နိုင်ငံရေးအရ သဘောတူညီချက်တရပ် လိုအပ်ခြင်း (၁)

လာရီ ဒိုင်းမွန်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ယနေ့အခြေအနေသည် နိုင်ငံရေး အသွင်ကူးပြောင်းမှုကို အချိန်ဆွဲကစားနေသည့် ကစားပွဲအတွင်း ကျရောက်နေသလို ဖြစ်နိုင်သည်။ အလွန်အမင်း အာဏာရှင်ဆန်ဆန် ကျင့်သုံးခဲ့သည့် စစ်အစိုးရမှနေ၍ တစုံတရာ အခြေအနေသို့ တိုင်းပြည်က သွားနေသည်။ ဒီမိုကရေစီ အပြောင်းအလဲလားဟု မေးလျှင်မူ မည်သည့်နည်းဖြင့် တွက်ချက် တွက်ချက် မသေချာ မရေရာလှသေးပေ။ သို့မဟုတ် အာဏာကို ရေရှည်ချုပ်ကိုင်လာသည့် စစ်တပ်က အစစ်အမှန် ဒီမိုကရေစီကို ပန်းတိုင်ထား ဆောင်ရွက်နေသည် ဆိုသည်မှာလည်း လုံးဝမရှင်းလင်းလှပေ။

အမှန်ဆိုရလျှင် လက်ရှိအစိုးရ၏ ပင်ကိုယ်သဘောသဘာဝသည်ပင်  (စစ်အုပ်ချုပ်ရေးကို ဆက်လက် ထင်ဟပ် နေသေးသလော ဆိုသည်မှာလည်း) အငြင်းပွားဖွယ်ပင် ဖြစ်သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အားလုံး၏ အဓိကကျသည့် လက္ခဏာမှာ မသေချာမရေရာခြင်းပင် ဖြစ်သည်။ ဂွီလာမို အို ဒေါ်နယ် (Guillermo O’Donnell) နှင့် ဖိလစ် ရှမစ်တာ (Philippe Schmitter) တို့ လေ့လာတွေ့ရှိခဲ့သကဲ့သို့ နိုင်ငံများတွင် အစိုးရစနစ်တခုမှ နောက်တခုသို့ ပြောင်းသည့်အခါ ဥပဒေများသည် အစဉ်သဖြင့် ပြောင်းလဲလှုပ်ခတ်နေကြပြီး ယေဘုယျအားဖြင့် အပြင်းအထန် ငြင်းခုံနေစရာ ဖြစ်နေကြသည်ဟု ဆိုပါသည်။ သို့အတွက်ကြောင့် အပြောင်းအလဲတိုင်းတွင် အနည်းဆုံး အားပြိုင်မှု ၂ ခု တပြိုင်နက်တည်းတွင် ဖြစ်ပေါ်နေတတ်သည်။ တခုက အာဏာနှင့် မူဝါဒရလဒ်များ အပေါ်တွင် အရေးပါသည့် ပြိုင်ဆိုင်နေမှုဖြစ်ပြီး အခြားတခုက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အားပြိုင်မှု ဖြစ်သည်။ မည်သို့သော ပြဌာန်းချက်မျိုးက အနာဂတ်တွင် မည်သူက အနိုင်ရသူဖြစ်မည်၊ မည်သူက ဆုံးရှုံးရသူ ဖြစ်မည်ကို ဆုံးဖြတ်ပေးမည့် ဥပဒေ၏များနှင့် လုပ်ထုံးလုပ်နည်းများ အပေါ်တွင် အသာစီးယူပြဌာန်းနိုင်ရန် အားပြိုင်ကြခြင်း ဖြစ်သည်။

ထို့အပြင် အားပြိုင်နေကြသည့် နှစ်ဖက်စလုံး အတွင်းပိုင်းကိုယ်၌တွင်ပင် နိုင်ငံရေးအရ အားပြိုင် လွန်ဆွဲမှုများလည်း ရှိနေပြန်သည်။ နိုင်ငံရေးအသွင်းကူးပြောင်းမှုကို လုပ်ဆောင်နေသည့် အာဏာရှင် အစိုးရများအတွင်းတွင် ခေါင်းမာဂိုဏ်းသားများနှင့် သဘောထား ပျော့ပျောင်းသူများ ဟူ၍ အုပ်စုကွဲပြားနေတတ်သည်မှာလည်း ဓမ္မတာပင်ဖြစ်သည်။ အာဏာကို အလွဲသုံးစားပြု၍ ရလာသည့် စည်းစိမ်ချမ်းသာများကို  ခေါင်းမာဂိုဏ်းသားများက မစွန့်လွှတ်ချင်ကြသလို ဒီမိုကရေစီကို အသည်းအသန် ကြောက်ရွံ့ပြီး မျက်စိမှိတ် ငြင်းပယ်တတ်ကြပါသည်။

