ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အဖြစ် မြစ်ကြီးနားမြို့၌ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် လာမည့် မေလ တတိယအပတ်၌ တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးလှမောင်ရွှေက ပြောသည်။
အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ပြီး ၂၀၁၂ ခု ဒီဇင်ဘာလဆန်းမှ စ၍ တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။ ယခုနှစ် မတ်လအတွင်း အထိ တိုက်ပွဲများ ဆက်ဖြစ်နေပြီး မတ်လနှင့် ဧပြီလအတွင်း အစိုးရနှင့် KIO အဖွဲ့တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း မတွေ့ဆုံဖြစ်ခဲ့ပေ။
ဦးလှမောင်ရွှေက“အကြမ်းဖျဉ်းကတော့ လာမယ့် တတိယပတ်ကို မှန်းထားတယ်။ အသေးစိတ်ကတော့ ပြောမရသေးဘူး။ နီးမှထပ်ထွက်မယ်။ နှစ်ဘက်စလုံးက သက်ဆိုင်တဲ့လူတွေ အကုန်တက်ကြမယ်လို့ ထင်တယ်”ဟု ပြောသည်။
ကချင် ခေါင်းဆောင်ပိုင်းဘက်သို့ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ နေ့စဉ်အလွတ်သဘော ညှိနှိုင်းလျက် ရှိခြင်းကြောင့် ယခုဆွေးနွေးပွဲ၌ အဆင်ပြေနိုင်မည်ဟုလည်း ဦးလှမောင်ရွှေက ဆက်ပြောသည်။
ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆွေးနွေးပွဲကို ထိခိုက်စေမည်မဟုတ်ကြောင်း၊ ယင်းသို့တွေ့ဆုံရာ၌ ရှေ့တန်း စစ်မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသင့်ကြောင်း KIOအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြော ဆိုထားသည်။
လက်ရှိဆွေးနွေးမှုများတွင် တရုတ်နိုင်ငံက ပါဝင်လွှမ်းမိုးနေသည် ဟူသော သတင်းများနှင့်ပတ်သတ်၍ ဦးလှမောင်ရွှေက“နိုင်ငံက လွတ်လပ်တဲ့အချုပ် အခြာနိုင်ငံတစ်ခုပါ။ ဦးအောင်မင်းလည်းအဲဒီမှာပါတဲ့ UNFC(ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ)နဲ့ KIOဘက်ကိုပြောပါတယ်။ အကြိမ်ကြိမ်ပြောပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီတာကို ဘယ်သူ့ကိုမဆို ကြိုဆို တယ်။ ဒါပေမယ့် ဘယ်သူကမှ လွှမ်းမိုးလို့မရဘူးလို့ ဦးအောင်မင်း ရှင်းတယ်”ဟု ပြောသည်။
ယခု ကျင်းပမည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကချင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူနှင့် ဦးခက်ထိန်နမ် တို့လည်း ပါဝင်တက်ရောက်ခွင့် ရထားကြောင်း ဒေါ်ဒွဲဘူ က ပြောပြသည်။
“ဧပြီ ၆ ရက်နေ့အတွက် ဖိတ်ထားတာ မလုပ်ဖြစ်တော့ ဒီတခေါက်က ဘယ်မှာလုပ်ဖြစ်မယ် မသိဘူး။ ဆွေးနွေးပွဲမှာ KIAနဲ့ တွေ့ဖို့ အရေးပိုကြီးနေတယ်။ လွှတ်တော်နဲ့ပတ်သက်ပြီး သူတို့အယူအဆတွေ ပြောင်းလဲဖို့ ကျမပြောပြမယ်။ အချင်းချင်းတွေ့ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်ကို အယုံကြည်မရှိဖြစ်တဲ့အပေါ်မှာ အားလုံးမယုံတာထက် လက်ရှိပြောင်းလဲ လာတဲ့အပေါ်ကို တကယ်ထဲထဲဝင်ဝင် လုပ်နေတဲ့သူအနေနဲ့ ပြောပြရမှာတွေ ရှိတယ်။ တိုင်းပြည်ပြောင်းလဲမှုမှာ အများကြီး သူတို့ ကွာဟသွားပြီ။ အမှန်တကယ် လုပ်ဆောင်နေတဲ့ ကျမတို့က ဘယ်လိုအနေအထား ရှိလဲ ပြောပြဖို့လိုတာပေါ့”ဟု ဒေါ်ဒွဲဘူက ဆို သည်။
ဒေါ်ဒွဲဘူနှင့် ဦးခက်ထိန်နမ် တို့တွင် ဒေါ်ဒွဲဘူမှာ ယခုတကြိမ်မှ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပထမဆုံး တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ် ကြောင်း၊ ဦးခက်ထိန်နမ်မှာမူ ယခင်ကလည်း တက်ရောက်ခဲ့ဖူးသူ ဖြစ်သည့်အပြင် ရှမ်းငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်လည်း တက်ရောက်ခွင့်ရခဲ့ဖူးသူ တဦးဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို ယခုနှစ်မကုန်မီအတွင်း လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန် က လမ်းညွှန်ထားသည့်အတွက် ဖော်ဆောင်နေကြောင်း၊ အဆိုပါဆွေးနွေးပွဲကို သမ္မတသစ် မတက်ခင် အချိန်တွင် ပြီး စီးရေး ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
“သမ္မတကြီးက ဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါမယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါမယ်။ နိုင်ငံရေးပါတီ တွေ ပါမယ်။ လူမှု အဖွဲ့အစည်းတွေ ပါမယ်။ နိုင်ငံတကာ ပညာရှင်တွေ ပါမယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေနဲ့ အစိုးရအဖွဲ့ ညှိနှိုင်းစရာတွေ ညှိနှိုင်းမယ်၊ ပြီးရင် ဒီညီလာခံကို လုပ်ဆောင် သွားမှာပါ”ဟု ဦးလှမောင်ရွှေက ပြောသည်။
KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှာ မိုင်ဂျာယန်တွင် ၂ ကြိမ်၊ ထိုင်းနိုင်ငံ ချင်းဆိုင်တွင် တကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ၂ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ယခုအခါ သတ္တမ အကြိမ်မြောက် တွေ့ဆုံမှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ က ပြောဆိုသည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ် စဲခဲ့သည်။