သတင်း

ရန်ကုန် - ဒလ ကူးတို့ခ နှစ်ဆတိုးသဖြင့် ခရီးသည်ဦးရေ လျော့ကျ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်နှင့် ဒလသို့ သွားသော ကူးတို့သင်္ဘောခ ဈေးနှုန်းကို ယခင်က ကျပ် ၅၀ ကောက်ခံရာမှ ဧပြီလ ၂၈ ရက်နေ့မှ စ၍ ၁၀၀ ကျပ်အဖြစ် နှစ်ဆတိုးမြှင့် ကောက်ခံသည့်အတွက် နေ့စဉ် လိုက်ပါစီးနင်းသော ခရီးသည်ဦးရေ ပျမ်းမျှ ၁ ထောင် ဝန်းကျင်ခန့်အထိ လျော့သွားကြောင်း သိရသည်။

ယခင်က ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနသည် နိုင်ငံတော်၏ ထောက်ပံ့ကြေးဖြင့် ရပ်တည်နေရာမှ ယခု ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်မှစပြီး မိမိတို့ဌာန ဝင်ငွေဖြင့်သာ ရပ်တည်ရမည် ဖြစ်သောကြောင့် ဈေးနှုန်းကို အနည်းငယ် မြှင့်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးရှိန်ရောက ပြောသည်။

“တပ်မတော် အစိုးရလက်ထက် ကတော့ ပြည်သူအတွက် ရှုံးရင် ရှုံးပါစေ အရှုံးခံပြီးလုပ် ဆိုပြီး ဝန်ဆောင်မှုလုပ်ငန်း တခုလို လုပ်ခဲ့တာ။ အခုတော့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ဆိုတော့ ဌာနရပ်တည်ဖို့ ဝင်ငွေတွေ လိုအပ်လာတာကြောင့် အခုလို ၁၀၀ တိုးလိုက်တာပါ” ဟု ဦးရှိန်ရောက ရှင်းပြသည်။

ရန်ကုန် – ဒလ ကူးတို့ခ တိုးမြှင့်ကောက်ခံရန်အတွက် သတင်းစာ ရှင်းလင်းပွဲများ ကြိုတင်ပြုလုပ် ထားသကဲ့သို့ ပြည်သူများကို ကြိုတင် အသိပေးထား သော်လည်း တချို့သော သတင်းဌာနများနှင့် ပြည်သူများက ထိုကိစ္စရပ်အား ကြိုတင် အသိမပေးဘဲ တိုးမြှင့်လိုက်သည်ဟု ပြောဆိုနေကြောင်း ၎င်းက ဆိုသည်။

“အရင်က ၅၀ ကောက်ရာကနေ ၁၀၀ ကောက်တိုးလိုက်တာဟာ ပြည်သူတွေအတွက် ထူးထူးခြားခြား မပြောင်းလဲ သွားနိုင် လောက်ဘူးလို့ ကျနော်တို့ထင်ပါတယ်။ ပြည်သူတွေ အဆင်ပြေနိုင်မယ့် နှုန်းထားမဖြစ်ဘဲ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်မယ့် အရာကိုတော့ ကျနော်တို့ မလုပ်ပါဘူး” ဟု ဦးရှိန်ရောက ဧရာဝတီသို့ ပြောသည်။

ကူးတို့ခ တိုးလိုက်သည့် နောက်ပိုင်းမှစ၍ ခရီးသွား ပြည်သူတချို့မှာ ယခင်ကကဲ့သို့ သင်္ဘောဖြင့် မသွားကြတော့ဘဲ သမ္ဗာန်များဖြင့်သာ ပိုမို သွားလာကြရာ ခရီးသည်ဦးရေ လျော့သွားသည်ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ် ဌာနခွဲရုံးမှ ရုံးအုပ် ဦးစန်းထွန်းက ဆိုသည်။

“သမ္ဗာန်လည်း ၁ ရာ၊ သင်္ဘောလည်း ၁ ရာ ဈေးချင်းက တူသွားတော့ အချိန်တိုနဲ့ ရောက်တဲ့ သမ္ဗာန်ကိုပဲ ရွေးကြတယ်။ အရင်ကတော့ သင်္ဘောက ၅၀၊ သမ္ဗာန်က ၁ရာလေ။ ဒီတော့ ခရီးသည်ဦးရေက နည်းနည်း ကွာလာတာပေါ့။ အရင်က တရက်ကို ၂ သောင်း ၇ ထောင်ကျော် လောက်သွားတယ်။ အခုတော့ ၂ သောင်း ၆ ထောင် လောက်ပဲ ဖြစ်သွားတယ်” ဟု ဦးစန်းထွန်းက ပြောသည်။

