သတင်းတို

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး NLD စတင် စည်းဝေး

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဥပဒေဆိုင်ရာ အစည်းအဝေး တရပ်ကို ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစည်းအဝေး တက်ရောက်ခဲ့ကြောင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေရေးရာကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့်ပြဋ္ဌာန်းချက်များကို အသေးစိတ် စတင်ဆွေးနွေးခဲ့ကြပြီး လတ်တလော မည်သည့် အချက်များ ဆွေးနွေးသည်ကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း၊ မေလ ၂၇ ရက်နောက်ပိုင်းမှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် NLD က ပြင်ဆင်စေလိုသော အချက်အလက်များကို တရားဝင်ထုတ်ဖော်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ အတည်ပြု ပြောသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ရမယ့်ပြဋ္ဌာန်း ချက်တွေကိစ္စ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စတင်ဆွေးနွေးမှုတွေလုပ်နေပါပြီ။ လက်ရှိမှာတော့ ဘာကိုမှ ထုတ်ဖော်ပြောလို့မရသေးပါဘူး။ အချောကိုင်ပြီးတဲ့အခါမှာတော့ ထုတ်ဖော်ပြောပါ့မယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှန်တကယ်ပြင်ဆင်ရန် ဆန္ဒရှိမည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

Loading