Crime

မိုးမိတ် ရဲစခန်းတွင် စစ်ချက်ယူရင်း အချုပ်သားတဦး သေဆုံးမှုဖြစ်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် ရဲစခန်းမှ စစ်ဆေးနေဆဲ အချုပ်သားတဦး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေ ဆုံးမှု တခု ဖြစ်ပွားသည်။

ထိုသေဆုံးမှုအတွက် တာဝန်ရှိသူများကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ယနေ့ ရက်စွဲဖြင့် ရှမ်းပြည်နယ် ဝန်ကြီး၊ မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့ထံ လိပ်မူပြီး တိုင်ကြားစာ ပေးပို့လိုက်သည်ဟု ကျန်ရစ်သူ မိသားစုက ပြောသည်။

မိုးမိတ်မြို့နယ် ရဲစခန်းတွင် စစ်ချက်ယူရင်း သေဆုံးသွားသူမှာ အသက် ၃၈ နှစ်အရွယ်ရှိ ကိုသောင်းဦး ဆိုသူ ဖြစ်သည်။ မန္တလေး တက္ကသိုလ်တွင် ဒဿနိက အထူးပြုဘာသာ တွဲနှင့် ဝိဇ္ဇာဘွဲ့ ရခဲ့ပြီး အခင်းမဖြစ်ပွားခင် အချိန်တွင် မိဘများနှင့် နေထိုင်၍ သစ်စက် တွင် စက်ပြင်လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ကျောက်မဲခရိုင် မိုးမိတ်မြို့နယ်ရှိ မန်ကျည်းပင်ရွာ အောင်စည်ဘုန်းမြင့် ဘုန်းကြီးကျောင်းတွင် တရားမဝင် သစ်စက်များ လုပ်ကိုင်နေသည်ဆိုသော စွဲချက်ဖြင့် ကိုသောင်းဦးကို သစ်တောအထူးအဖွဲ့မှ ဖမ်းဆီးခြင်းခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောပြသည်။

ထို့နောက် ကိုသောင်းဦးကို မိုးမိတ် တရားရုံး၌ ခေါ်ယူစစ်ဆေးခဲ့ပြီး အာမခံမပေးဘဲ မိုးမိတ် ရဲစခန်း အချုပ်ခန်းတွင် ချုပ်နှောင် ထား ခဲ့ကြောင်း သိရသည်။

ချုပ်နှောင်ခံရပြီး ၃ ရက်မြောက်သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကိုသောင်းဦး ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်ရသည်ဟု မိုးမိတ် ရဲစခန်းက အကြောင်းကြားလာကြောင်း၊ ထို့ကြောင့် မိုးမိတ်မြို့ ပြည်သူ့ဆေးရုံသို့ လိုက်သွားရာ ရင်ခွဲရုံတွင် ဒဏ်ရာများဖြင့် သေဆုံးနေသော ကိုသောင်းဦးကို တွေ့ကြရကြောင်း မိသားစုဝင်များက ဧရာဝတီ ပြောပြသည်။

“ကျမမောင်က သူတို့ ဖမ်းဆီးစဉ်အချိန်တုန်းက ကျန်းမာရေး အလွန်ကောင်းပါတယ်။ သေဆုံးတော့ ဦးခေါင်းမှာ ကွဲပြဲနေတယ်။ မျက်နှာမှာ ဆိုရင်လည်း အညိုမည်းကွက်တွေနဲ့။ ခန္ဓာကိုယ်အနှံ့ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေဆိုတာ မြင်လို့ မကောင်းပါဘူး။ ဆေးစာအရ ဘယ်လိုသေဆုံးတယ်ဆိုတာ မသိရပေမယ့် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့တာပါ။ ဒါကို ဥပဒေအရ မှန်မှန် ကန်ကန် ဖြစ်စေချင်ပါတယ်”ဟု သေဆုံးသူ၏ အစ်မအရင်း ဖြစ်သည့် မစန်းစန်းဦးက ပြောသည်။

သေဆုံးသွားသော ကိုသောင်းဦးသည် မိုးမိတ်ဆေးရုံ ရင်ခွဲရုံ၌ ခြေထောက်များတွင် အညိုမည်းများ၊ မျက်နှာပြင်အနှံ့ သွေးထွက် ဒဏ်ရာများ ရရှိထားသည်ကို ဓာတ်ပုံ မှတ်တမ်းများအရ တွေ့ရှိရသည်။

