သတင်း

တရုတ်ပိုက်လိုင်းများ အချိန်မီ မပြီး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံသို့ ရောင်းချမည့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် စာချူပ်သက်တမ်းအရ ယခုလအကုန်တွင် ဓာတ်ငွေ့များပို့လွတ်နိုင်ရန် ဓာတ်ငွေ့သန့်စင် စက်ရုံ နှင့် ဓာတ်ငွေ့များအဆင်သင့်ရှိနေပြီး ဖြစ်သော်လည်း တရုတ်ကုမ္ပဏီများဘက်မှ ပိုက်လိုင်းများ တပ်ဆင်၍ မပြီးဆုံးသေးကြောင်း မဒေးကျွန်းသို့ မကြာခင်က သွားခဲ့သော ဧရာဝတီက သိခဲ့ရသည်။

သသာဝဓာတ်ငွေ့ပိုက်လိုင်း နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအား ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီတို့မှ အဓိက တာဝန်ယူထားပြီး တွဲဘက်ကန် ထရိုက်များအနေဖြင့် ကိုရီးသားပိုင် ဒေးဝူးကုမ္ပဏီနှင့် အိန္ဒယနိုင်ငံမှ Punj Loid ကုမ္ပဏီတို့မှ တာဝန်ယူထားသည်။

CNPC ၊ ဒေးဝူး နှင့် Punj Loid ကုမ္ပဏီ များကနေ တွဲဘက် ကန်ထရိုက်ချပေးထားသော တရုတ်ကုမ္ပဏီများ အများအပြားရှိကြပြီး၊ ဒေးဝူးကုမ္ပဏီမှ ကိုရီးယားကုမ္ပဏီ ၄ခုနှင့် မြန်မာကုမ္ပဏီ ၂ခုအား ကန်ထရိုက်ပေးထားသည်။

“ ကျနော်တို့ဆီမှာက ဂတ်စ်တွေ အဆင်သင့်ရှိနေပြီ” ဟု ဓာတ်ငွေ့သန့်စင် စက်ရုံ တည်ဆောက်ရေး တာဝန်ယူထားသော MGCကုမ္ပဏီမှ Equipment Operation Manager ဦးတင်မျိုးက ပြောသည်။ Myanmar Golden Crown (MGC) ကုမ္ပဏီက မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ပြီး ဒေးဝူးကုမ္ပဏီထံမှ တွဲဘက်ကန်ထရိုက် ယူထားခြင်းဖြစ်သည်။ ဦးတင်မျိုးက “ သူတို့က ဒီဒေသရဲ့မြေအနေထားနဲ့ ပတ်သက်ပြီးတော့ သဘာဝဘေးအန္တရာယ် စစ်ဆေးမှုတွေ လုပ်ထားတာ မရှိတော့ လုပ်ငန်းခွင်ပြသနာဖြစ်တိုင်း ကျနော်တိုကန်ထရိုက်သမားတွေက ခံနေရတယ်၊ သူတို့ချပေးတဲ့ ဘက်ဂျက်နဲ့ မလောက်တော့ ကျနော်တို့တွေ ထင်ထားသလောက် ပြန်မရဘူး” ဟု ဆိုသည်။

ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍ တရုတ်-မြန်မာနှစ်ဖက် အစိုးရတို့ ချူပ်ဆိုထားသော စာချူပ်ပါ အချက်များအား ကန်ထရိုက်သမားများ သာမက ခရိုင်အဆင့်တာဝန်ရှိသူများပင် သိခွင့်မရှိကြကြောင်း၊ တွဲဘက် ကန်ထရိုက်ယူထားသူများ နှင့် ချူပ်ဆိုသော စာချူပ်များတွင်လည်း အဓိက ကန်ထရိုက်ကြီးများမှ အသာစီး တောင်းဆိုထားချက်များကြောင့် ကန်ထရိုက်ကို ဆက်လက်မယူနိုင်တော့ဘဲ လုပ်ငန်းရပ်ဆိုင်းလိုက်ရသော ကုမ္ပဏီများရှိခဲ့ပြီး ယင်းထဲတွင် ကိုရီးယားနိုင်ငံသားပိုင် ကုမ္ပဏီ တခုပင် ပါဝင်ကြောင်း သိရသည်။

ယင်းသည် ယခင်အပတ် တရုတ်ပြည် ယူနန်ခရိုင် ဒု အုပ်ချုပ်ရေးမှူး ကောင်ရှုဇွန်းက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဇွန်လတွင် စတင်လည်ပတ်ရန်ရှိပြီး ရေနံပိုက်လိုင်းကို ယခုနှစ်အကုန် သို့မဟုတ် နောင်နှစ်ဆန်းတွင် စလည်ပတ်ရန် ရှိကြောင်း ပြောကြားထားမှုအပေါ် သံသယဖြစ်စေသည်။

