ထောင်ကြွေးကျန် ၆ နှစ် ချမှတ်ခံရတဲ့ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ ခေါင်းဆောင် ဦးနေမျိုးဇင်ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ် အကောင့် အဟက်ခံရပြီး တပတ်အကြာမှာ ဟက်ကာတွေလက်ကနေ ပြန်ရသွားပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်း မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ရဲ့ ဖေ့စ်ဘုတ် အကောင့်ကို Myanmar Hackers ဆိုတဲ့အဖွဲ့က ယခုလ ၆ ရက်နေ့ကတည်းက တိုက်ခိုက် ဝင်ရောက်ခဲ့တာဖြစ်ပြီး မိတ်ဆွေတဦးရဲ့ အကူအညီနဲ့ အကောင့်ကို အခု ပြန်ရပြီလို့ ဦးနေမျိုးဇင်ရဲ့ ဇနီး ဒေါ်ဇင်မျိုးမော်က ပြောပါတယ်။
“၆ ရက်နေ့ကတည်းက အတိုက်ခံရတာ။ အဲဒါ ကျမမိတ်ဆွေရဲ့ သူငယ်ချင်း ‘မဟာ လူသား’ ဆိုတဲ့ ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင် တယောက်က ကူညီပြီး ပြန်ယူပေးခဲ့တာ မနေ့ညကတည်းက ပြန်သုံးလို့ရနေပါပြီ” လို့ ဒေါ်ဇင်မျိုးမော်က ဧရာဝတီကို ပြောပါတယ်။
ဟက်ကာတွေက အကောင့်ကို ဟက်ပြီးနောက် ဦးနေမျိုးဇင်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဦးနေမျိုးဇင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို သိက္ခာကျစေမယ့် အကြောင်းအရာတွေ တင်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ စစ်တပ်ကို သွယ်ဝိုက် အမွှန်းတင် ရေးသားတာတွေကိုလည်း ပုံတွေနဲ့ တင်ထားတာ တွေ့ရပါတယ်။
ဦးနေမျိုးဇင် ဖေ့စ်ဘုတ်ကို ပြန်လည်ရယူပေးသူ မဟာ လူသားဆိုသူရဲ့ ထုတ်ဖော်ပေးချက်အရ တိုက်ခိုက်တဲ့သူဟာ ရန်ကုန်မြို့ ဧရိယာအတွင်း နေထိုင်သူဖြစ်ပြီး အကောင့် ပြန်လည် ရယူပြီးနောက်ပိုင်းမှာလည်း ထိုးဖောက်ဝင်ရောက်ဖို့ ဆက်ကြိုးစားနေတာ တွေ့ရကြောင်း ပြောပါတယ်။
“ဖြစ်ကြောင်း အကုန်ကို အများသိအောင် status မှာ ရေးထားပြီး ဖြစ်ပါတယ်။ ကျနော့် info အနေနဲ့ public လုပ်နိုင်တာကို လုပ်ပေးထားပါတယ်” လို့ သူက ဆိုပါတယ်။
“ကိုနေမျိုးဇင် အကောင့်ကို ခိုးသွားတဲ့ ဟက်ကာများ အနေနဲ့ ကျနော် တခုပြောပါရစေ။ ကျနော်တို့တွေ နည်းပညာကို လေ့လာနေတယ်ဆိုတာ ကိုယ်မကျေနပ်တဲ့ သူကို တိုက်ခိုက် အရှက်ခွဲဖို့လား၊ နာမည်ဖျက်ဖို့လား၊ ဒီလောက်နဲ့တော့ ဒီပညာတွေကို အချိန်ကုန်လေ့လာနေတာ နှမျောဖို့ ကောင်းပါတယ်” လို့ ဦးနေမျိုးဇင် ဖေ့စ်ဘုတ် အကောင့်ကို ပြန်လည်ရယူပြီး ထိန်းသိမ်းပေးဆဲ ကာလမှာ မဟာ လူသားဆိုသူက မှတ်ချက်ပေး ရေးသား ထားပါတယ်။
ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်ရှိ လယ်သမားများကို အကူအညီပေးနေစဉ် ရဲဝန်ထမ်းများ လာဘ်စားကြောင်း ပြောဆိုမှုနဲ့ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ နဲ့ ဦးနေမျိုးဇင်ကို ပန်းတနော် ရဲမှူးက တရားလိုလုပ် တရားစွဲတာပါ။
ပန်းတနော် မြို့နယ် တရားရုံးက မေလ ၂ ရက်နေ့မှာ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ၂ သောင်းကျပ် သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်ရာမှာ ဦးနေမျိုးဇင်က ထောင်ဒဏ် ၃ လကို ရွေးခဲ့ပါတယ်။ အဲဒီနောက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ထောင်ကြွေးကျန် ၆ နှစ်ကို ထပ်မံ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ရက်ကတော့ သူနဲ့ တွေ့ခဲ့ရတယ်၊ နှိပ်စက်တာတွေဘာတွေတော့ မရှိဘူးလို့ပြောတယ်။ ဒါပေမယ့် သူ့ခါးက ဒဏ်ရာဟောင်းက ပြန်နာနေတယ်လို့တော့ ပြောတယ်” လို့ ဒေါ်ဇင်မျိုးမော်က ပြောပါတယ်။
ဦးနေမျိုးဇင် လွတ်မြောက်ရေးအတွက် ပန်းတနော်၊ မအူပင် အပါအဝင် မြို့နယ်ပေါင်း ၁၄ မြို့နယ်က လယ်သမားတွေက အခုလ ၁၆ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး စာတင်ပြီး တောင်းဆိုသွားမယ်လို့ ပန်းတနော်မြို့နယ် တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ ခေါင်းဆောင် ဦးသိန်းဝင်းက ဆိုပါတယ်။
“ဗိုလ်ကြီးနေမျိုးဇင် အမှုမှာ ပုဒ်မ ၂ ခုလုံးက မတရားဘူး၊ မမှန်ကန်တဲ့ ဥပဒေတွေနဲ့ စည်းကမ်းပြည့် ဒီမိုကရေစီဆိုပြီး ကြေညာနေတာတွေနဲ့က ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေတယ်ဗျ။ သမ္မတကိုယ်တိုင် ပေးထားတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ဟာလည်း နိုင်ငံရေးသမားတွေကို ၄၀၁ ဆိုတဲ့ နှောင်ကြိုးကြီးနဲ့ဗျ။ ဒါကိုလည်း ကျုပ်တို့က လက်မခံဘူး” လို့ ဦးသိန်းဝင်းက ဧရာဝတီကို ပြောပါတယ်။
သူက ဆက်ပြီး “ဗိုလ်ကြီးနေမျိုးဇင်ကို ဖမ်းပြီးကတည်းက အဲဒီလှုပ်ရှားမှုမှာပါတဲ့ လူတွေကို နေ့တိုင်း လိုက်ဖမ်းနေတာ တည်တည်ငြိမ်ငြိမ်ကို မနေရဘူး။ တည်ငြိမ်မှုကို ပျက်ပြားအောင် ရဲတွေကပဲ လုပ်နေတာ၊ ပြည်သူက မလုပ်ဘူး။ ပြည်သူတွေက အလုပ်ခံရလို့သာ ပြန်ပြောနေရတာ” လို့ ဆိုပါတယ်။