မစန်းစန်းဦးက“သေဆုံးသူ ဘာကြောင့် ဘယ်လို သေဆုံးရတယ်ဆိုတဲ့ ဆေးစာကို ကျမတို့ကို ဘယ်သူမှ မပေးပါဘူး။ မိုးမိတ် ဆေးရုံအုပ်ကြီး ကတော့ အဆုတ်က ထွက်လာတဲ့အရည်တွေနဲ့ ကျောက်ကပ်က ထွက်လာတဲ့ အရည်တွေက အသက်ရှုလမ်းကြောင်းမှာ ပိတ်မိပြီး သေဆုံးခဲ့ရတာပါလို့ ကျမတို့ကို ပြောပါတယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ၂ ရက်နေ့က မိုးမိတ်မြို့နယ် မယက မှ ယခု အမှုနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေး မေးမြန်းမှု ပြုလုပ် သော် လည်း ငွေကြေးယူ၍ ကျေအေးရန်၊ အမှုကို ဆက်လက်မဖွင့်ရန် ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း မစန်းစန်းဦးက ပြောပြ သည်။

ယခုအမှုနှင့် ပတ်သက်ပြီး မိုးမိတ်မြို့နယ် ရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများကို တရားဥပဒေကြောင်းအရ အရေးယူနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု(MDCF)က ကူညီ ဆောင်ရွက် ပေးနေကြောင်းလည်း သိရသည်။

“သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော့်ကို လာတိုင်ပင်တယ်။ ကျနော်ကဦးဆောင်ပြီး ပြည်ထဲရေးနဲ့တခြားအဖွဲ့စည်းတွေကို တင်ပြ ပြီး အဖြစ်မှန် ပေါ်ပေါက်ဖို့ ကြိုးစားသွားမယ်။ ကာယကံရှင်တွေက ဘာမှ မသိတော့ သူတို့က ဒီကိစ္စကို ဖုံးကွယ်ထားကြတယ်။ ဖုံးကွယ်ထားတဲ့ စခန်းမှူးကော၊ ဒီအမှုကို ဆက်မလုပ်ဖို့ပြောတဲ့ မြို့နယ်မှူးကိုပါ တရားစွဲဆိုသွားမှာပါ။ ဥပဒေရဲ့အထက်မှာ ဘယ်သူ မှ ရှိလို့ မရပါဘူး။ မည်သူမဆို တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ခံယူရမှာ ဖြစ်ပါတယ်”ဟု MDCF မှ ကိုထင်ကျော်က ဧရာဝတီကို ပြော သည်။

မိုးမိတ်မြို့နယ် ရဲစခန်းနှင့် မယက ရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ယင်းအမှုကိစ္စကို မသိရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

ဥပဒေ အကျိုးဆောင် ရှေ့နေ ဦးမြင့်သွင်က“တရားစွဲအဖွဲ့စည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ အနေနဲ့က တရားခံတွေကို ညှဉ်းပန်းနှိပ်စက်ခွင့်နဲ့ အသက်ဆုံးရှုံးအောင် လုပ်ပိုင်ခွင့် မရှိပါဘူး။ တကယ်လို့ တရားစွဲတဲ့ ရဲတပ်ဖွဲ့တွေအနေနဲ့ တရားခံတွေကို ညှဉ်းပန်းနှိပ်စက်လို့ အသက်အန္တရာယ် ဆုံးရှုံးခဲ့မယ်ဆိုရင် နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၄)အရ  အဲဒီဝန်ထမ်း၊ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင် အဖွဲ့စည်းမှာ ရှိတဲ့လူတွေကို တိုင်လို့ ရတယ်။ အဲဒီအဖွဲ့စည်းတွေက နိုင်ငံသားတွေကို နိုင်ထက် စီးနင်း လုပ်ခဲ့တယ် ဆိုရင် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမ နစ်နာမှုအရ ဖြစ်စေ နိုင်ငံသားများ ကာကွယ်ရေး ဥပဒေပုဒ်မ ၁၇ အရ ပြန်လည် တရားစွဲလို့ရပါတယ်”ဟု ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး မန္တလေး ပြည်သူလူထု၊ လူမှု အသင်းဖွဲ့များနှင့် မီဒီယာများကလည်း မေလ ၁၄ ရက်နေ့က ၈၄ လမ်း ဒိုင်းမွန်းဟောက်စ် ခန်းမတွင် ကျင်းပသည့် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေမှုများ(၄) ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးကြသည်။

Loading