စီမံကိန်းကာလ သတ်မှတ်ချက်အရ သဘာဝဓာတ်ငွေပိုက်လိုင်းနှင့် ဓာတ်ငွေ့သန့်စင် စက်ရုံမှာ မေလအကုန်တွင် အဆုံးသတ်ရမည် ဖြစ်သကဲ့သို့ ရေနက်ဆိပ်ကမ်းမှာလည်း စက်တင်ဘာလတွင် ပြီးဆုံးရမည်ဖြစ်သည်။

ကန်ထရိုက်ပေးထားသော သက်တမ်းအရ မေလအကုန်တွင် အားလုံးအပြီးသတ်ရမည်ဖြစ်ပြီး  လုပ်ငန်းမပြီးပြတ်သေးသော ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ ကန်ထရိုက်ပိုင်ရှင်များအား လျော်ကြေးပြန်လည် ပေးရမည်ဟု သိထားသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းက  ရခိုင်ပြည်နယ် ကျောက်ဖြူကနေ စတင်၍ မကွေးတိုင်း ၊မန္တလေးတိုင်း၊ ရှမ်းပြည်နယ် ကိုဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်မြို့တွင် အဆုံးသတ်မည်ဖြစ်ပြီး ၊ ဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ ယခုနှစ်မှစတင်၍ နှစ်၃၀ ရောင်းချမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံခန့်အထိ မြန်မာအစိုးရက ရရှိမည်ဖြစ်သည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ တနှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည်ဖြစ်ပြီး ရေနံပိုက်လိုင်းမှာ တနှစ်လျှင် တန်ချိန် ၂၂ သန်း တင်ပို့နိုင်မည်ဖြစ်သည်။

ယင်းသို့ မရေရာမှုများရှိနေချိန်တွင် ကချင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ မပြီးဆုံးသေးသောကြောင့် ပိုက်လိုင်းလုံခြုံရေးကို စိုးရိမ်၍ သတ်မှတ်ထားသော အချိန်တွင် စတင်လည်ပတ်နိုင်ဦးမည်မဟုတ်ဟု အမည်မဖော်ထားသော အရာရှိများကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုသည်။ ဓာတ်ငွေ့ပိုက်လိုင်းသည် လူမျိုးစု ပဋိပက္ခများဖြစ်ပွားနေသည့် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် မြို့နယ်ပေါင်း ၂၁ ခုကိုဖြတ်သန်းသွားပြီး မြန်မာနိုင်ငံ အတွင်းတွင် ကီလိုမီတာ ၈၀၀ ( မိုင် ၅၀၀) ရှည်လျားသည်။

သဘာဝဓာတ်ငွေ့ပိုင်းလိုင်း နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်နေမှုအခြေအနေနှင့် ပတ်သက်၍ မဒေးကျွန်းပေါ်ရှိ CNPCကုမ္ပဏီရုံးချူပ်သို့ ဧရာဝတီသတင်းဌာနမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သော်လည်း ဖြေကြားမှုမရှိခဲ့ပေ။

မေလ ၁၀ ရက်နေ့က စီမံကိန်းကို ဆောင်ရွက်နေသော တရုတ်ကုမ္ပဏီ နှစ်ခုက ပိုက်လိုင်းသည် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေနိုင်ကြောင်း တင်ပြသည့် စာနယ်ဇင်းရှင်းလင်းပွဲတခုကို ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။  သတင်းအချက်အလက်များ ထုတ်ပြန်ပေးခဲ့သည် ဆိုသော်လည်း စီမံကိန်း၏ လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများ နှင့် ပတ်သက်၍ အနည်းငယ်သာ ထုတ်ပြန်ပြောကြားခဲ့သည်။

စီမံကိန်း ၏ အဓိကရှယ်ယာပိုင် ကုမ္ပဏီ နှစ်ခုဖြစ်သည့် Southeast Asia Gas Pipeline Company Ltd နှင့် Southeast Asia Crude Oil Pipeline Company Ltd တို့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တရုတ်ကုမ္ပဏီများက စာနယ်ဇင်း အချို့ကိုသာရွေးချယ်ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး အခြားသူများကို တက် ရောက်ခွင့် မပေးခဲ့ပေ။ ဧရာဝတီ နှင့် ဘီဘီစီ သတင်းဌာနမှ သတင်းထောက်များသည် ၎င်းတို့၏ ငြင်းပယ်မှုကြောင့် လှည့်ပြန်ခဲ့ကြရသည်။