ကူးတို့ခကို ၅၀ ကျပ်မှာ ၁၀၀ ကျပ် တိုးမြှင့် ကောက်ခြင်းအပေါ် ခရီးသည်များက မကျေနပ်ချက်များ ပြောဆိုခြင်း မရှိကြောင်း၊ ယခုခေတ် အခြေအနေအရ ကျပ် ၁၀၀ ဆိုသည့် ဈေးနှုန်းမှာ များသည်ဟု ဆို၍ မရနိုင်ကြောင်း၊ လိုင်းကား စီးမည်ဆိုလျှင် အနည်းဆုံး ကျပ် ၁ ရာခန့်ရှိကြောင်း ၎င်းက ဆက်လက်ဆိုသည်။

“သင်္ဘောနဲ့ သွားရင်တော့ ကြာတာပေါ့။ သမ္ဗာန်နဲ့ သွားရင် ပိုမြန်တယ်။ ဒီတော့ သမ္ဗာန်နဲ့ပဲ သွားတယ်။ ဈေးနှုန်းချင်းကလည်း အခုဆို တူနေပြီဆိုတော့ မြန်မြန်ရောက်တာနဲ့ပဲ သွားတယ်” ဟု သမ္ဗာန်ဆိပ်တွင် ဈေးရောင်းချနေသူ ကိုမျိုးဝင်းက ပြောသည်။

ရန်ကုန် – ဒလ ကူးတို့ခကို ဧပြီ ၂၈ ရက်နေ့က ကျပ် ၁၀၀ စတင်ကောက်ခံရာ ခရီးသည်များအကြားတွင် မည်သည့် ထူးခြားချက်၊ အပြောင်းအလဲများ မဖြစ်ခဲ့သော်လည်း ယခုလ ၁၂ ရက်နေ့က လူဦးရေ ၂၀ ခန့် ပါဝင်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကူးတို့ခ တိုးမြှင့်ကောက်ခြင်းအား ဆန္ဒပြကြသည်ကို မိမိအနေဖြင့် မည်သို့မျှ မပြောလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများအား အသက်သာဆုံး နှုန်းထားဖြစ်ရန် စီစဉ်ထားခြင်းကြောင့် ကူးတို့ခအား ယခင်အတိုင်း ပြန်လည်၍ လျှော့ချပြီး ကောက်မည် မဟုတ်ကြောင်း ဦးရှိန်ရောက ပြောသည်။

“အရင်က ဒလနဲ့ ရန်ကုန် ကူးတို့ခကို ငွေကျပ် ၁၀ ကောက်ရာကနေ ၂၀၁၁ သြဂုတ်လ ၁ ရက်နေ့မှာ ကျပ် ၅၀ တိုး ကောက်တယ်၊ ဒီနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ၁၀၀ ပြောင်းလဲ ကောက်တယ်။ အရင်တုန်းက ကူးတို့ခ တိုးကောက်ရင် ဘာမှ မဖြစ်ဘူး။ အခုမှ ဆန္ဒပြတာတွေ ဖြစ်လာတာ။ အခုလိုဖြစ်တာ ပထမဆုံးပဲ” ဟု ၎င်းက ဆိုသည်။

ဒလနှင့် ရန်ကုန်ကူးသော ကူးတို့ဇက်သင်္ဘော ၄ စင်းရှိပြီး ၎င်းတို့မှာ တပင်ရွှေထီး၊ ကျန်စစ်သား၊ အနော်ရထာ၊ ထီးလှိုင်ရှင်တို့ ဖြစ်ကာ ထိုယာဉ်များသည် တရက်လျှင် အသွားအပြန် ၄၆ ခေါက် ကူးသန်းနေရကာ အခြမ်းရေအားဖြင့် ၉၂ ခြမ်း သွားနေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် အရှုံးခံပြီး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ရာတွင် တနှစ်လျှင် ပျမ်းမျှအားဖြင့် ကျပ်သန်းပေါင်း ၂ ထောင့် ၅ ရာမှ ကျပ်သန်းပေါင်း ၄ ထောင်ခန့် အထိ အရှုံးခံ ကုန်ကြမှုများ ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading