ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)နှင့် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ တို့သည် စနေနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တန့်ယန်းမြို့ ရန်အောင်မြင် ရိပ်သာတွင် တွေ့ဆုံဆွေးနွေး ကြကြောင်း သတင်း ရရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ဗိုလ်မှူး ခေးမောဝ်း နှင့် ဗိုလ်မှူး စိုင်းလ တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ရှေ့လျှောက် ပြဿနာ ဖြစ်လာရင် အကြမ်းနည်းနဲ့ ပစ်ခတ်ပြီး မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးကြဖို့ သဘောတူညီချက် ရခဲ့တယ်။ ကျနော်တို့ ဘက်ကနေ အခု လတ်တလော ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ နမ့်ခမ်းမှာ တိုက်ပွဲ ဖြစ်တဲ့ ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ပါတယ်။ လက်ရှိအနေနဲ့ကတော့ တန့်ယန်းဒေသမှာ အပစ်ရပ်စဲပြီးတော့ စစ်ဘေးရှောင်တွေ ကိုယ့်ရွာကိုယ် ပြန်နိုင် ဖို့ အဓိက အကောင်အထည် ဖော်သွားမယ်”ဟု ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က ဧရာဝတီ ကို ပြောသည်။
မတ်လနှင့် ဧပြီလအတွင်း အစိုးရ စစ်တပ်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ နီးပါး တန့်ယန်းမြို့ပေါ်သို့ ရောက်ရှိ ခိုလှုံနေရသည်။
“စစ်ပွဲတွေ ပြီးပါပြီ၊ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖို့ ကြိုးစားပါတော့မယ်ဆိုပြီး ဒုက္ခသည်တွေကို ဗိုလ်မှူး စိုင်းလ တို့ လိုက် နှုတ်ဆက် တော့ သာဓုတောင် ခေါ်ကြတယ်။ ကျနော်တို့ မြို့ခံတွေနဲ့တော့ ဘာမှ ကောင်းကောင်း မဆွေးနွေးလိုက်ရဘူး။ သူတို့က ပြန်လို့ ရပါပြီ ပြောသွားပေမယ့် ကျနော်တို့နဲ့ စစ်ဘေးရှောင်တွေ ဆွေးနွေး အခြေအနေကြည့်ပြီးမှ ပြန်ကြဖို့ စီစဉ်ထားတယ်”ဟု တန့်ယန်းမြို့နယ် ပလောင်စာပေနှင့် ယဉ်ကျေးမှု အသင်းမှ ဦးမောင်ကိုက ဧရာဝတီကို ပြောသည်။
အပစ်အခတ် ရပ်စဲထားချိန်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၏ တပ်စခန်းများကို အစိုးရ စစ်တပ် က အင်အားသုံး ဖယ်ရှားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ နယ်မြေသတ်မှတ်မှု ကိစ္စကို အရေးတကြီး တွေ့ဆုံ ဆွေးနွေးရန် လိုကြောင်း ဗိုလ်မှူး စိုင်းလက ပြောဆိုသည်။
“စစ်ဘက်ဆိုင်ရာ နယ်မြေသတ်မှတ်မှု ကိစ္စတွေ ဆွေးနွေးဖို့ တောင်ကြီးမှာ ထပ်တွေ့မယ်လို့ ကျနော်တို့ အကြမ်းအဖျင်း သတ်မှတ် ထားတယ်။ ရက် အတိအကျတော့ မသတ်မှတ်ရသေးဘူး။ အခု တွေ့ဆုံပွဲကနေစပြီးတော့ ကျနော်တို့ တပ်တွေကို ထပ်မရွှေ့ ခိုင်း ဘူးလို့တော့ ပြောသွားပါတယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသော ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ ခုကို ဆုတ်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက မတ်လ ၂၅ ရက်နေ့က လားရှိုးမြို့ ရွှေလီရိပ်သာတွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းက တပ်စခန်းများ ဆုတ်ခွာပေးခြင်း မရှိသဖြင့် မတ်လ ၂၈ ရက်နေ့မှ စတင်၍ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA) ၏ စစ်ဒေသ ၇၀၁ တည်ရှိရာ နမ့်ခမ်းမြို့နယ် နောင်မကျေးရွာကိုလည်း မြန်မာ့ တပ်မတော်က မေလ ၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။
SSPP/SSA၊ RCSS/SSA နှစ်ဖွဲ့စလုံးသည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည်။