သဘောထား ပျော့ပျောင်းသူများသည်လည်း အာဏာရှင်အစိုးရ၏ အစိတ်အပိုင်း ဖြစ်ဖူးထားနိုင်ပါသည်။ ဖိနှိပ်ရေး ယန္တရား၏ အစိတ်အပိုင်းတောင် ဖြစ်ထားနိုင်ပါသည်။ သို့သော် အာဏာရှင် အစိုးရများသည် ပိုမို၍ပွင့်ပွင့်လင်းလင်း လုပ်ဆောင်လာရမည်။ အရပ်ဖက် လွတ်လပ်ခွင့်များကို ပိုမိုခွင့်ပြုရမည်။ ရွေးကောက်ပွဲများ ကျင်းပ၍ အစိုးရကို တရားဝင်ဖြစ်အောင် တစုံတခုသော အတိုင်းအတာအထိ လုပ်ဆောင်ရမည်ဆိုသည်ကို သဘောထား ပျော့ပျောင်းသူများက လက်ခံလာကြပါသည်။  မြန်မာစစ်တပ်နှင့် ပတ်သက်၍ မာရီ ကလဟန် (Mary Callahan) အက်ဆေးအရ အစိုးရအတွင်း အုပ်စုကွဲပြားမှုသည် သိသာထင်ရှားစွာ ဖြစ်ပွားနေပြီး ယင်းကိစ္စကို ပရိယာယ်ကြွယ်ဝစွာ၊ ကျွမ်းကျင်လိမ္မာစွာ မကိုင်တွယ်နိုင်ပါက ပြုပြင်ပြောင်းလဲမှုများကို  နောက်ပြန်ဆွဲထားသလိုလည်း ဖြစ်သွားနိုင်ပါသည်။

အာဏာရှင်စနစ် အုပ်ချုပ်ရေးမှ အသွင်ပြောင်းနေသည့် နိုင်ငံများတွင် အစိုးရအတွင်း သဘောထား တင်းမာသူများနှင့် ပျော့ပြောင်းသူများဟုဆိုသည့် အကွဲအပြဲကို တွေ့ရသလို အတိုက်အခံ အင်အားစုများ အတွင်းတွင်လည်း ထိုသို့ တွေ့ရပါသည်။။ အတိုက်အခံများတွင်လည်း သဘောထား ပျော့ပြောင်းသူများနှင့် တိုက်ခိုက်လိုစိတ် ပြင်းပြသူများဟူ၍ ကွဲကြပြန်သည်။ သဘောထား ပျော့ပြောင်းသူများသည် ဒီမိုကရေစီ အရေးအတွက် စိုက်လိုက်မတ်တတ် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်နိုင်ပါသည်။ ဒီမိုကရေစီ အရေးတော်ပုံအတွင်း များစွာစွန့်လွှတ် အနစ်နာခံခဲ့ကြပြီးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အာဏာရှင် အုပ်ချုပ်သူများနှင့် တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်သည်။ သို့မှသာ ဒီမိုကရေစီသို့ အကူးအပြောင်း ဖြစ်ပေါ်နိုင်မည်ကို သိကြသည်။

သို့သော် တိုက်ခိုက်လိုစိတ် ပြင်းပြသူများက ညိနှိုင်းဆွေးနွေးရသည်ကို မလိုလား၊ သူတို့က ဆန္ဒပြတောင်းဆို သပိတ်မှောက်ခြင်းကိုသာ လိုလားကြပါသည်။ လူထုအများကို လှုံ့ဆော်စည်းရုံး လှုပ်ရှားခြင်းကို လိုလားကြသည်။ သို့မှသာ အာဏာရှင်များက ခြွင်းချက်မရှိ အာဏာလွှဲပြောင်းပေးလာမည်ဟု ယူဆနေကြသည်။ စစ်ရှုံးသောကြောင့် ဖြစ်စေ၊ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဖြစ်စေ၊ ၎င်း၏အာဏာ အထွေထွေ အကျပ်အတည်းများကြောင့် အကျပ်အတည်းနှင့် ကြုံတွေ့နေရချိန်တွင် အာဏာရှင်အစိုးရများက တခြားရွေးချယ်ရန် နည်းလမ်းမရှိသည့်အတွက်  အတိုက်အခံများ၏ အလိုကျအတိုင်း အာဏာလွှဲပြောင်းခြင်းမျိုး ဖြစ်နိုင်ပါသည်။ သို့သော်လည်း ညီညွတ်မှု လုပ်ရည်ကိုင်ရည်နှင့် ဖိနှိပ်ရန် သဘောသဘာ၀ ရှိနေသည့် အစိုးရကို ဆန့်ကျင်အာခံသည့် နည်းသက်သက်ဖြင့် အတိုက်အခံများက ယင်းတို့ အလိုကျ အပြောင်းအလဲ ပြုလုပ်ရန် ဆိုသည်မှာ မဖြစ်နိုင်ပါ။

အစိုးရအတွင်း အကွဲအပြဲများ မည်သို့ရှိသည် ဖြစ်စေ၊ လစ်ဘရယ်နည်းကျ ပြုပြင်ပြောင်းလဲရေး လုပ်လိုသည့်ဆန္ဒ မည်သို့ ရှိသည်ဖြစ်စေ တပ်မတော်ကို အမာခံ ထားဖွဲ့စည်းထားသည့် မြန်မာအစိုးရအနေဖြင့် ၎င်း၏ ပင်မအကျိုးစီးပွားဟု ယူဆထားသည့် ကိစ္စများကို ကာကွယ်ရန် ညီညွတ်စုစည်းမှု ရှိနိုင်ပါသည်။  အင်အားသုံးရန်လည်း အဆင်သင့် ဖြစ်နေနိုင်ပါသည်။