တရုတ်ကုမ္ပဏီ၏ ကိုယ်စားလှယ်တယောက်ကမူ ၎င်းတို့နှင့် ကာလရှည်ကြာဆက်သွယ်မှုရှိခဲ့သည့် သတင်းဌာနများမှ သတင်းထောက်များကိုသာ သီးသန့်ရွေးချယ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကုမ္ပဏီက ပိုက်လိုင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ ဝေငှပေးခဲ့သည်။

ပိုက်လိုင်း အနီးတဝိုက် ဒေသ များတွင် ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့သော လူမှုရေးအထောက်အကူပြု လုပ်ငန်းများ အကြောင်းကိုလည်း လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။ ကျောင်းများ၊ ဆေးပေးခန်းများနှင့် အစိုးရ အဆောက်အဦးများကို အမေရိကန်ဒေါ်လာ သန်း၂၀ အကုန်အကျခံကာ ဆောက်လုပ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

လက်ကမ်းစာစောင်တွင် မြေယာများသိမ်းယူခဲ့ခြင်းကို အကျဉ်းမျှသာဖေါ်ပြထားပြီး ပိုက်လိုင်းကြောင့် မြေဆုံးရှုံးခဲ့ရသူများ ကို မည်သို့ ညှိနှိုင်းဆွေးနွေးခဲ့သည်၊ ကန့်ကွက်မှုများကို မည်သို့ဖြေရှင်းခဲ့သည် ဆိုသည့်အချက်များကို တိကျရေရာစွာ ဖော်ပြထားခြင်း မရှိပေ။

လက်ကမ်းစာစောင်ကို သတင်းထောက်များအား ရှင်းပြပြီးနောက် တရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ်များက စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော မေးခွန်း အနည်းငယ်ကို ဖြေကြားခဲ့သည်။ တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ သန်းလေးထောင် ရင်းနှီးခဲ့ရသည် ဟုလည်းသိရှိရသည်။

ပြီးခဲ့သောလများအတွင်းက ရခိုင်ပြည်နယ်ကျောက်ဖြုမြို့နယ် မဒေးကျွန်းမှ ကျေးရွာသူကျေးရွာသား ၄၀၀ ခန့်က ၎င်းတို့ ဆုံးရှုံးခဲ့သည့် မြေများအတွက် မျှတသည့်လျော်ကြေးငွေ မရရှိခြင်းကြောင့် ဆန္ဒပြတောင်းဆိုခြင်းများ ဖြစ်ပွားခဲ့သည်။ ဧပြီ လတွင် ဒေသအာဏာပိုင်များက ဦးဆောင်ဆန္ဒပြခဲ့သည့် ဒေသခံကိုယ်စားလှယ် ၁၀ဦးကို မတရားအသင်းဥပဒေ ဖြင့် ရုံးတင်တရားစွဲ ဆိုခဲ့သည်။

သတင်းထောက်များက တရုတ်စီမံကိန်းတာဝန်ရှိသူများ အနေဖြင့် ထိခိုက်ဆုံးရှုံးခဲ့သော ဒေသခံများအတွက် လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးခြင်း ကဲ့သို့သော အခြားထောက်ပံ့ကူညီမှုမျိုး ပြုလုပ်ပေးရန်ရှိမရှိ မေးမြန်းရာ ကိုယ်စားလှယ်က “အခြေခံအဆောက်အဦးတွေ ဖြည့်ဆည်းပေးဖို့ အတွက် ကုမ္ပဏီမှာ တာဝန်မရှိပါဘူး။ ကျနော်တို့ရဲ့ အဓိကတာဝန်က အစိုးရက ချမှတ်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ ဆောင်ရွက် ဖို့နဲ့ အခွန်ပေးဆောင်ဖို့ပါပဲ” ဟု ဖြေကြားခဲ့သည်။

တရားစွဲခံထားရသူ မဒေးကျွန်းပေါ်ရှိ ပန်းထိန်ဆည်ရွာသား ဦးတင်ဦးကျော်က ဧရာဝတီသို့“ ကျွန်းပေါ်မှာ စာသင်ကျောင်းနဲ့ ရေရအောင် ကျနော်တို့မတောင်းခဲ့ပါဘူး၊ သူတို့ဘာသာလုပ်သွားတာ အခုကျနော်တို့ တကယ်လိုအပ်တာတွေကို ကျနော်တို့ တောင်းဆိုနေတာပါ ” ဟု ပြောဆိုသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအား ယခင်နိုင်ငံတော်အကြီးအကဲဟောင်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့် လက်ရှိတရုတ် သမ္မတရှိကျင်းဖျင့် တို့က ၂၀၀၉ ခုနှစ်က သဘောတူလတ်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading