မြန်မာ့တပ်မတော်၏ လေးလပတ် အစည်းအဝေး (တပ်မှူးများ ညီလာခံ) ကို ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပသည်။
ဤအစည်းအဝေးသို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မမှူးများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းမှ သိရသည်။
“ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ SSA တောင်ပိုင်းတပ်တို့၊ KIA တပ်တို့ကို နယ်မြေအခိုင်အမာ မပေးဘဲ ရှင်းလင်းရေးကိစ္စတွေ ဆွေးနွေးဖို့များတယ်” ဟု စစ်ဘက်နှင့် နီးစပ်သူက တဦးက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း ကွမ်လုံ၊ ကွတ်ခိုင်၊ သိန္ဒီ စစ်ဗျူဟာများကြားရှိ လှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) ဌာနချုပ် လွယ်ခမ်မုန်းကို တက်ရောက် သိမ်းပိုက်ခဲ့သည့်အပြင် နမ့်ခမ်းမြိုနယ်အတွင်း လာရောက် အခြေစိုက်သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့များကိုလည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အလားတူ “ဝ” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) ၏ ပန်ဆန်းမြို့ကို အပေါ်စီးမှ ထိန်းချုပ်ထားနိုင်သော လွယ်လန်းတောင်ကြောကို မကြာသေးမီက သိမ်းယူလိုက်ခြင်းဖြင့် UWSA စခန်းများ လက်နက်ကြီး တကမ်းသို့ ရောက်ရှိသွားသည့် အပြင် SSA နှင့် UWSA အကြားရှိ ဆက်သွယ်ရေး လမ်းကြောင်းများကိုပါ ဖြတ်တောက်ခဲ့သည်။
ဒေသတွင်းရှိ စစ်ရေးလေ့လာသူများက မြန်မာတပ်မတော်၏ လူမျိုးစု လက်နက်ကိုင်များအပေါ် ထားရှိသည့်သဘောထားမှာ နယ်မြေပိုင်ဆိုင်မှုနှင့် အင်အားသေးငယ်စေရန် ဖြစ်ပြီး၊ ထိန်းချုပ်မှုများ ပြုလုပ်ရန်ဖြစ်သည်ဟု သုံးသပ်သည်။
ထို့ကြောင့်လည်း အစိုးရဝန်ကြီးများဖြစ်သည့် ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့ ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) နှင့် ဆွေးနွေးစေပြီး တဖက်မှ နယ်မြေ ထိန်းချုပ်စိုးမိုးမှုများကို ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။
နယ်စပ်ဒေသရှိ စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် ဦးအောင်ကျော်ဇောက “နိုင်ငံတကာ မျက်နှာစာမှာ တိုင်းရင်းသားတွေကို တိုက်တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ထွက်မလာအောင် ဆွေးနွေးမယ် ပြီးရင် ထိန်းချုပ်မယ်၊ အင်အားသေးပြီး ပျောက်အောင် လုပ်တဲ့သဘောကို ကျင့်သုံးနေတာ” ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက UWSA တပ်ဖွဲများ အနေဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး ရရှိထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ထို့အတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့သည် UWSA ခေါင်းဆောင်များဖြစ်သည့် ဦးရှောက်မီလျှံ၊ ဦးပေါက်ရီယိုတို့နှင့် မေလ ၁၀ ရက်နေ့က ကျိုင်းတုံမြို့တွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် UWSA က ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ ငြင်းဆိုသွားပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရန်နှင် “ဝ” အထူးဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်အဖြစ် ခွင့်ပြုရေးကို တောင်းဆိုသွားသည်။