နိုင်ငံရေးအကျဉ်းသားများမှာ ထောင်များထဲတွင် ကျန်ရှိနေဆဲ ဖြစ်ပါသည်။ တချို့သော တိုင်းရင်းသား လူနည်းစု ပြည်နယ်များတွင် ပြင်းထန်သည့် တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေဆဲ ရှိပါသည်။ ပြင်းထန်သည့် တုံံ့ပြန်မှုများ မခံရဘဲ လက်ရှိအစိုးရကို မည်သည့် အတိုင်းအတာအထိ စိန်ခေါ်ဆန့်ကျင်နိုင်မည် ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိလှပါ။ ဒီမိုကရေစီစနစ်သို့  အသွင်ကူးပြောင်းမှုှ ရှိရမည်ဆိုပါလျှင် ၎င်းအပြောင်းအလဲသည် ဆွေးနွေးညှိနှိုင်း သဘောတူညီမှု ရယူထားသည့် ပြုပြင်ပြောင်းလဲမှု သာဖြစ်ရပါမည်။ ထို အသွင်ကူးပြောင်းမှုှတွင် အစိုးရအဖွ့ဲအတွင်း သဘောထား ပျော့ပြောင်းသူများနှင့် ဒီမိုကရေစီ ခေါင်းဆောင်များကြားမှ လက်တွေ့ကျကျ ပျော့ပြောင်းစွာ ချင့်ချိန်စဉ်းစားတတ်သည့် ခေါင်းဆောင်များက စည်းမျဉ်းအသစ်များကို အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါသည်။

အသွင်ကူးပြောင်းရေး သဘောတူညီချက်များသည် ယင်းတို့၏ သဘောသဘာဝအရ ခက်ခဲပြီး ရင်နင့်စရာကောင်းသော အပေးအယူများကို လုပ်ကြရပါသည်။ သဘောတူညီမှုတွင် နှစ်ဖက်အပေးအယူလုပ်မှုက အဓိကနေရာတွင် ရှိပါသည်။  ထိုသဘောတူညီမှုအရ တဖက်ကို အခြားတဖက်က အန္တရယ်ပေးနိုင်သည့် အစွမ်းအစများကို စွန့်လွှတ်ရမည်၊ သို့မဟုတ် အပြည့်အ၀ အသုံးမပြုဟု သဘောတူရပါမည်။ တဖက်၏ စီးပွားရေး အကျိုးစီးပွားများကို၊ အချက်အချာ အကျိုးစီးပွားများကို မထိပါးပါဟု အပြန်အလှန် ကတိပြုခြင်းဖြင့် သဘောတူညီမှုကို ရယူနိုင်ပါသည်။

ထိုကဲ့သို့ သဘောတူညီမှု ပြုရသည့် အဓိက အကြောင်းအရင်းမှာ အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား “အပြန်အလှန်လုံခြုံမှုပေးနိုင်မည့် စနစ်” ဟု ရောဘတ်ဒါးလ်  (Robert Dahl) က ခေါ်ဆိုသည့်  အခြေအနေတရပ်ကို တည်ဆောက်နိုင်ရန်ပင် ဖြစ်သည်။ ထိုအခြေအနေတွင် ကျန်တဖက်ကို ဖိနှိပ်ခြင်းအားဖြင့် ပေးဆပ်ရမည့် တန်ဖိုးသည် သည်းခံလိုက်ခြင်းအားဖြင့် ပေးဆပ်ရမည့် တန်ဖိုးထက် များပြားသည်ကို သဘောပေါက် နားလည်လာခြင်း ဖြစ်ပါသည်။  အတိုက်အခံ အင်အားစုများက အင်အား အလုံအလောက်ရှိလာပြီး အစိုးရက ဖိနှိပ်မှု ပြုသည့်အခါ တန်ဖိုးကြီးကြီး ပေးရနိုင်သည့် အခြေအနေ ရောက်လာသည့်အခါ ယင်းစနစ် ဖြစ်ပေါ်လာပါသည်။ ထို့အပြင် နှစ်ဖက်က မိမိတို့၏ ကွာခြားချက်များကို လျော့နည်းလာအောင် လျော့ချနိုင်ပြီး အခြားတဖက်က အာဏာရလာသည့်တိုင် မိမိတို့၏ ပင်မကျသည့် အကျိုးစီးပွားများကို မဖျက်ဆီးနိုင်ဟု တဖက်က ယုံကြည်မှု ရှိလာကြသည့်အခါ ဖြစ်ပေါ်နိုင်ပါသည်။

ဖြေရှင်းရန် ပြဿနာများ စုပြုံလာသည်နှင့်အမျှ ပိုခက်ခဲပွေလီသော ပိုရှုပ်ထွေးသော အသွင်ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။ မူဝါဒများနှင့် အကျိုးစီးပွားများအတွက် အားပြိုင်လွန်ဆွဲမှုများ ကစားပွဲ စည်းမျဉ်းစည်းကမ်း အတွက် အားပြိုင်လွန်ဆွဲမှုများ မလွှဲသာမရှောင်သာ ဖြစ်လာပေမည်။ ထို့အပြင် တပြိုင်တည်းမှာပင် စီးပွားရေးစနစ်၊ လက်နက်ကိုင်စစ်တပ် အခန်းကဏ္ဍ၊ နိုင်ငံတော်၏ သဘာသဘာဝနှင့် လုပ်ပိုင်ခွင့် အတိုင်းအတာတို့ အပေါ်တွင်လည်း အားပြိုင်မှုများ ရှိလာမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြေရှင်းစရာ ပြဿနာများက အဆင်သင့် စောင့်ဆိုင်းနေကြပါသည်။

