထောက်နောက်ခံပေးထားသော အဆက်အသွယ်ကောင်းသည့် ကုမ္ပဏီကြီးများ၏ မြေယာလုယူမှုကို ၎င်းတို့အနေဖြင့် တွန်းလှန်နိုင်စွမ်း မရှိကြောင်း ဒေသခံ ပြည်သူများက ပြောကြသည်။

သီလဝါ စီမံကိန်းသည်လည်း ရာနှင့်ချီသည့် ဒေသခံ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများကို ပျက်စီးဆုံးရှုံးစေခဲ့ သည်ဆိုသည့် အငြင်းပွားမှုများနှင့် ကြုံတွေ့နေရသည်။ စစ်အစိုးရက ၁၉၉၀ နှစ်များအတွင်းတွင် ထိုဧရိယာအတွင်းရှိ ကျယ်ပြန့်သော သီးနှံစိုက်ပျိုးမြေများကို နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့သည်။ စစ်အစိုးရက စီစဉ်ခဲ့သော စက်မှုဇုန်စီမံကိန်း ပျက်ပြယ်သွားသည့်အခါ ဒေသခံများက ၎င်းတို့၏ လယ်မြေများတွင် ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် စီမံကိန်းကို ပြန်လည်စတင်ရန် ဖြစ်လာသည့်အခါ ဒေသခံများကို ထွက်ခွာပေးရန် စေခိုင်းမှုများရှိလာသည်။ သို့သော်လည်း လက်ရှိအချိန်တွင် မြေဈေးများ အဆမတန်မြင့်တက်နေပြီး တဧကလျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ (မြန်မာကျပ်ငွေ ၃၆ သိန်းနီးပါး) အထိ ရောက်ရှိနေသည့်အတွက် ဒေသခံ လယ်သမား များက ၎င်းတို့၏ မြေအတွက် များပြားသောလျော်ကြေးငွေ ရရှိလိုကြသည်။

သို့သော်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်တွင် မြေယာအငြင်းပွားမှု ကိစ္စများအတွက် အချိန်အနည်းငယ်မျှသာ ဆွေးနွေးခဲ့ကြပြီး “ကျူးကျော် ကိစ္စ” ဟုသာ ခပ်တိုတို ရည်ညွှန်းပြောဆိုခဲ့သည်။

ဧရာဝတီက Dagon International Ltd မှ ဦးသူရိန်အောင် နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စီမံကိန်းများ ဆောင်ရွက်တိုင်း မလွှဲမရှောင်သာ တွေ့ရတတ်သည့် ကိစ္စမျိုးသာဖြစ်သည်ဟု ခပ်ပေါ့ပေါ့ မှတ်ချက်ပေးခဲ့သည်။ “ စီမံကိန်းရှိတဲ့ နေရာတိုင်းကို ခင်ဗျား သွားကြည့်ပါ၊ ဒီလို ကျူးကျော်ကိစ္စမျိုးတွေ တခုမဟုတ်တခု ရှိနေမှာပဲ” ဟု သူကဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုံမှ မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍လည်း အလွန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ချဉ်းကပ်မှုမျိုးဖြင့် ဖြေရှင်းဆောင်ရွက်လျှက်ရှိကြောင်း ဦးသူရိန်အောင်ကပြောသည်။ ဂျပန်အစိုးရကိုယ်တိုင် ပါဝင် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျဆောင်ရွက်သွားမည်မှာ သေချာကြောင်း သူက ထပ်ပြောသည်။

ဦးသူရအောင်က ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်နေသော အိမ်ယာစီမံကိန်းနှစ်ခု၌ လည်း “ကျူးကျော်သူ” အချို့ ရှိနေကြောင်းပြောသည်။ “ဒီဟာကိုလည်း သတိထားပြီး ကိုင်တွယ်ဆောင်ရွက်နေပါတယ်၊ သူတို့ အခိုင်အမာ ပြောနေကြတဲ့ မြေနေရာကို အမှန်တကယ် တရားဝင် ပိုင်ဆိုင်သူရှိသလားဆိုတာကို စစ်ဆေးပြီး သေချာအောင် လုပ်နေပါတယ်” ဟု သူက ဆိုသည်။
( Paul Vrieze ၏ Govt, Companies to Build Rangoon ‘Mega City’ of 10 Mln People ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading