Politics

NLD ပါတီဝင်ဟောင်း ၄ ဦး လျှောက်လွှာတင်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မတ်လအတွင်း ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွင်း NLD ပါတီဝင် အဖြစ် လျှောက်ထားမှုကို လက်မခံရန် ဆုံးဖြတ်ခဲ့သော ယခင် NLD ပါတီဟောင်း အမတ် ၂ ဦးနှင့် အဖွဲ့ဝင် ၂ ဦးကို  ပါတီဝင် အဖြစ် ပြန်လည်လျှောက်ထားရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

NLD က ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံတင်ခြင်း မပြုဘဲ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့ချိန်က အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) သို့ ဝင်ရောက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြသော လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း အပါအဝင် ပါတီဝင်ဟောင်း ၄ ဦးတို့က NLD ပါတီ စတင်မှတ်ပုံတင်ချိန်တွင် ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားခဲ့ကြကြောင်း၊ ယင်းသို့ လျှောက်ထားမှုကို ယခုနှစ် မတ်လ အတွင်း ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံလုံး ဆိုင်ရာ ဗဟိုညီလာခံက ပယ်ချခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပါတီဝင်လျှောက်လွှာများ ပြန်လည်ပေးပို့ရန် တောင်းဆိုမှုများရှိခဲ့ကြောင်း NLD မှ တာဝန်ရှိသူများက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပါတီဝင်ဟောင်းတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်းက ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်သစ် အဖြစ် လျှောက်လွှာ ပြန်တင်ခိုင်းတယ်။ အဲဒီလူတွေနဲ့ အဖွဲ့ချုပ်က တချို့ကိစ္စတွေမှာ ထိတွေ့မှု ရှိနေပါတယ်” ဟု NLD မှ တာဝန်ရှိသူတဦးက ပြောသည်။

မတ်လအတွင်း ကျင်းပခဲ့သည့် NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပါတီသို့ ပြန်လည် ဝင်ရောက်ခွင့် လျှောက်ထားကြသည့် ပါတီဝင်ဟောင်း ၄ ဦးဖြစ်သော မြောက်ဥက္ကလာပ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ မန္တလေးတိုင်းမှ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်လက်ခံရေး၊ မခံရေးကို တနိုင်ငံလုံးမှ ညီလာခံ ကိုယ်စားလှယ်များက မဲခွဲ ဆုံးဖြတ်ခဲ့ကြပြီး ပြန်လည် လက်မခံလိုသော ဆန္ဒမဲ ၄၆၂ မဲ၊ လက်ခံလိုသော မဲ ၃၁၆ မဲဖြင့် ပါတီဝင် အဖြစ် လက်မခံရန် ဆုံးဖြတ်ခဲ့သည်။

NLD ၏ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကမူ ပါတီဝင်ဟောင်း ၄ ဦး၏ လျှောက်လွှာ ပယ်ချမှုသည် ပါတီ၏ မူဝါဒ မဟုတ်ဘဲ ညီလာခံကသာ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ပါတီဝင်ဟောင်းများ ပြန်လည် လျှောက်ထားမှု ရှိလာပါကလည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့က သင့်တော်သလို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပါတီဝင်ဟောင်း ၄ ဦးကို ပါတီဝင်အဖြစ် ပြန်လက်ခံရေး အတွက် မကြာမီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“အခုအချိန်က အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ရမယ့်အချိန်ဆိုတော့ သိပ်မကြာခင် အားလုံး အဆင်ပြေပြေ ဖြစ်သွားမှာပါ” ဟု NLD တာဝန်ရှိသူက ပြောသည်။

NLD သို့ ပါတီဝင်အဖြစ် ဝင်ရောက်ရန် လျှောက်လွှာတင်ထားသော လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က မိခင်ပါတီသို့ မိမိပြန်လည်ဝင်ရောက်ရန် ပါတီ ပြန်လည်မှတ်ပုံတင်ချိန် ကတည်းက တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အခုလည်း ပါတီဝင်အဖြစ် လျှောက်လွှာ ထပ်တင်ထားပါတယ်။ ပါတီ ပြန်မှတ်ပုံတင်ကတည်းက ပါတီဝင်အဖြစ် ပြန်လျှောက် ထားခဲ့တာပါ။ ညီလာခံက ပါတီဝင်အဖြစ် လက်မခံဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကျနော်ကတော့ ပါတီဝင်အဖြစ် လျှောက်လွှာ ထပ်တင် ခဲ့ပါတယ်” ဟု ဦးကြည်မြင့်က ဆိုသည်။

ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းကမူ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ  ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်၊ NLD ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီတွင်း ညီညွတ်ရေးနှင့် ပါတီပြန်လည် တည်ဆောက်ရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ပြီး ရွေးကောက်ပွဲကာလ ပါတီတွင်း ဖြစ်ပေါ်လာနိုင်သော ပြဿနာများ အတွက်လည်း ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်လာချိန်တွင် NLD မှ ခွဲထွက်ခဲ့သော နိုင်ငံရေးပါတီများမှ ပါတီဝင်များ NLD သို့ ကူးပြောင်းခဲ့ကြရာတွင် NDF မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးသည် NLD ပါတီသို့ ပထမဆုံး ကူးပြောင်း ခဲ့သော လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည်။

Loading