ဆိုလိုသည်မှာ အောင်မြင်သည့် ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ရာတွင်  ဥရောပတောင်ပိုင်းနှင့် လက်တင် အမေရိကနိုင်ငံများတွင် ပြီးခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း ကြုံတွေ့ခဲ့ရသည်ထက် ပို ခက်ခဲပါလိမ့်မည်။ ဆက်ဒမ် ဟူစိန် ကျဆုံးပြီးနောက်ပိုင်း အီရတ်နိုင်ငံ၏ အခက်ခဲအကြမ်းတမ်းဆုံး သွေးထွက်သံယိုအဖြစ်ဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုထက် ပိုမိုလွယ်ကူမည်ဆိုလျှင်တောင်  တောင်အာဖရိက ဖြတ်သန်းခဲ့ရသကဲ့သို့ ခက်ခဲပါလိမ့်မည်။

ကံကောင်းထောက်မသည့်အချက်မှာ မြန်မာနိုင်ငံတွင် လည်ပတ်နေသေးသည့် နိုင်ငံတော်အစိုးရ ရှိနေခြင်းပင် ဖြစ်သည်။ နိုင်ငံတော် စည်းလုံးညီညွတ်မှုနှင့် အာဏာကို ရာစုနှစ်တဝက်ကျော် နယ်စပ်ဒေသများတွင် တိုင်းရင်းသား သူပုန်များက စိန်ခေါ် တိုက်ခိုက်နေသော်လည်း (ဤနေရာတွင် မူးယစ်ဆေးကုန်သွယ်နေသည့် သူပုန်များ၊ ရာဇဝတ် ဂိုဏ်းများကို ဆိုလိုခြင်း မဟုတ်ပါ) မြန်မာနိုင်ငံတွင် ဗဟိုအစိုးရ ရှိနေသေးပြီး နိုင်ငံ၏ နယ်မြေအတော်များများတွင် အာဏာစက် သက်ရောက်အောင် ဖြန့်ကျက်နိုင်သည့် စွမ်းရည်ရှိပါသေးသည်။ ဆယ်စုနှစ်များစွာ ကြာအောင်မှားယွင်းအုပ်ချုပ်မှုနှင့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် အစိုးရ၏ အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အကြီးအကျယ် ဆုတ်ယုတ် ကျဆင်းရမှုများ ရှိနေသော်လည်း ၎င်းအနေဖြင့် နိုင်ငံတော်ပြိုလဲကျရှုံးရာမှ ပြန်လည်ထူထောင်ရခြင်း၊ တနိုင်ငံလုံး ပြည်တွင်းစစ် ဖြစ်ပွားနေပြီးမှ ပြန်လည် ထူထောင်လာရခြင်းမျိုး မဟုတ်ပါ။

