ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပွားလျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း မဟာဆင်၏ အခြေအနေအား အမြဲမပြတ် စောင့်ကြည့်နေပြီး မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ပြင်ဆင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရက ပြောသည်။
“မုန်တိုင်းသတင်းကို နောက်ဆုံးအခြေအနေ အကုန်လုံးတောက်လျှောက် စောင့်ကြည့်နေပါတယ်။ မိုးလေဝသဌာနနဲ့လည်း ဆက်စပ်ပြီး အမြဲတမ်း သတင်းရယူ နေပါတယ်။ ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ အစိုးရအဖွဲ့ရယ် ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေရယ် ပူးပေါင်းပြီးတော့ သဘာဝဘေးအန္တရာယ် ကျရောက်လို့ရှိရင် ချက်ခြင်းကူညီ ကယ်ဆယ်ဖို့ စီမံချက်တွေ အပြည့်အစုံ ဆွဲထားပြီးပါပြီ။ ဖြစ်လာမယ်ဆိုရင် ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ဆန်လိုမျိုး စားနပ်ရိက္ခာတွေ အဆင်သင့် စုထားပါတယ်”ဟု တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့အရှေ့ဘက် မိုင် ၃၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ တိုက်ခတ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာဆင်မှာ မေလ ၁၃ ရက် နေ့လည်ပိုင်းမှ စတင်၍ အရှေ့မြောက်ဘက်သို့ ကွေ့ကာ မေလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းရှိ မောင်တောဒေသနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဌာနမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် မုန်တိုင်းဗဟိုချက်အနီး၌ လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၅၀ မှ ၆၀ နှုန်းခန့် ရှိနေပြီး အဝါရောင်အဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားသည်။
မောင်တောနှင့်စစ်တကောင်းဒေသများသို့ ဖြတ်ကျော်ချိန်တွင် မုန်တိုင်းမှာ တနာရီလျှင် မိုင် ၁၀၀ မှ ၁၁၀ နှုန်းခန့်၊ ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁၅ ပေခန့်နှင့် ကမ်းစပ်တွင် မုန်တိုင်းဒီရေ ၅ ပေမှ ၇ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အစိုးရ၏ မုန်တိုင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငါးဖမ်းသင်္ဘောများ မြစ်ဝကျွန်းပေါ်ဒေသ၌ မုန်တိုင်းရှောင်ရှားမည်ဆိုပါက ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာနှင့် ကဒုံကနိကျေးရွာများတွင် နားခိုကာ မုန်တိုင်းကို ရှောင်ရှားနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မုန်တိုင်းနှင့်ပတ်သက်၍ မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို မြန်မာ့အသံရေဒီယို၊ မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ FM များ၊ နေ့စဉ်သတင်းစာများတွင် စဉ်ဆက်မပြတ် ဖော်ပြပေးနေသည့်အတွက် ပြည်သူများအနေဖြင့် သတိလက်လွတ်မနေဘဲ ဂရုတစိုက် နားထောင်ကြရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းအစိုးရက ပုသိမ်ဆိပ်ကမ်း တလျှောက်၌ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ စည်းရုံးဟောပြော ပညာပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ပင်လယ်ကမ်းခြေအနီးတွင် တည်ရှိသည့် ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ ဘောမိကျေးရွာမှ ဒေသခံတဦးက “ကျနော်တို့တော့ မုန်တိုင်းသတင်းကို အမြဲစောင့်နားထောင်နေတယ်။ အခြေအနေဆိုးတာနဲ့ ဘေးလွတ်ရာကိုပြေးဖို့ အထုပ်အပိုး ပြင်ထားတယ်”ဟု ပြောသည်။
သို့သော် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ခရီးသွားလုပ်ငန်းနှင့် ပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်ခြင်းမရှိဘဲ ပုံမှန်အတိုင်းလည်ပတ်လုပ်ကိုင်နေကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
ပုသိမ်မြို့မှ ရန်ကုန်၊ ငပုတော၊ သာပေါင်း၊ ဖျာပုံမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ရေယာဉ်များမှာ ပုံမှန်အတိုင်းပြေးဆွဲနေပြီး နာမည်ကျော် ချောင်းသာနှင့် ငွေဆောင် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသို့လည်း ခရီးသွားများဝင်ရောက်မှုလျော့ကျခြင်း မရှိကြောင်း သိရသည်။
“ခရီးသွားတွေတော့ ပုံမှန်အတိုင်းပဲ ဝင်နေတာပဲဗျ။ မုန်တိုင်းရှိလို့ လျော့သွားတာမျိုး မရှိဘူး။ ကျနော်တို့ဟိုတယ်မှာဆိုရင် အခန်းအားလုံးရဲ့ တဝက်ကျော်ကျော်လောက်က လူပြည့်နေတယ်။ ကျန်ဟိုတယ်တွေလည်း ဒီလိုပဲ”ဟု ချောင်းသာကမ်းခြေရှိ AMBO ဟိုတယ် မန်နေဂျာ ဦးအောင်သန်းက ပြောသည်။
အကယ်၍ မုန်တိုင်းအရေးပေါ်အခြေအနေ ဖြစ်လာခဲ့ပါက ခရီးသွားများအား ဘေးလွတ်ရာသို့ အလျင်အမြန်ပို့ဆောင်ပေးရန် ကြိုတင်စီမံထားကြောင်း သူက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ရာ လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂ ဒဿမ ၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။