သတင်း

ဝါရာဇွတ် မီးဘေး ပြန်လည် ထူထောင်ရေး ကူညီရန် ပြည်နယ်လွှတ်တော် ဆုံးဖြတ်

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဝါရာဇွပ်ကျေးရွာ မီးလောင်မှုနှင့် ပတ်သက်ပြီး မီးဘေးသင့် ဒုက္ခသည်များကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

ယခင်လ ၂၆ ရက်နေ့က ဝါရာဇွပ်ကျေးရွာ အထက်ပိုင်းရှိ ယုဇန ကုမ္ပဏီ သိမ်းယူထားသည့် ယာခင်းထဲ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးသည် ဝါရာဇွပ်ကျေးရွာထဲသို့ ကူးစက်လောင်ကျွမ်းရာ အိမ်ခြေ ၄၉ လုံး၊ အိမ်မွေးတိစ္ဆာန်များနှင့် လယ်ယာသုံး ကိရိယာများ ပါသွားခဲ့ပြီး လူဦးရေ ၁၃၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

ယင်းသို့ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော်တွင် ယမန်နေ့က အရေးပေါ် အဆိုတရပ် တင်သွင်းခဲ့ပြီးနောက် မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရမှ ကူညီဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

“ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေလည်း တော်တော်များများ ရပြီးပြီ။ အခုဟာ မိုးကလည်း ကျတော့မယ်ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အရေးကြီးအဆို တင်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လက်ခံကြပါတယ်ရှင့်။ ကျမတို့ အနေနဲ့လည်း ဒီကိစ္စကို ပြီးဆုံးသည်အထိ တောက်လျှောက် လုပ်ပေးသွားမှာပါ” ဟု ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် မီးလောင်မှု၌ ပါသွားသော ပျောက်ဆုံး၊ ပျက်စီး၊ အိမ်ထောင်စု စာရင်း၊ မှတ်ပုံတင်များကို ပြုလုပ်ပေးပြီး ဖြစ်ကြောင်းနှင့် မီးလောင်မှုတွင် ပါဝင်သွားသော ပျက်စီးဆုံးရှုံးမှုများကိုလည်း အချိန်မီ ပြန်လည်ပံ့ပိုးပေးနိုင်ရန် စာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင်း သူက ဆက်ပြောသည်။

မီးဘေးဒုက္ခသည် အများစုမှာ လတ်တလောတွင် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပေးထားသည့် ပလပ်စတစ် တာလပတ်များ မိုးကာ၍ ယာယီ ခိုလှုံနေကြသကဲ့သို့ မီးမလောင်ဘဲ ကျန်နေသည့် အသိမိတ်ဆွေ အိမ်အချို့နှင့် ဘာသာရေး အဆောက်အဦးများတွင်လည်း ခိုလှုံသူများရှိကြောင်း ဝါရာဇွပ်ရွာသား ဦးလဂေါင်တန်ဂွန်းက ပြောသည်။

“အခုဟာကတော့ ယာယီပေါ၊့ ဖြစ်သလိုပဲ နေကြတာပေါ့။ ဟင်းတွေဘာတွေတော့ ချက်စားလို့ မရဘူး။ မိသားစု များတဲ့လူတွေဆိုရင် ဘာသာရေးကျောင်းနဲ့ ဆွေမျိုးတွေအိမ်တွေမှာ သွားကပ်နေကြတာပေါ့” ဟု ဦးလဂေါင်တန်ဂွန်းက ဧရာဝတီသို့ ပြောသည်။

အစားအသောက်များကို ပြည်နယ် အစိုးရအဖွဲ့များ အပါအဝင် ဒေသတွင်းရှိ အမျီုးသားဒီမိုကရေစီ အင်အားစု (NDF)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ခရစ်ယာန်ဘာသာရေး အဖွဲ့များက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးကြောင်း သိရသည်။

ရွာခံများအနေဖြင့် မိုးမကျမီ ခိုင်ခန့်သည့် အမိုးအကာအောက်သို့ အမြန်ဆုံး ရောက်လိုကြောင်းနှင့် လယ်ယာ ကိုင်းကျွန်းများ လုပ်ကိုင်ရန်အတွက် ပစ္စည်းကိရိယာများလည်း မီးထဲပါသွားသည့်အတွက် အမြန်လိုအပ်နေသည်ဟု ဆိုသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ရွာခံတချို့နှင့် ဒေသခံတချို့က အစိုးရစစ်တပ်နှင့် ၎င်းတို့ မြေယာများကို အဓမ္မ သိမ်းယူထားသော ယုဇန ကုမ္ပဏီတို့ကို သံသယဝင်နေကြကြောင်း ပြောဆိုကြသည်။

ယင်းသို့ ပျံ့နှံ့နေသော သတင်းမှာ ကောလာဟလ သတင်း ဖြစ်ပြီး မှန်ကန်မှု မရှိကြောင်း ၎င်းတို့ သိထားချက်အရ တောမီးလောင်ရာမှ ကူးစက် လောင်ကျွမ်းခြင်းသာဖြစ်ကြောင်း လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာက ရှင်းပြသည်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၄၉ လုံး၊ အိမ်မွေးတိရစ္ဆာန်များ၊ စပါး၊ အိမ်တွင်းပစ္စည်းများ၊ ကား၊ စပါးချွေစက်၊ ဆိုင်ကယ်နှင့် လယ်ယာသုံးကိရိယာများ ပါဝင်သွားကြောင်း ရွာခံများက ပြောသည်။

မီးစတင် လောင်ကျွမ်းခဲ့သည့်နေရာသည် ဒေသခံကျေးရွာများထံမှ ပြည်သူ့လွှတ်တော် အမတ် ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇန ကုမ္ပဏီက ပီလောပီနံများ စိုက်ရန် သိမ်းယူထားသည့် နေရာများဖြစ်ပြီး သိမ်းဆည်းမြေများ ပြန်လည်ရရှိရန် တောင်းဆိုသည့်အထဲတွင် ဧက ၄၀၀ ကျော် အသိမ်းခံထားရသည့် ဝါရာဇွပ်ရွာလည်း ပါဝင်သည်။

ယုဇန ကုမ္ပဏီသည် ဝါရာဇွပ် အပါအဝင် ရွာနီးချင်းများဖြစ်သည့် ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊ လဂျာဘာ၊ စံပြ စသည့် ကျေးရွာများထံမှ စုစုပေါင်း ဧက ၃၀၀ ခန့်သိမ်းယူခဲ့ပြီး ပီလောပီနံ များစိုက်ပျိုးကြောင်း၊ သက်ဆိုင်ရာဌာန အဆင့်ဆင့်ကို တိုင်တန်းသော်လည်း ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် ထပ်မံတောင်းဆိုသွားရန် အဆိုပါရွာခံများက ပြင်ဆင်နေကြောင်း သိရသည်။

Loading