သို့တိုင်အောင် မြန်မာနိုင်ငံအနေဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုအပြင် တပြိုင်နက်တည်းတွင် အခြားမျက်နှာစာပေါင်းစုံ အသွင်ကူးပြောင်းမှုများဖြင့် ရင်ဆိုင်နေရပြီး စစ်အုပ်ချုပ်ရေးမှ အရပ်ဖက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှု၊ လူနည်းစုက လက်ဝါးကြီးအုပ် ပိတ်ဆို့ထားသည့် စီးပွာရေးစနစ်မှ ပြိုင်ဆိုင်မှုရှိသည့် စီးပွားရေးစနစ်၊ တိုင်းရင်းသားများ စိတ်ဝမ်းကွဲနေသည့် နိုင်ငံတော်အဖြစ်မှ ပိုမို ရှင်သန်မှုရှိသည့် ပိုစုစည်းညီညွတ်သည့် နိုင်ငံတော်အဖြစ်သို့ အပြောင်းအလဲများကိုပါ ဆောင်ရွက်နေရပါသည်။ ထို့အပြင် အောင်မြင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများတွင် ပါလေ့ပါထရှိသည့် အခြေအနေအချို့လည်း ၎င်းတွင် ကင်းမဲ့နေပါသေးသည်။
ဥပမာအားဖြင့် တိုင်းပြည်တွင် ယခင် ဒီမိုကရေစီကျင့်သုံးဖူးသည့် အတွေ့အကြုံ ရှိဖူးခြင်း၊ အတန်အသင့် လူလတ်တန်းစားများ ရှိနေခြင်း၊ ခိုင်မာအားကောင်းသည့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ ရှိနေခြင်း၊ စုစည်းညီညွတ်သည့် နိုင်ငံရေး အတိုက်အခံ အင်အားစု ရှိနေခြင်း၊ ခေတ်မီ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာ ရယူနိုင်မှု ရှိနေခြင်း၊ ဒီမိုကရေစီကို လိုလားတွန်းအားပေးသည့် ဒေသဆိုင်ရာ ဝန်းကျင်အနေအထားတွင် ရှိနေခြင်း စသည့် အခြေအနေကောင်းများ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအတွက် အထောက်အပံ့ဖြစ်စေမည့် အလားအလာကောင်းများ ရှိနေပါသေးသည်။ ဒေါ်အောင်ဆန်းစုကြည်ဆိုသော အလွန်အမင်း ထူးခြားသည့်၊ အုပ်စုအားလုံးအပေါ် သြဇာတိက္ကမကြီးမားသည့် ဒီမိုကရေစီခေါင်းဆောင် ရှိနေပါသည်။  ဒီမိုကရေစီကို လိုလားတောင့်တပြီး ၎င်းအတွက် အကြိမ်ကြိမ် သတ္တိ ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည့် အရပ်ဖက် လူအဖွဲ့အစည်း ရှိနေပါသည်။ ထိုသို့ တောင်းဆိုတိုက်ပွဲ ဝင်ခဲ့ရာတွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည် နောက်ဆုံးအဖြစ်အပျက် ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် နိုင်ငံသားပြည်သူများကို ပညာပေးခြင်း၊ လှုံ့ဆော်ခြင်း၊ လေ့ကျင့်ပြင်ဆင်ပေးခြင်းများ လုပ်ဆောင်နေသည့် ထွန်းပေါ်စ အရပ်ဖက် လူမှုအဖွဲ့အစည်းများလည်း ရှိနေပါသည်။ အာဏာရှင်အစိုးရအတွင်း သဘောထား ပျော့ပြောင်းသူများက လွှမ်းမိုးချုပ်ကိုင်လာနိုင်ပုံရပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် မဟာဗျူဟာကျသည့် မက်လုံးအမျိုးမျိုးကို ကိုင်စွဲထားနိုင်ပုံလည်း ရပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်အစိုးရက ချမှတ်ထားခဲ့သည့် ပြုပြင်ပြောင်းလဲရေး အချိန်ဇယားကြောင့် မြန်မာနိုင်ငံတွင် အားသာချက်တခုလည်း ရှိနေပါသေးသည်။ ၎င်းမှာ အချိန်ဖြစ်သည်။ နိုင်ငံအဆင့် လွှတ်တော် ရွေးကောက်ပွဲများမှာ ၂၀၁၅ နိုဝင်ဘာလတိုင်အောင် ကျင်းပဖြစ်ဦးမည် မဟုတ်ပါ။ ဆိုလိုသည်မှာ အဟန့်အတားကြီးစွာ အခက်အခဲ ဖြစ်နေစေမည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ အင်စတီကျူးရှင်းဆိုင်ရာ ပြဿနာများကို ပြုပြင်ရန် ၃ နှစ် အချိန်ရဦးမည် ဖြစ်ပြီး ထိုသို့ ပြုပြင်နိုင်မှသာ အောင်မြင်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ပါလိမ့်မည်။ ထို့ကြောင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု ကာလအတွင်း မြန်မာနိုင်ငံ ကြုံတွေ့လာရနိုင်သည့် အဓိက စိန်ခေါ်မှုများကို လေ့လာကြည့်ကြပါစို့။ အဓိက စိန်ခေါ်မှုများတွင် အထူးသဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တိုင်းရင်းသားများအရေးကို ဖြေရှင်းကိုင်တွယ်နေပုံ စသည်တို့ကို ထိုအချိန် ၃ နှစ်တာ ကာလအတွင်း ဖြေရှင်းရမည် ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းများကို ပြန်လည် ဆွေးနွေးညှိနှိုင်းခြင်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် မျှော်လင့်ထားမှု မှန်သမျှသည် ၂၀၀၈ ခုနှစ်တွင် စစ်တပ်က ရေးဆွဲ ချမှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ကိုင်ရခက်ခဲသည့် လက်တွေ့ အရှိတရားများနှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။ ၎င်းဖွဲ့စည်းပုံကို ၂၀၀၈ ခုနှစ် မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဌာန်းခဲ့သော်လည်း လူအများစုကမူ ထိုဆန္ဒခံယူပွဲကို အတုအယောင် ဒီမိုကရေစီအဖြစ် ပြစ်တင်ရှုံ့ချခဲ့ကြပါသည်။ အတိုက်အခံ အင်အားစုများက သပိတ်မှောက်မည်၊ သို့မဟုတ် ဆန့်ကျင်မဲ (no vote) ပေးမည်ဟု ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကြသော်လည်း မဲဆန္ဒရှင် ၉၈ ရာခိုင်နှုန်း မဲလာပေးကြပြီး ၉၂ ရာခိုင်နှုန်းက ထောက်ခံမဲ ပေးခဲ့ကြသည်ဟု စစ်အစိုးရက အဓိပ္ပာယ်ကင်းမဲ့စွာ ကြေညာပါသည်။

ဆန္ဒခံယူပွဲ မတိုင်မီ ရက်ပိုင်းအတွင်းမှာပင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် တိုင်းပြည်တွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးထားရပါသည်။ ယင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကပင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် တံခါးဖွင့်ပေးခဲ့ပြီး ထိုသို့ ဖြစ်ပေါ်လာလိမ့်မည်ဟု ထိုအချိန်က မည်သူမျှ ထင်မြင်ခဲ့ခြင်း မရှိကြပါ။ သို့သော်လည်း မည်သည့် အတိုင်းအတာအထိ ပွင့်လင်းစေမည် ဖွင့်ပေးမည်နှင့် ပတ်သက်၍မူ အကန့်အသတ်များစွာ ရှိနေပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များကို သေချာ လေ့လာကြည့်မည်ဆိုလျှင် အာဏာရှင်စနစ်ကို ဆက်လက် အားကောင်းနေစေရန် ရည်ရွယ်ချက်ရှိနေပြီး အစိုးရ အထောက်အပံ့ပေးထားသည့် နိုင်ငံရေးပါတီက လာမည့် ရွေးကောက်ပွဲများတွင် အခြေမလှလျှင်ပင် စစ်တပ်က နိုင်ငံရေးတွင် ဗီတိုအာဏာ ကိုင်စွဲပြီး လွှမ်းမိုးထားမည့်သူအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

လက်ရှိ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ဒီမိုကရေစီသို့ ဦးတည်စေလိုသည် ဆိုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက် အတော်များများကို ပြုပြင်ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။ ယင်းသို့ ပြုပြင်သင့်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၂၀ဝ၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရန် လိုအပ်နေသည့်နေရာများ

ပုဒ်မ ၁၀၉ (ခ) နှင့် ၁၄၁ (ခ) ၎င်းပြဌာန်းချက်များအရ လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ် လေးပုံတပုံကို ခန့်အပ်နိုင်ခွင့်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ယူနီဖောင်းဝတ်ထားသူ လက်ရှိ စစ်တပ်အရာရှိ) က ရယူထားသည်။

ပုဒ်မ ၂၃၂ (ခ)၊ ၎င်းပြဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လာသည့် အမည်စာရင်းများထဲမှ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ကို (လက်ရှိ တပ်မတော်ဝန်ထမ်းများ အပါအဝင်) ပြည်ထောင်စု ဝန်ကြီးများအဖြစ် သမ္မတက ခန့်အပ်တာဝန်ပေးအပ်ရမည်။

ပုဒ်မ ၂၀၁၊ ပြဌာန်းချက်အရ လုပ်ပိုင်ခွင့်အာဏာ ကြီးမားသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အနည်းဆုံး ၆ နေရာကို စစ်တပ်အနေဖြင့် သေချာရအောင် စီမံထားပုံရသည်။

ပုဒ် ၅၉၊ ပြဌာန်းချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရည်အချင်း မပြည့်မီနိုင်အောင် ထိရောက်စွာ လုပ်ထားသည်။ အကြောင်းပြချက်မှာ သူက နိုင်ငံခြားသားနှင့် လက်ထပ်ထားပြီး သူ့သားများမှာ နိုင်ငံခြားသားများ ဖြစ်နေကြသည်။ (ဤနေရာတွင် မာရီ ကလဟန် ထောက်ပြထားသည်ကို သတိပြုဖွယ်ဖြစ်သည်။ သူတို့သားသမီးများ နိုင်ငံခြားတွင် ရှိနေကြသည့် စစ်တပ်အရာရှိများကိုလည်း ရွေးကောက်ပွဲ မဝင်နိုင်အောင် အဆိုပါပြဌာန်းချက်က ပိတ်ပင်ထားနိုင်သည်။ သို့အတွက်ကြောင့် ထိုပုဒ်မကို ဖျက်သိမ်းရန် အချို့သော စစ်တပ်အရာရှိများလည်း လိုလားနိုင်သည်။)

ပုဒ်မ ၆၀၊ ဤပြဌာန်းချက်တွင် သမ္မတကို သမ္မတရွေးချယ် တင်မြောက်ရေးအဖွဲဖြင့် ရွေးချယ်ရမည်ဟု ဖော်ပြထားပြီး လုပ်ငန်းစဉ်များက ခက်ခဲရှုပ်ထွေးပါသည်။ ယင်းသမ္မတ ရွေးချယ်ရေးအဖွဲ့တွင် လွှတ်တော် ၂ ရပ်နှင့် စစ်တပ်က ခန်အပ်ထားသည့် ကိုယ်စားလှယ်များပါ ပါဝင်သည်။ (ပြဌာန်းချက်အရ စစ်တပ်က ခန့်အပ်ထားသည့် ကိုယ်စားလှယ်များ အနေဖြင့် အုပ်စုအလိုက် မဲပေးကြမည်ဖြစ်ပြီး ဒုသမ္မတ ၃ ဦးအနက်မှ စစ်တပ်အတွက် တဦးကို ရွေးချယ်ရန် ယင်းတို့အနက်မှ တဦးကို သမ္မတအဖြစ် ရွေးချယ်ရန် ရွေးချယ်တင်မြောက်ရေး အဖွဲ့တွင် အာဏာရှိလာမည် ဖြစ်သည်။)

ပုဒ်မ ၄၀ (ဂ)၊ ဤပြဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ဖွဲစည်းပုံ အခြေခံဥပဒေ ပြဌာန်းပေးချက်အရ နိုင်ငံတော် အာဏာကို ရယူပိုင်ခွင့်၊ ကျင့်သုံးပိုင်ခွင့် ရှိနေပါသည်။ သို့သော် ထိုသို့ကျင့်သုံးဖို့လိုသော အခြေအနေများကို အတိအကျ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါ။ နိုင်ငံတော် အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း။ သိုမဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို ဖွဲစည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားသည်။ အခန်း (၁၁) တွင်လည်း နိုင်ငံတော် သမ္မတက အရေးပေါ်အခြေအနေကို ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တခြားထိပ်တန်း အရာရှိများနှင့် တိုင်ညှိနှိုင်းပြီး ကြေညာခွင့် ရှိသည်ဟု ဖော်ပြထားသည်။ ထိုသို့ ကြေညာသည့် အကြောင်းကိစ္စကို သမ္မတက လွှတ်တော်သို့ တင်ပြရမည် ဖြစ်သည်။ သို့သော်လည်း ခွင့်ပြုထားချက် အားလုံးကို ခြုံငုံစဉ်းစားပါက အရေးပေါ်အခြေအနေ ကြေညာခွင့်နှင့်အတူ စစ်အစိုးရဟောင်းသို့ ပြန်သွားရန် လိုင်စင်ပေးထားသလို ဖြစ်နေခြင်း အခြေအနေ ဆိုးရွားလာပါက အခြား အခြေခံ အခွင့်အရေးများကို ဆိုင်းငံ့ပိတ်ပင်ထားရန် ခွင့်ပြုထားခြင်းတို့မှာ လွန်ကဲလွန်းနေပါသည်။

ပုဒ်မ ၂၀ (ခ)၊ ဤပြဌာန်းချက်အရ လက်နက်ကိုင်တပ်များနှင့် ပက်သက်ပြီး လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆုံးဖြတ်ပိုင်ခွင့် အားလုံးကို တပ်မတော်ကို ပေးထားရာ စစ်တပ်ကို အရပ်သား ထိန်းချုပ်မှုအားလုံး၊ ကြီးကြပ်စစ်ဆေးမှုအားလုံးမှ (အကယ်၍ အနာဂတ် ကာလအစိုးရများတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများတွင် စစ်တပ်အရာရှိက ဩဇာလွှမ်းမိုးမှု မရှိတော့ပါက) ကင်းလွတ်ခွင့် ပေးထားသလို ဖြစ်နေသည်။

အခန်း (၈)၊ နိုင်ငံသားတို့၏ မူလအခွင့်အရေးများ အခန်းတွင် အရပ်ဖက် လွတ်လပ်ခွင့်များကို အာမခံချက် ပေးထားရာတွင်လည်း “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်” ဟူသည့် အကန်အသတ်ဖြင့်သာ ဖြစ်သည်။ လိုသလို အဓိပ္ပာယ် ကောက်ယူနိုင်လွန်းသော ခြွင်းချက်များ ဖြစ်သည်။

သမ္မတကို တိုက်ရိုက် ရွေးချယ်တင်မြှောက်ခြင်း မဟုတ်သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်အရ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာသည် ကြီးမားပါသည်။ သမ္မတက အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင်ရုံမျှမက ရွေးကောက်ပွဲ ကော်မရှင် လူကြီးများကိုလည်း ခန့်အပ်ထားခွင့် ရှိပါသည်။ သို့သော်လည်း စစ်သားမဟုတ်သူ တယောက်က သမ္မတ ဖြစ်လာလျှင်ပင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နေရာအများစု ရရှိထားသည့် စစ်တပ်က မတန်တဆ အာဏာ ရယူထားမည် ဖြစ်ပါသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုကို လိုအပ်သည့်အတွက်ကြောင့် နိုင်ငံတော်အဆင့် လွှတ်တော်များတွင် စစ်တပ်က ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထားသည့်အတွက် ဖွဲ့စည်းပုံပြောင်းလဲရန် ကြိုးပမ်းမှုတိုင်းကို စစ်တပ်က ပိတ်ပင်တားဆီးနိုင်မည် ဖြစ်သည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ ဒီမိုကရက်များအဖို့ အရေးတကြီး ချက်ချင်းဖြေရှင်းရမည့်  ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ သူတို့က လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေများအတိုင်း ကစားပွဲဝင်မည်ဆိုလျှင် (ရွေးကောက်ပွဲများက ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်လွှတ်တော် ရွေးကောက်ပွဲများအတိုင်း တရားမျှတမည်ဆိုလျှင်) အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ခုစလုံးတွင် နေရာအများစု အနိုင်ရဖွယ်ရှိပါသည်။ ထို့နောက် သူတို့က သမ္မတကို ရွေးကောက်တင်မြှောက်နိုင်သော်လည်း လက်ရှိ ဖွဲစည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို မတင်မြှောက်နိုင်ပါ။ သို့တိုင်အောင် ယင်းအနေအထားတွင် သူတို့က အလွန်အမင်း အပြစ်အနာအဆာ များနေသည့် ဒီမိုကရေစီစနစ်တွင် ရုန်းကန်နေရဦးမည် ဖြစ်ပါသည်။ တပ်မတော် ကိုယ်စားလှယ်များက သူတို့ ရပ်တည်ချက်ပြောင်းလာမှသာ အချို့သော ဥပဒေများကို ပြုပြင်ပြောင်းလဲနိုင်ဖွယ် ရှိပါသည်။ ထိုသို့ ရပ်တည်ချက် ပြောင်းရန်မှာလည်း မလွယ်ကူလှပါ။ စစ်တပ်မှ ကိုယ်စားလှယ်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူ၏ဆန္ဒအလျောက် ပြောင်းလဲအစားထိုးခွင့်ကို ရယူထားသောကြောင့် ရပ်တည်ချက်ပြောင်းရန်မှာ ပိုမို ခက်ခဲသွားရပါသည်။

အကယ်၍ ၂၀၀၈ ခုနှစ်ဖွဲစည်းပုံ အခြေခံဥပဒေကိုသာ မပြောင်းလဲ မပြင်ဆင်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် ကြားစပ်ကပြား ဒီမိုကရေစီစနစ်အတွင်း အချိန်ကာလ အကန့်အသတ်မရှိ ပိတ်မိနေဖွယ် ရှိပါသည်။ တစိတ်တပိုင်းတွင် ဒီမိုကရေစီ ဖြစ်သော်လည်း တစိတ်တပိုင်းတွင် စစ်တပ်က လွှမ်းမိုးချယ်လှယ်နေနိုင်ပါသည်။ ထိုသို့ သဘောသဘာဝချင်း မတူသည့် အင်အားနှစ်ခုကြား ပြိုင်ဆိုင်ရာမှ ပြန်လည် ချိန်ညှိဖြေရှင်းရန် မဖြစ်နိုင်သည့် တင်းမာမှုများ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့မဟုတ် စစ်တပ်က သြဇာလွှမ်းမိုးထားသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာနိုင်သောကြောင့် ဒီမိုကရေစီ ဘက်တော်သားတယောက် သမ္မတဖြစ်လာကာ အရပ်သားအုပ်ချုပ်မှုနှင့် တရားဥပဒေ စိုးမိုးမှုကို စစ်တပ်က လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်ပြီး ကြိုးစား လုပ်ဆောင်လာမည်ဆိုလျှင် ရွေးကောက်ပွဲအရ တက်လာသော အစိုးရသည် စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုကို လည်စင်းခံသွားရနိုင်ပါသည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံအတွက် ရေတို ဒီမိုကရေစီ အလားအလာမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီတွင် ဖွဲစည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်း ပြင်ဆင်ပြီး လက်ခံကျင့်သုံးနိုင်မည်လား ဆိုသည့်အပေါ် အကြီးအကျယ် တည်မှီနေပါသည်။ နိုင်ငံရေးအရ ဥပဒေများနှင့် ဖွဲစည်းပုံများအပေါ် နှစ်ဖက်သဘောတူညီမှု ရှာယူကြရန် အကြောင်းအချက် နှစ်ခု ရှိနေပါသည်။ ပထမအချက်မှာ အစိုးရက ဒီမိုကရေစီ အင်အားစုများ၏ ထောက်ခံမှုကို လိုအပ်ပါသည်။ အထူးသဖြင့် အကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီ၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှသာ လူထု ယုံကြည်လက်ခံမည် ဖြစ်သည်။ ယုံကြည်အားထားရသည့် ရွေးကောက်ပွဲများ ကျင်းပမှသာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆောင်ရွက်သည့် ပုံမှန် အစိုးရအဖြစ်သို့ ရွေ့လျား ပြောင်းလဲသွားပြီဟု လက်ရှိအစိုးရက ပြောဆိုနိုင်မည် ဖြစ်သည်။ သို့မှသာ ကျန်ရှိနေသည့် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုများ ပွင့်သွားမည် ဖြစ်ပါသည်။

ထို့အပြင် လက်ရှိကျင့်သုံးနေသည့် မဲများသူ အနိုင်ယူစတမ်းစနစ် First-Past-The-Post (FPTP) သည် NLD  ပါတီကိုသာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ကျန်ပါတီများအတွက် အကျိုးဖြစ်ထွန်းစေမည် မဟုတ်ကြောင်းကို အစိုးရက စတင် သဘောပေါက်လာသကဲ့သို့ တိုင်းရင်းသား လူနည်းစုပါတီ အများစုနှင့် သေးငယ်သည့် (အဓိကအားဖြင့် ခွဲထွက်) ဒီမိုကရေစီ ပါတီများသည်လည်း သဘောပေါက်လာကြသည်။ မင်းဇင်နှင့် ဘရိုင်ယန် ဂျိုးဇက်ဖ်တို့ မှတ်ချက်ပြုထားသကဲ့သို့ အဆိုပါ မဲများသူ အနိုင်ယူစတမ်းစနစ် (FPTP) ကြောင့် NLD သည် ၁၉၉၀ ခုနှစ် မေလတွင် တောင်ပြိုကမ်းပြို အနိုင်ရသလို ယခုမရနိုင်သည့်တိုင် နေရာအများစုတွင် အနိုင်ရပါမည်။ ထိုအချိန်က NLD အမတ်များက စုစုပေါင်း မဲအရေအတွက် ၆၀ ရာခိုင်နှုန်းကျော်ကို နိုင်သော်လည်း အမတ်နေရာ ၈၁ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ စစ်အစိုးရ လိုလားသည့် ပါတီက ဆန္ဒမဲ ၂၀ ရာခိုင်နှုန်း အနိုင်ရရှိသော်လည်း ကိုယ်စားလှယ် နေရာ ၂ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်က ပြသခဲ့သကဲ့သို့ ၎င်းမဲများသူ အနိုင်ယူစနစ် (FPTP) ကြောင့် NLD အကြီးအကျယ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရသည် ပေးထားသောကတိများကို နောက်ပြန်ဆုတ် ဖောက်ဖျက်ခဲ့သည်။ ကတိဖျက်မှုကြောင့် ပေးဆပ်ရသော တန်ဖိုးများ ကြီးမားခဲ့ပါသည်။ ထိုအချိန်တွင် နိုင်ငံရေးကို စစ်အစိုးရက ကြားဝင်စွက်ဖက်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့သည်။ NLD ခေါင်းဆောင် အများစုလည်း ပြည်ပသို့ ထွက်ပြေးခဲ့ရသည့် အခြေသိ့ု ဆိုက်ရောက်ခဲ့သည်။

(ဒုတိယပိုင်း ဆက်လက် ဖော်ပြပါမည်)

(၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် Journal of Democracy, အတွဲ ၂၃၊ အမှတ်စဉ် ၄၊ The Opening in Burma [မြန်မာနိုင်ငံတွင် ပွင့်လင်းလာခြင်း] မှ လာရီ ဒိုင်းမွန်း (Larry Diamond) ၏ “The Need for a Political Pact” ကို ဘာသာပြန်ဆိုပါသည်။ လာရီ ဒိုင်းမွန်းသည် Journal of Democracy ၏ ပူးတွဲအယ်ဒီတာဖြစ်ပြီး စတန်းဖို့ဒ်တက္ကသိုလ် Hooover Institution and the Freeman Spogli Institute for International Studies မှ အဆင့်မြင့် ပညာရှင်တဦး ဖြစ်ပါသည်။ စတန်းဖို့ဒ်တက္ကသိုလ် Center on Democracy, Development, and the Rule of Law ၏ ညွန်ကြားရေးမှူးလည်း ဖြစ်သည်။ မကြာသေးမီက သူသည် မြန်မာပြည်သ့ို သွားရောက် လည်ပတ်ခဲ့သည်။)

Loading